တရုတ်အစိုးရကိုဝေဖန်ပြီးနောက်ဘီလျံနာကြီးဂျက်မာပျောက်ဆုံးနေ

News

တရုတ်အစိုးရကို ဝေဖန်ပြီးနောက် ဘီလျံနာကြီး ဂျက်မာ ပျောက်ဆုံးနေ

ကမ္ဘာကျော် ဘီလျံနာသူဌေးကြီး တစ်ဦး ဖြစ်သူ ဂျက်မာသည် တရုတ် အစိုးရကို ဝေဖန်ပြီးနောက် သူ၏ reality show ပွဲမှ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။
အနည်းဆုံးဒေါ်လာ ၆၂ ဘီလျံ ချမ်းသာသည့် ဂျက်မာသည် အောက်တိုဘာ လကုန်ပိုင်း မှစ၍ လူသိရှင်ကြား မတွေ့ရဟု The Sun သတင်းစာက ဖော်ပြသည်။
အာရှ၏ ‘အမေဇုံ”ဟု နာမည်ကျော်သော အလီဘာဘာ ဝက်ဘ်ဆိုက်ဒ်ကို တည်ထောင်ခဲ့သူ အသက် ၅၆ နှစ်အရွယ် ဂျက်မာသည် တစ်ချိန်က တရုတ်နိုင်ငံတွင် ကွန်မြူနစ်အစိုးရ၏ သည်းခြေကြိုက် သူဌေးကြီး ဖြစ်ခဲ့သည်။

သို့သော် ယခင်က အင်္ဂလိပ် ဆရာ တစ်ဦး ဖြစ်ခဲ့သူ ဂျက်မာကို လုပ်ငန်းရှင်များအတွက် ဖန်တီးထားသည့် Dragons’s Den-style ရုပ်သံ ပြိုင်ပွဲတွင် “အာဖရိက၏ စီးပွားရေးသူရဲကောင်းများ” အကဲဖြတ်ဖြစ်မှ ရုတ်တရက် လူစားထိုး လှဲလှယ်လိုက်ခြင်းကို ခံခဲ့ရသည်။
ထိုနောက် သူ၏ ဓာတ်ပုံကို ဝက်ဘ်ဆိုက်ဒ် စာမျက်နှာ ကနေ ဖယ်ရှားခဲ့သည်။ ကလေး သုံးယောက်၏ ဖခင်သည် ပြိုင်ပွဲဝင် အားလုံးနှင့် တွေ့ဆုံရန်“ အချိန် မစောင့်နိုင်ကြောင်း” အစောပိုင်းက တွစ်တာတွင် ရေးသားခဲ့သည်။

အလီဘာဘာ၏ ပြောရေးဆိုခွင့်ရှိသူက“ အချိန်ဇယား ပဋိပက္ခကြောင့် မစ္စတာမာသည် ယခုနှစ် အစောပိုင်းက အာဖရိက စီးပွားရေးသူရဲကောင်းများ နောက်ဆုံးဗိုလ်လုပွဲ၏ အကဲဖြတ် အဖွဲ့၀င် မဖြစ်နိုင်တော့ပါ ”ဟု ဆိုထားသည်။
ယင်းသို့ ဂျက်မာနေရာကို အစားထိုးလိုက်ခြင်းသည် တရုတ်နိုင်ငံ၏ စည်းမျဉ်းဥပဒေများနှင့် အစိုးရပိုင် ဘဏ်များအားရှုံ့ချသည့် စကားများ ပြောဆိုခြင်းပြီးနောက် သီတင်းပတ် အနည်းငယ် အကြာတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လက တရုတ် အာဏာပိုင်များသည် ကုမ္ပဏီကို သူက လက်ဝါးကြီး အုပ်ထားမှုအပေါ် စုံစမ်းစစ်ဆေးနေကြောင်း ရုတ်တရက် ကြေငြာခဲ့သည်။
မစ္စတာမာသည် တရုတ်နိုင်ငံ၏ အချမ်းသာဆုံး သူကြွယ်များအနက်မှ တစ်ယောက်ဖြစ်ပြီး ကုလသမဂ္ဂနှင့် ကမ္ဘာလုံးဆိုင်ရာ ပရဟိတလုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်ခြင်းကြောင့် လူသိများသည်။

ကပ်ရောဂါ ကာလအတွင်း၌ သူသည် ကမ္ဘာတစ်ဝှမ်းသို့ သန်းပေါင်းများစွာသော မျက်နှာဖုံးများကို လှူဒါန်းခဲ့သည်။
သို့သော် မကြာသေးမီ ရက်သတ္တပတ်များအတွင် သူ၏ တွစ်တာ အကောင့်တွင် လှုပ်ရှားမှုများ ရပ်နေသည်ကို တွေ့ရသည်။ ပုံမန်အားဖြင့် မာသည် တစ်ရက်လျှင် တွစ်တာ အမြောက်အများ တင်လေ့ရှိသူ ဖြစ်သည်။

သူတွင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ရပြီလားဆိုသည်ကိုမူ မသိရသေးဟု MailOnline ကဆိုသည်။
မတ်လအတွင်းက သမ္မတရှီဂျင်းပင်းအား ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို ကိုင်တွယ်သည့် ‘လူရွှင်တော်’ ဟု သမုတ်ခဲ့သူ အိမ်ခြံမြေလုပ်ငန်းရှင်ကြီး Ren Zhiqiang မှာလည်း ရုတ်တရက် ပျောက်ကွယ်သွားရသည်။

နောက်ပိုင်းတွင် Ren Zhiqiang ၏ မိတ်ဆွေများက သူသည် အဂတိ လိုက်စားမှုဆိုင်ရာ ရာဇဝတ်မှုများအား မိမိဆန္ဒ အလျောက်ဝန်ခံခဲ့ပြီးနောက် ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံလိုက် ရသည်ဟု ပြောကြားခဲ့သည်။

မင်းသုတဟန်
Ref: Mirror
ChannelKeyMyanmar မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

Leave a Reply