ပါရှန်းပင်လယ်ကွေ့သို့ ဘီ၅၂ဗုံးကြဲလေယာဉ်ကြီးနှစ်စင်း အမေရီကန်ထပ်မံစေလွှတ်၊ အီရန်အား သတိပေးခြင်းဟုဆို
နိုဝင်ဘာလအတွင်းက ပထမအကြိမ် ဗုံးကြဲလေယာဉ်ကြီးနှစ်စင်းကို စေလွှတ်ပြီးတဲ့နောက် ဒုတိယအကြိမ်အနေနဲ့ ဗုဒ္ဓဟူးနေ့က ဘီ၅၂ဗုံးကြဲလေယာဉ်နှစ်စင်းကို ပါရှန်ပင်လယ်ကွေ့ဆီ ထပ်မံစေလွှတ်ခဲ့တယ်လို့ အမေရီကန်ဘက်က အတည်ပြုပြောဆိုပါတယ်။ အမေရီကန် ထိပ်တန်းသံတမန်တစ်ဦးရဲ့ ပြောဆိုချက်အရ အခုလို ဘီ၅၂ဗုံးကြဲလေယာဉ်ကြီးတွေ ပါရှန်းပင်လယ်ကွေ့ဆီ စေလွှတ်ရတာဟာ အီရက်အပါအဝင် ဒေသတွင်းက သူတို့ရဲ့မဟာမိတ်တွေအပေါ် အီရန်ရဲ့ တိုက်ခိုက်လာမှုတွေကနေ ကာကွယ်ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး စေလွှတ်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

လာမယ့်ရက်အနည်းငယ်အတွင်း အမေရီကန်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးကာစင်ဆိုလန်မန်နီ သေဆုံးခဲ့ရတာ တစ်နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အဲဒီအချိန်က အမေရီကန်ရဲ့ တိုက်ခိုက်မှုကို လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်ကလည်း အီရက်မှာရှိတဲ့ အမေရီကန်စစ်စခန်းကို ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခဲ့ပါတယ်။

အီရန်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးမှုတစ်စုံတစ်ရာမရှိခဲ့ပေမယ့် ဒုံးကျည်ပေါက်ကွဲအားကြောင့် စစ်သည်၁၀၀ခန့်ဟာ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့ အမေရီကန်ဘက်က နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ အဆိုပါ ပဋိပက္ခဖြစ်စဉ် နှစ်ပတ်လည်နေ့ နီးကပ်လာတာနဲ့အမျှ အမေရီကန်နဲ့ အီရန်တို့ရဲ့ ဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေကလည်း တိုးလို့လာနေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့နေ့ကပဲ အီရန်ဟာ သေဆုံးသွားတဲ့ဗိုလ်ချုပ်ကြီးကို ကြည်းတပ်ဆိုင်ရာအမြင့်ဆုံးဘွဲ့ကိုပေးအပ်ခဲ့ပါတယ်။ အမည်မဖော်လိုတဲ့ အမေရီကန်ထိပ်တန်း အရာတစ်ဦးကတော့ ဒေသတွင်းက အမေရီကန်တို့ရဲ့ အကျိုးစီးပွား ဒါမှမဟုတ် မဟာမိတ်တွေအပေါ် တိုက်ခိုက်လာမှုတွေကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမယ်လို့ ပြောဆိုသွားခဲ့တယ်လို့သိရပါတယ်။
မောင်ဉာဏ်မင်း (ဆားလင်းကြီး)