မိန်းမကိုယ်နဲ့တူပြီး သန္ဓေသားဆုပန်နိုင်တဲ့ Utroba လှိုဏ်ဂူ – The Geek Text

မိန်းမကိုယ်နဲ့တူပြီး သန္ဓေသားဆုပန်နိုင်တဲ့ Utroba လှိုဏ်ဂူ
Utroba လှိုဏ်ဂူဟာ ဘူလ်ဂေးရီးယားနိုင်ငံ၊ Kardzhali ပြည်နယ်ရှိ သမိုင်းဝင် ဂူဗိမာန်တစ်ခု ဖြစ်ပါတယ်။ ဒီလှိုဏ်ဂူဟာ မိန်းမကိုယ်နဲ့ ဆင်တူလွန်းတာကြောင့် Womb Cave (ဝမ်းတွင်းဂူ) လို့လည်း နာမည်ကျော်ကြားပါတယ်။
ဒီသမိုင်းဝင်ဂူဟာ Thracian ခေတ်ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး သမိုင်းပညာရှင်တွေကတော့ ယင်းဂူကို လူသားတို့ ကလေးမွေးဖွားရာ နေရာအဖြစ် တစ်ချိန်က အသုံးပြုခဲ့ကြကြောင်း ယုံကြည်ထားကြပါတယ်။
ဂူရဲ့ တည်နေရာကတော့ Ilinitsa ရွာအနီး၊ Kardzhali မြို့မှ ကီလိုမီတာ ၂၀ အကွာမှာ တည်ရှိပြီး ဘီစီ ၄၈၀ ကတည်းက ဖြစ်တည်လာခဲ့တဲ့ သမိုင်းဝင် ဂူတစ်ခုလည်း ဖြစ်ပါတယ်။
အထက်မှာဖော်ပြထားသလိုပဲ ဂူရဲ့ အထင်ကရအဖြစ်ဆုံးသော အစိတ်အပိုင်းဟာ သူ့ရဲ့ဝင်ပေါက်ဖြစ်ပြီး အင်္ဂါစပ် ပုံသဏ္ဍာန်ဖြစ်တဲ့အတွက် “ဝမ်းတွင်းဂူ” သို့မဟုတ် “မိန်းမကိုယ်ဂူ” လို့လည်း ရည်ညွှန်းကြပါတယ်။
နောက်ထပ် ထူးခြားချက်အနေနဲ့ ဂူအတွင်းပိုင်းဟာလည်း သားအိမ်နဲ့ ဆင်တူနေပါတယ်။ ဒေသအလိုက် “The Blaring Rock” လို့လည်း ဒီဂူကို ခေါ်ဆိုကြပါတယ်။
ဂူထဲသို့ ဝင်ပေါက်ဟာ ထိုအချိန်က လူသားများ ချဲ့ထွင်ထားတဲ့ အပေါက်တစ်ခုဖြစ်တယ်လို့ သုတေသီများက ယုံကြည်ကြပါတယ်။ ဆိုလိုတာကတော့ မိန်းမကိုယ်နဲ့တူအောင် လူသားတို့က တမင်ဖန်တီးခဲ့တာပါပဲ။
ဂူဝင်ပေါက်ဟာ ၃ မီတာ (၉.၈ ပေ) မြင့်ပြီး အကျယ် ၂.၅၀ မီတာ (၈.၂ ပေ) ရှိပြီး ဂူအတွင်းမှာတော့ ၁.၃ မီတာ (၄.၃ ပေ) မြင့်သော ယဇ်ပလ္လင်တစ်ခု ပါရှိပါတယ်။
ရှေးဟောင်းသုတေသနပညာရှင်တွေက ဂူနဲ့ ယဇ်ပလ္လင်ကို Thracians တို့က အသုံးပြုခဲ့ကြတယ်လို့ ယုံကြည်ထားကြပါတယ်။ Thracians ဆိုတာကတော့ ရှေးဟောင်း ဂရိနဲ့ ရောမလူမျိုးတို့ရဲ့ မျိုးနွယ်စုများကို ဆိုလိုတာပါ။
ဘူလ်ဂေးရီးယားနိုင်ငံအတွင်းမှာ Thracian တို့ရဲ့ ဘေးမဲ့တောပေါင်း များစွာရှိပါတယ်။ ဒါကြောင့် ဒီလှိုဏ်ဂူကို Thracians တွေအတွက် မွေးဖွားရာနေရာအဖြစ် အသုံးပြုခဲ့ကြတယ်လို့ သုတေသီတို့က ယုံကြည်ထားကြတာပါ။
Thracians ယဉ်ကျေးမှုအရ သူတို့ “ကိုးကွယ်ရာ” (သို့) “အထွတ်အမြတ်ထားရာ” နေရာတွေဟာ များသောအားဖြင့် တောင်ထိပ်ပိုင်းမှာ တည်ရှိကြပြီး ရေများ ပါဝင်တတ်ကြပါတယ်။
ဒါကြောင့် Utroba ဂူမှာလည်း ဂူထိပ်မှ တောင်ခြေသို့ အဆက်မပြတ် စီးဆင်းနေသော ရေများရှိပါတယ်။ ဂူရဲ့ မျက်နှာကျက်တွင် အဖွင့်တစ်ခုရှိတဲ့အတွက် ဂူအတွင်းသို့ အလင်းဝင်ရောက်နိုင်ပါတယ်။
နောက်ထပ် ထူးခြားချက်တစ်ခုအနေနဲ့ ဂူထဲကို ထိုးဖောက်လာတဲ့ အလင်းဟာ နေ့လယ်အချိန်မှာ ရင်သား ပုံသဏ္ဍာန်ကို ဖန်တီးပေးနေပြီး ၎င်းဟာ တစ်နှစ်ကို တစ်ရက် ယဇ်ပလ္လင်သို့ ကျရောက်တတ်ပါတယ်။
နှစ်တစ်နှစ်ရဲ့ အချို့သော အချိန်အခါတွေမှာတော့ နေ့လယ်ပိုင်း၌ လူ့လျှာပုံသဏ္ဍာန်ရှိတဲ့ အလင်းရောင်ဟာ ယဇ်ပလ္လင်သို့သွားရာ ဂူထဲသို့ နက်နဲစွာ ထိုးဖောက်ဝင်ရောက်တတ်ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ သို့မဟုတ် မတ်လအတွင်း ဂူထဲသို့ ကျရောက်နေတဲ့ အလင်းဟာ လည်ချောင်းပုံသဏ္ဍာန်ရှိပြီး ယဇ်ပလ္လင်ရှိ အပေါက်တစ်ခုထဲသို့ ဝင်ရောက်ပြီးနောက် အလင်းဟာ ၁-၂ မိနစ်ခန့် တောက်ပသွားပါတယ်။
ထိုးဖောက်ဝင်ရောက်လာတဲ့ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်ဟာ မျိုးအောင်ခြင်းကို ကိုယ်စားပြုတယ်လို့ ဒေသခံတွေက ယူဆထားကြပါတယ်။
ယနေ့ခေတ်မှာလည်း ကလေးမရနိုင်သေးတဲ့ ဇနီးမောင်နှံတချို့ဟာ ဂူထဲသို့ သွားရောက်လည်ပတ်ကြပြီး သားဆုပန်လေ့ရှိကြသလို ဒီလိုပြုလုပ်ခြင်းဟာလည်း သူတို့ကို ကလေးရရှိအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်နေကြပါတယ်တဲ့။
Knight News Team
Knight News © 2022
Crd
Post Views:
8
Crd