မိန်းမိန်းရှိတဲ့ ယွာကျားတွေ ဖောက်ပြန်ချင်ရင် ပြောနေကြ စကားလုံးများနဲ့ အထာများ

မိန်းမိန်းရှိတဲ့ ယွာကျားတွေ ဖောက်ပြန်ချင်ရင် ဘယ်လိုပြောလဲ သိလား။ အဝေးတစ်နေရာကို ဒွေးမျက်လုံး ကျော်ရဲအောင်မျက်ခုံးနဲ့ ခပ်ဆွေးဆွေးလေး ငေး မျက်နှာလေးကို အမှိုင်းလေး အိုချပြီး “ဟူး အဆင်မပြေပါဘူးကွာ” တဲ့။ မသိရင် လောကဓံရဲ့ ဝင်ရိုးက သူ့ဘက်ချည်း ဆယ့်ငါးမိနစ်တစ်ခါ လှည့်ထောင်းနေသလိုကို ပြောတာ။
အခန်းလည်း ခွဲအိပ်ကြတာ ကြာပီတဲ့။ သူတို့က အန်းဂရီးဘတ် နဲ့ ခရမ်းသီးနှပ် လိုပဲ ဘာမှ မဆိုင်တော့ဘူး။ သူသပ်သပ် ကိုယ်သပ်သပ် ဖြစ်သွားပြီတဲ့။ ဘယ်သူမှ စစ်မမေးဘဲနဲ့ကို ရှင်းပြတာ ရှင်းပြတာ။ ကိုယ်က မသိလို့ ဘာအဆင်မပြေလို့လဲ မေးကြည့်။ သက်ပြင်းကို ဟူးခနဲ ချ (တကယ်က အဲ့အချိန် ဘာပြောရမလဲ စဉ်းစားဖို့ အချိန်ဆွဲနေတာ) စဉ်းစားမရတော့ ခပ်တည်တည်ပဲ။ မျက်နှာလေး အိုချပြီး နောက်မှ အေးဆေးပြောပြမယ်ကွာ တဲ့။
ဒီဘက်စော်က မနူးမနပ်နဲ့ ကိုးတောင်ကျားကို အမွှေးပါးလို့ဆိုပြီး သွားသနားမိရင် အဲ့မှာ ဒန်တန့်တန်။ မရှိ ရှိတာ ရှာကြံပြောတဲ့ သူ့ဘဝအမောတွေကို နားထောင်ရင်း အဲ့မှာ ဂရုဏာတွေ သက်နေလိုက်။ အိမ်က မယားကဖြင့် အရှင်လတ်လတ် ကြီးနော်။ သူပြန်လာရင် အသင့် ကျွေးဖို့ မွေးဖို့ ပြင်ဆင်နေတာ။ ဆန်ဆေး ထမင်းအိုးတည် ကြော်လှော် ချက်ပြုတ်ပေါ့။
ဟိုမှာက သူ့အပြစ်တွေ တန်းစီရွတ်ပြ ငိုချင်းချပြီး နောက်ပိုင်းဇာတ်ထုပ် ကနေတာ မသိရှာဘူး။ အိမ်မှာ ခလုတ်တွေရော မတိုက်ဖူးလား မသိ။ အိမ်ထောင်သည် ယွာကျားတွေဆို သနားကို မသနားနဲ့။ မျက်ရည် တအားလွယ်တာ။ ငိုစရာမရှိ ကေတီဗွီရောက်ရင် ကောင်မလေးတွေကို မိုက်ကိုင်ခိုင်းပြီး (တကယ် မိုက်နော်) ဟင်္သာတထွန်းရင် နန်းစတော့ ဖွင့်ငိုတာ။ အငိုကတော့ ထူတယ်။
သူတို့က တော်သေးတယ်။ အပျော်ဆို အပျော်ပဲ သိပ်ကိစ္စမရှိဘူး။ တချို့ကျ အိမ်ထောင်သက် ၁၀ နှစ်လောက်မှာ ဝက်သက်ပေါက်ပြီး လိုက်ပွဲလေးနဲ့ ငယ်မူပြန်ချင်သေးတာ။ အိမ်မှာ မယားငုတ်တုတ်ကြီး ဘေးနားအိပ်နေတာတောင် စောင်ခေါင်းမြှီးခြုံ ဖက်ခေါင်းအုံးခွပြီး တစ်ယောက်တည်း အထီးကျန်နေကြောင်း စော်ကို စာလှမ်းပို့ရသေးတာနော်။
မယားက သူ့အပေါ် ဘာမကောင်းတာလဲ မေးရင် အဖြေမရဘူး။ “ဒီလိုပါပဲ အတ္တကြီးတဲ့ အပိုင်းလေးတွေ ပါတာပေါ့ကွာ..” “ညှိယူမရတာလေးတွေ အများကြီး ဖြစ်လာတာ..” “ စသဖြင့် စသဖြင့် မမြင်ရတဲ့ စိတ္တဇနာမ်တွေနဲ့ ကိုင်ပေါက်တော့တာ။ ဟိုကဖြင့် မနက်မိုးလင်းရင် သူအဆင်သင့်ဝတ်ဖို့ အင်္ကျီ ပုဆိုး မီးပူကော့နေအောင် ထိုးထား။ စားဖို့သောက်ဖို့ဆို ငါးရိုးလေးပါ သပ်သပ်နွှင်ထားသေးတာ။
အမယ်လေး အပြင်မှာ ကမြင်းပြီး ပြန်လာရင် ဇာတ်ကြောတက်လို့တဲ့ ဦးစိုင်းနဲ့ ပွတ်ပေးရသေးတာနော်။ ဒါကို တစ်ဖက်စော်ရဲ့ ရင်ငွေ့လှုံချင်တော့ ဒရာမာတွေချိုးပြီး ကျရာဇာတ်ရုပ်ကနေ သဏ္ဌာန်လုပ် သရုပ်တူအောင် မုထည့်ပြီး အကယ်ဒမီ ရွှေစင်ရုပ်တုတွေ ဆွတ်ခူးတော့တာ။ မိန်းမကတော့ သူ့ဇာတ်မယ် ဗီလိန် ဇာတ်ပို့ပေါ့။
တစ်ခါသား ကြုံဖူးသေးတယ်။ ကိုယ့်သူငယ်ချင်းပါပဲ။ ဒင်နာမှာ တစ်ဝိုင်းတည်းထိုင်ရင်း နေရင်းထိုင်ရင်းကြီး ထပြောတာနော်။ ကိုရီးယားမင်းသား စတိုင်ဖမ်းပြီး ပန်းကန်ထဲက အသားလေးကို ဟန်ပါပါလှီး ခက်ရင်းလေးနဲ့ ဖြတ်နေရင်း မျက်လွှာလေးချလို့ “ငါတို့က သိပ်မကြာပါဘူး ကွဲမှာပါ ဆက်ဆံရေးတွေက အေးစက်နေပြီလေ” တဲ့။
ကိုယ်လည်း ရုတ်တရက်ဆိုတော့ ဘာပြောရမလဲ မသိဘူး။ နှစ်သိမ့်ဆွေးနွေး ပညာပေးရမှာလား။ အကျိုးအကြောင်း မေးရမလား။ နေဝေတိမ်တောင် ဖြစ်နေတုန်းရှိသေး ဟိုက မက်ဆင်ဂျာကနေ VCall လှမ်းခေါ်တာ။ အဲ့မှာ ဇွန်းတွေ ခက်ရင်းတွေ ပစ်ချ။ ခုန ကင်ပွန်းရွက်လောက် မျက်နှာလေးက ဆီပူထဲ ထည့်ကြော်လိုက်တဲ့ ငါးဖယ်ဆုပ်လို ချက်ချင်း ဖောင်းကြွဝင်းပပြီး မိန်းမကို လေဆိပ်က အနောင်ဇာထက် မလျော့တဲ့ လေသံနဲ့ ချိုသာစွာ နှုတ်ခွန်းဆက်သတော့တာ။ “လာမှာ လာမှာ မကြာဘူး ဘယ်မှ မဝင်ဘူး မိန်းမရေ အိပ်ချင်အိပ်နှင့် စိတ်မပူနဲ့နော်” တဲ့။
အံမယ် ဖုန်းချခါနီး ဟိုက ဖလိုင်းကစ်စ် လှမ်းပေးလိုက်တာလား မသိ။ သူက ဘယ်ဘက်ပါးနဲ့ တစောင်းလေးတောင် လှမ်းဖမ်းနေလိုက်သေး။ ဆက်ဆံရေးတွေ တအားအေးစက်နေပုံ ပြောပါတယ်။ ဖုန်းလည်းချပြီးရော။ ကိုရီးယားမင်းသား ဘဝကနေ လှော်ကားက မျောက်လို စားပွဲပေါ်က အချဉ်ရည်ခွက်တွေ နှိုက်စားလိုစား ဘေးက ဝိုင်ခွက် လှမ်းကိုင်လို ကိုင်နဲ့ ရှိးတိုးရှန်းတန်းတွေ ဖြစ်နေတာ ဖြစ်နေတာ။
အဲ့ကြောင့် အိမ်ထောင်သည် ယွာကျားတွေ ကြီးကြီးငယ်ငယ် သူတို့ အဆင်မပြေနေပါဘူးလို့ စော်တွေကို လာရင်ဖွင့်ရင် အဲ့ဒါ ထောင်ချောက်နော်။ သပ်သပ်ကြီးကို လယ်ယာ ၁၆ ထွန်စက်ကြီးနဲ့ မြက်နုလေး လာထွန်ယက်တာ။ တိုင်ပင်ပါလား ကိုယ့်သူငယ်ချင်း ယွာကျားအချင်းချင်း။ ဘာကိစ္စ သူများသမီးတွေမှ လှမ်းတိုင်ပင်ရတာတုန်း။ သံခမောက်နဲ့ ဒံပေါက်လို ဘာမှ မဆိုင်ဘူးရယ်။
နိဂုံးချုပ်ရရင် တချို့ယွာကျားတွေ လိုက်ပွဲစားချင်တယ်လို့ ဒဲ့မပြောဘဲ အိမ်ထောင်ရေး အဆင်မပြေဘူးလို့ ပလီစိချောက်ချက် သွယ်ဝိုက်ပြောသောကြောင့် ခြံပြင် ခြေတစ်လှမ်း ထွက်ကြည့်ခြင်း အလင်္ကာ မြောက်ပါသည် လို့ ဆိုရမှာပေါ့ကွယ်။ (ဆရာမ ရွှန်းမီမီထက်)
Post Views:
1
Crd