မျောက်မီးခဲကိုင်မိတဲ့ တာလီဘန်တွေရဲ့ ထီပေါက်ပီး ထီလက်မှတ်ပျောက်ရတဲ့ အဖြစ်

အာဖဂန်နစ္စတန်မှာ နှစ် ၂၀ ကြာ ဆင်နွှဲခဲ့တဲ့ အမေရိကန်စစ်တပ်ဟာ သူတို့ရဲ့ နောက်ဆုံး စစ်လေယာဉ်ကို ကာဘူးလ် လေဆိပ်ကနေထွက်ခွာခဲ့ပြီးနောက် အမေရိကန်ရဲ့ အရှည်ကြာဆုံး စစ်ပွဲကို အဆုံးသတ်လိုက်ပါပြီ။ C17 စစ်လေယာဉ် မှာ အမေရိကန် သံအမတ်ကို တင်ဆောင်လာပြီး ကာဘူးလ် လေဆိပ်က ထွက်ခွာလာတယ်လို့ တာဝန်ရှိတဲ့ သူတွေအတည်ပြုပါတယ်။ နောက်ဆုံး အချိန်မတိုင်မီ ထွက်မလာနိုင်သူတွေအတွက်တော့

သံတမန်အစီအစဉ်တစ်ခုကို စီစဉ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ကာဘူးလ်လေဆိပ်ကနေ အမေရိကန်စစ်တပ်ရဲ့ နောက်ဆုံးလေယာဉ်ထွက်ခွါသွားချိန်မှာပဲ အာဖဂန်နေရာအနှံ့က တာလီဘန်တပ်တွေက မိုးပေါ်ထောင်သေနတ်တွေပစ်ပြီး တညလုံးအောင်ပွဲခံခဲ့ကြပါတယ်။ အမေရိကန်ဝတ်စုံအပြည့်နဲ့ တာလီဘန်အထူးတပ်ဖွဲ့တွေက လေဆိပ်ထဲကို ဝင်ပြီး ရှာဖွေရှင်းလင်းရာမှာ လေယာဉ်ဂိုဒေါင်တွေထဲက အမေရိကန်စစ်ရဟတ်ယာဉ်တွေကိုတွေ့တော့ ထပ်မံ အောင်ပွဲခံပစ်ခတ်ပါတယ်။

တနိုင်ငံလုံး မိုးပေါ်ထောင်အောင်ပွဲခံပစ်တဲ့ကျည် သိန်းဂဏန်းရှိတယ်ဆိုပါတယ်။ နယ်ချဲ့တွေကျဆုံးလို့ လွတ်လပ်တဲ့ အာဖဂန်နိုင်ငံတော်စတင်ပြီဆိုပြီး တာလီဘန်ခေါင်းဆောင်တွေက ကာဘူးလ်နိုင်ငံတကာလေဆိပ်ကို ချီတက်အောင်ပွဲခံပါတယ်။ လေဆိပ်တခုလုံးလှဲ့လည်စစ်ဆေးပါတယ်။ ပြသနာက အဲဒီလေဆိပ်မှာစတာပါပဲ။ လေဆိပ်ကို အမေရိကန်စစ်တပ်က ထိမ်းချုပ်ကိုင်တွယ်ခဲ့တာဖြစ်တာမို့
အရေးကြီးတဲ့နေရာမှန်သမျှကို အမေရိကန်စစ်တပ်ကပဲ တာဝန်ယူခဲ့တာပါ။ အမေရိကန်တပ်တွေ အပြီးဆုတ်ခွါချိန်မှာ လေဆိပ်ကို တာဝန်ယူမဲ့သူက ဘယ်သူမှမရှိတော့ပါဘူး။ အရေးပါတဲ့ အာဖဂန်ဌာနေလေဆိပ်ဝန်ထမ်းတွေနဲ့ ပညာရှင်တွေကိုလည်း အမေရိကန်တပ်က ခေါ်ထုတ်သွားပါတယ်။ အာဖဂန်လေတပ်က လေယာဉ်မှူးတွေအားလုံးနီးပါးကလည်း ထွက်ပြေးကုန်ပြီဖြစ်ပါတယ်။ အလကားရတဲ့ ရဟတ်ယာဉ်တွေ လေယာဉ်တွေသာမကလေဆိပ်ကို ဘယ်လို စီမံရမလဲဆိုတာတွေကို တာလီဘန်ခေါင်းဆောင်တွေက တခါမှ တွေးမထားသလို လက်ဝယ်ပိုင်ဆိုင်ရလိမ့်မယ်လို့လည်း အိပ်မက်တောင်မမက်မိကြဘူးဆိုပါတယ်။

”မင်းတို့ ငါတို့မရှိရင် လေဆိပ်ကို ဆက်လက်ဖွင့်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထား” လို့ အမေရိကန်စစ်တပ်က အကြိမ်ကြိမ်သတိပေးထားပေမဲ့ တာလီဘန်တွေက အရေးကြီးတယ်လို့ ထင်ခဲ့ပုံမရပါဘူး။ နယ်ချဲ့ရန်ကလွတ်ပြီကျွတ်ပြီဆိုပြီး အောင်ပွဲခဲနေချိန်မှာ လေဆိပ်ဆက်လက်ဖွင့်ရေးကို ကူညီပေးဖို့ တခြားနိုင်ငံတွေကို အကူအညီတောင်းရမှာကလည်း အခက်တွေ့နေတယ်ဆိုပါတယ်။ တရုတ်နဲ့ရုရှားက ကူညီပေးဖို့ကမ်းလှမ်းနေပေမဲ့ လက်မခံရဲသလို ယုံကြည်မှုလည်းမရှိဘူးဖြစ်နေပါတယ်။ အမေရိကန်တွေအကြံပေးတဲ့အတိုင်း လေဆိပ်ဆက်ဖွင့်ဖို့ တူရကီကို အကူအညီတောင်းထားပေမဲ့ တူရကီက နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်နေတာမို့ အခက်တွေ့နေရတယ်ဆိုပါတယ်။
ဒီကြားမှာ လေဆိပ်ထိမ်းချုပ်ရေးမျှော်စင်ပေါ်တက်ပြီး မဲမဲမြင်ရာ လက်ကလိနေတဲ့ တာလီဘန်တပ်သားတွေရဟတ်ယာဉ်တွေပေါ်တက် တွေ့ရာခလုပ်နှိပ်နေတဲ့ တာလီဘန်တပ်သားတွေကို စောင့်ကြည့်ဖမ်းဆီးအပြစ်ပေးနေရတာက အလုပ်တခုပိုလာတယ်ဆိုပါတယ်။ လောလောဆယ် လေဆိပ်အပါအဝင် အမေရိကန်နဲ့နေတိုးစစ်စခန်းဟောင်းတွေနားကို ဘယ်သူမှ မကပ်ဖို့ မာရှယ်လောထုတ်ထားရပါတယ်။ လေဆိပ်ပုံမှန်ပြန်မဖွင့်နိုင်သရွေ့ နိုင်ငံတကာအကူအညီတွေလာလို့မရ ဘယ်နိုင်ငံ့ခေါင်းဆောင်မှလည်း လာလို့မရ တာလီဘန်တွေလည်း လေကြောင်းကနေ အပြင်ထွက်မရတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။
crd-Bruma News Network
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။