ဘာမြူဒါနားက ရေအောက်မှာ အနားယူသွားတဲ့ နျူရေငုပ်သင်္ဘော

ဘာမြူဒါနားက ရေအောက်မှာ အနားယူသွားတဲ့ နျူရေငုပ်သင်္ဘော

ဘာမြူဒါနားက ရေအောက်မှာ အနားယူသွားတဲ့ နျူရေငုပ်သင်္ဘော

၁၉၈၆ ခုနှစ်က ဖြစ်ပါတယ်။ ဆိုဗီယက်တို့ရဲ့ နျူကလီးယား ရေငုပ်သင်္ဘောတစ်စီးဟာ ဘာမြူဒါပင်လယ်ရဲ့ မြောက်ပိုင်းမှာ နစ်မြှုပ်ခဲ့ပါတယ်။

ဒီတစ်ခါတော့ ဆိုဗီယက်တို့ဟာ ထူးဆန်းစွာပဲ ဒီသတင်းကို ငြင်းဆိုချင်းမပြုခဲ့ကြတဲ့အပြင် ရန်သူလိုဖြစ်နေတဲ့ အမေရိကန်ကို အသိပေးခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ဒီလိုပါ။ ရှု့စားကြပါဦး။

၁၉၈၆ ခုနှစ် ၊အောက်တိုဘာလ ၃ ရက်နေ့မှာ ဖြစ်ပါတယ်။ ဆိုဗီယက်တို့ရဲ့ K-219 နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဟာ ဘာမြူဒါကျွန်းရဲ့ မိုင် ၆၀၀ အကွာကို ရောက်ရှိလာပါတယ်။

K-219 ဟာ Yankee Class အတန်းအစား ရေငုပ်သင်္ဘော ဖြစ်ပါတယ်။ သူဟာ ဆိုဗီယက်တို့ရဲ့ ယခင်က အိုဟောင်းနေပြီဖြစ်တဲ့ ဒုံးကျည်ပစ် ရေငုပ်သင်္ဘောတွေနဲ့ မတူပါဘူး။

အရင်က ရေငုပ်သင်္ဘောတွေဟာ အလျားတိုပြီး ဒုံးကျည်တွေ ပြွတ်သိပ်နေတတ်ပါတယ်။ ဒါကြောင့် ကျောပေါ်က အခန်းကို ပိုမြှင့်ပြီး နေရာကျယ်အောင် လုပ်ကြရပါတယ်။

K-219 ကတော့ ပေ ၄၂၀ ရှည်ပြီး ကိုယ်ထည်က သေးသွယ်ပါတယ်။ စစ်သည် ၁၂၀ ဦး တင်ဆောင်ပြီး ရေအနက်ကတော့ ၁၀၃၀ ပေအထိ ငုပ်နိုင်ပါတယ်။ ၉၀ မဂ္ဂါဝပ် ရှိတဲ့ နျူဓါတ်ပေါင်းဖိုနှစ်လုံး တပ်ဆင်ထားပါတယ်။သူသွားနိုင်တဲ့အချိန်ဟာ တင်ဆောင်ထားတဲ့ ရေနဲ့ ရိက္ခာ ပမာဏပေါ် မူတည်ပါတယ်။

အရေးကြီးဆုံးအချက်ကတော့ သူ့မှာ တပ်ဆင်ထားတဲ့ တော်ပီဒို ၁၆ စင်းနဲ့ ဘောလစ်စတစ် မစ်ဇိုင်း ဒုံးကျည် ၁၆ ခုတို့ပါပဲ။

ဘောလစ်စတစ် မစ်ဇိုင်း ဒုံးကျည်ဟာ မိုင် ၁,၉၀၀ အထိ ပစ်ခတ်နိုင်တဲ့ R-27U အမျိုးအစား ဖြစ်ပါတယ်။ တိကျမှု အဝန်းအဝိုင်းက ၁.၂ မိုင်အတွင်းမှာ ဖြစ်ပါတယ်။ ဒါကလည်း ဒုံးကျည်ရဲ့ အလေးချိန်ကြောင့် ဖြစ်ပါတယ်။

ဒုံးကျည်တစ်ခုစီမှာ ၁ မဂ္ဂါဝပ်တန် ပြင်းအားရှိတဲ့ သာမိုနျူကလီးယားထိပ်ဖူးတွေ တပ်ဆင်ထားပါတယ်။ ဟီရိုရှီးမားမှာ ကြဲချတဲ့ဗုံးထက် ၁၇ ကီလိုတန် ပိုပါတယ်။

ဒီရေငုပ်သင်္ဘောဟာ ဆိုဗီယက်တို့ရဲ့ မြောက်ပိုင်းရေတပ်စခန်းက ထွက်ခွာလာတာ ဖြစ်ပါတယ်။ သူထွက်လာတာ တစ်လလောက်ကြပါပြီ။

ဆိုဗီယက်တို့ရဲ့ နျူကလီးယားစစ်ဆင်ရေး အစီအစဉ်တစ်ခုအဖြစ်နဲ့ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေ့မှာ K-219 ဟာ ဒုံးကျည်ပစ်လွှတ်ရေး လေ့ကျင့်နေချိန် ဖြစ်ပါတယ်။ ဒုံးကျည်ကို အမေရိကန်ကို ပစ်လွှတ်တဲ့ပုံစံ လေ့ကျင့်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အခြေအနေက ပြောင်းပြန် ဖြစ်သွားတယ်လို့ ပြောရမှာပါ။ ဒုံးကျည်ဟာ ပြွန်ထဲမှာပဲ လောင်စာဆီ ယိုစမ့်မှု ဖြစ်ပွားခဲ့ပါတယ်။ ကံကောင်းတာကတော့ ဒုံးကျည်ဟာ ပြွန်ထဲမှာ ပေါက်ကွဲခဲ့ပေမယ့် နျူထိပ်ဖူးက မပေါက်ကွဲခဲ့ပါဘူး။

ပထမပေါက်ကွဲမှုအတွင်းမှာ ရေယာဉ်စစ်သည်တွေက မီးငြိမ်းသတ်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ ဒုံးကျည်ကို ထိန်းချုပ်တဲ့ Command and Control Centre က ပစ္စည်းတွေ ပျက်စီးသွားပါတယ်။

ဒါ့ကြောင့် နျူဓါတ်ပေါင်းဖိုကို လူအားနဲ့ ပိတ်ဖို့ လုပ်ဆောင်ကြရပါတယ်။ စစ်သည်တွေထဲက တချို့ဟာ မီးလောင်မှုနဲ့ ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးကြရပါတယ်။

နျူဓါတ်ပေါင်းဖိုရဲ့ စက်ခန်းထဲမှာရှိတဲ့ စစ်သည်တစ်ဦးက နျူဓါတ်ပေါင်းဖိုကို ပိတ်ဖို့လုပ်ပါတယ်။ ဒါပေမဲ့ သူလည်း မလွတ်ပါဘူး။ကျန်သူတွေကတော့ လွတ်မြောက်သွားကြပါတယ်။

အစပိုင်းမှာတော့ သင်္ဘောကို ဆယ်လို့ရမယ်လို့ ယူဆကြပါတယ်။ သူ့ကို ဆိုဗီယက်ကုန်သင်္ဘောတစ်စင်းနဲ့ တွဲချည်ပြီး ဆွဲဖို့လုပ်ပါတယ်။ ဒါပေမဲ့ ကြိုးပြတ်ပြီး K-219 က နစ်မြှုပ်သွားပါတယ်။

ရေငုပ်သင်္ဘော ကပ္ပတိန်ဟာ နောက်ဆုံးအချိန်အထိ သင်္ဘောပေါ်မှာ ရှိနေခဲ့ရှာပါတယ်။ သူတို့ဟာ ခေါင်းဆောင်မှုစိတ်ဓါတ်ကို ချာနိုဘိုင်းဖြစ်ရပ်က သင်ခန်းစာ ရခဲ့ကြပုံပေါ်ပါတယ်။

အမေရိကန်ဟာ ချက်ခြင်းအကြောင်းကြားတာ ခံရပါတယ်။ သမ္မတ ရီဂင်က ရုရှားကို အခုလို အသိပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ဆိုဗီယက်ပြည်သူတွေဟာ ဒီတစ်ခါတော့ အချိန်နဲ့‌တပြေးညီ သတင်းကို တရားဝင် သိခွင့်ရကြပါတယ်။

သင်္ဘောဟာ ချက်ခြင်းတော့ အန္တရာယ်ရှိတဲ့ လက္ခဏာ မရှိပါဘူး။ ဒါပေမဲ့ ပလူတိုနီယမ် လောင်စာထည့်ထားတဲ့ သတ္တုလုံး ၂ လုံးဟာ ပင်လယ်ဆားငန်ရေကြောင့် တဖြည်းဖြည်း ယိုယွင်းလာနိုင်ပါတယ်။ ဓါတ်ပေါင်းဖိုနှစ်ခုလည်း ဒီအတိုင်းပါပဲ။

ကြာရင်တော့ ရေဒီယိုသတ္တိကြွမှုတွေ ဖြစ်လာနိုင်ပါတယ်။ဒီလို ဖြစ်ဖို့ကတော့ ဆယ်စုနှစ်နဲ့ချီပြီး ကြာဦးမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ပါစေ၊ အခုအချိန်ဆိုတော့ ၃၆ နှစ်တောင် ရှိခဲ့ပါပြီ။ ဆိုတော့ကား K-219 ဟာ အသံမြည်နေတဲ့ အချိန်ကိုက်ဗုံးတစ်လုံးလို ဖြစ်နေပါတယ်။

ဘယ်နေ့ဆိုတာကတော့ စာရေးသူလည်း မမှန်းဆနိုင်သလို မမှန်းဆရဲပါဘူးလို့ တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

Knight News Team

Knight News © 2022

Crd