ဗြိတိန်ဘုရင်မကြီးရဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးဟာ အသက် ၁၀၀ နီးပါးအရွယ် ဒီကနေ့မှာနတ်ရွာစံသွားပါပြီ။ လွန်ခဲ့တဲ့ ၄ နှစ်၂၀၁၇ ထဲက ကျန်းမာရေးကြောင့် နန်းတော်တာဝန်က အနားယူပြီး နှလုံးရောဂါအခံအတွက် ကုသမူခံယူခဲ့တဲ့ မင်းသားကြီးဖိလစ်ကို လူမြင်ကွင်းမှာ သိပ်မတွေ့ခဲ့ရတော့ပါဘူး။

ဘုရင်မကြီး Elizabeth နဲ့ ၁၉၄၇ ခုနှစ်မှာ လက်ထပ်အပြီး အီဒင်ဘာ့ဂ်နယ်ကို အပိုင်စားခဲ့ရတဲ့ မင်းသားကြီး ဖိလစ်ဟာ အသက် ၉၉ နှစ်အရွယ်မှာ အေးဆေးငြင်သာစွာပဲ သက်တမ်းကုန်သွားတဲ့အကြောင်း တော်ဝင်မိသားစုက ထုတ်ပြန်ပါတယ်။ မတ်လ ၁၆ ရက်ထဲက တလတာတက်ခဲ့တဲ့ဆေးရုံကပြန်ဆင်း အနားယူနေခဲ့တဲ့ Windsor ရဲတိုက်ကြီးထဲမှာပဲ ကွယ်လွန်သွားခဲ့တာပါ။

Buckingham နန်းတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဘုရင်မကြီး Elizabeth က သူမရဲ့ ချစ်လှစွာသောခင်ပွန်း မင်းသားကြီး ဖိလစ် ကွယ်လွန်သွားမှုအတွက် အထူးကြေကွဲဝမ်းနည်းရပါတယ်၊ တကမ္ဘာလုံးက ဝမ်းနည်းပူဆွေးနေသူတွေနဲ့အတူပါပဲလို့ ဖော်ပြထားပါတယ်။

သူမဖခင်ဘုရင်ကြီး ရုတ်တရက်ကွယ်လွန်အပြီးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရင်မကြီးတာဝန်ယူခဲ့ရတဲ့ သမီးကြီး Elizabeth နဲ့လက်ထပ်အပြီးမှာ အသက်ပိုကြီးတဲ့ ဖိလစ်မင်းသားကြီးက သူ့ဘဝမှာ ဒီတာဝန်က ပထမဆုံးနဲ့နောက်ဆုံးယူတာဖြစ်ပြီး သူချစ်တဲ့ ဘုရင်မကြီး ဘယ်တော့မှ မကျဆုံးစေရဘူးလို့ သူ အရင်တာဝန်ထမ်းထဲ့တဲ့ ရေတပ်ကသူငယ်ချင်းတွေကို ပြောဆိုလေ့ရှိခဲ့ပါတယ်။

ဘုရင်မကြီး Elizebah ကလည်း ဖိလစ်မင်းသားကြီးဟာ သူ့အတွက် ကျောက်စိုင်ကျောက်ခဲလို မားမားမတ်မတ် တောက်လျှောက် ရပ်တည်ပေးလာခဲ့တယ်လို့ ပြောဆိုခဲ့လေ့ရှိပါတယ်။

ဂရိတော်ဝင်မိသားစုကနေ ပေါက်ဖွားကြီးပြင်းခဲ့တဲ့ ဖိလစ်ဟာ ဗြိတိန်နန်းတော်မှာ သက်တမ်းအရှည်ဆုံးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စေတနာ့ဝန်ထမ်းလုပ်ငန်းတွေ ဦးဆောင်ပေးခဲ့ကာ နောက်ဆုံးသက်တမ်းကုန်ချိန်မှာတော့ ဘုရင်မကြီးနဲ့အတူ သားသမီး ၄ ဦး၊ မြေး ၈ ဦးနဲ့ မြစ် ၉ ဦးတို့ ကျန်ရစ်ခဲ့ကြပါတယ်။

credit – VOA