ဗယ်လင်တိုင်းဒေးမှာ တစ်ကောင်တည်းနေပြီး ကိုယ်ဝန်ရသွားတဲ့ ပြဿနာ အဖြေရှာတွေ့ပြီ

Kujukushima Zoo and Botanical Garden မှာမွေးထားတဲ့ လက်ဖြူဂစ်ဘွန်မျောက်မ ဘယ်လိုကိုယ်ဝန်ရသွားသလဲဆိုတဲ့ ပြဿနာကို ဂျပန်တိရိစ္ဆာန်ရုံတာဝန်ခံတွေ အဖြေရှာတွေ့ခဲ့ပြီဖြစ်ပါတယ်။ အသက် (၁၂) နှစ်ရှိ Momo မိုမိုလို့ခေါ်တဲ့ လက်ဖြူဂစ်ဘွန်မျောက်မဟာ ၂၀၂၁ ဖေဖော်ဝါရီလမှာ တစ်ကောင်တည်းနေရင်းက ကိုယ်ဝန်ရသွားခဲ့ပါတယ်။
Kujukushima Zoo ရဲ့ ပေါ်လစီအရ တိရိစ္ဆာန်တွေကို ကိုယ်ဝန်ရဖို့အစီအစဉ်ကြိုတင်ပြင်ဆင်ထားပြီးမှ မျိုးပွားတာကို လက်ခံလေ့ရှိပါတယ်။ သူတို့တကယ်ထိန်းသိမ်းမွေးမြူနိုင်မှု ရှိ မရှိ ကြိုတင်တွက်ဆပြီးမှ မျိုးပွားခွင့်ပြုပုံရပါတယ်။ မိဘတွေလိုပေါ့။ ကိုယ့်သားသမီးကို တင့်တောင့်တင့်တယ်ထားနိုင်မထားနိုင် စဉ်းစားပြီးမှ အိမ်ထောင်ချပေးတဲ့ ပုံစံပါပဲ။
ဖြစ်ချင်တော့ မျောက်မလေးမိုမိုကို သံဇကာကွက်တွေ စိနေအောင်ကာထားတဲ့ကြားထဲက ဘယ်သူကဘယ်လို ဝင်ဆော်သွားမှန်းမသိလိုက်ရတာပဲ။ မိုမိုဟာ အသားရောင်အမွေးရှိတဲ့ လက်ဖြူဂစ်ဘွန်မျောက်မလေးဖြစ်ပြီး မွေးလာတဲ့မျောက်ကလေးက အမည်းရောင်အမွေးရှိပါတယ်။ ဒီနေရာမှာ Zoo တာဝန်ခံတွေအနေနဲ့ အဖြေရှာဖို့ (၂) နီးပါးလောက်ကြိုးစားလိုက်ရပါတယ်။
မွေးလာတဲ့မျောက်ကလေးရဲ့ DNA မျိုးဗီဇနဲ့ အခြားမျောက်ထီးတွေအားလုံးရဲ့ DNA ကိုလိုက်တိုက်ကြည့်ပါတယ်။ Momo က သူ့ကလေးအနားကို လုံးဝအကပ်မခံတာမို့ DNA ရယူဖို့ကြန့်ကြာခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးတော့ အသက် (၃၄) နှစ်ရှိပြီဖြစ်တဲ့ Itō အီတိုဆိုတဲ့ ဂစ်ဘွန်မျောက်ထီးတစ်ကောင်နဲ့ DNA သွားတူနေတာကို တွေ့ရပါတယ်။
ဂစ်ဘွန်မျောက်တွေရဲ့သက်တမ်းဟာ အသက် ၃၅ ကနေ ၅၀ အထိရှည်နိုင်တာမို့ အီတိုဟာ ဂစ်ဘွန်မျောက်အနေနဲ့ အိုတဲ့အရွယ်ပိုင်းဝင်နေပြီဖြစ်ပါတယ်။ အီတိုကမျောက်မလေးကို ဘယ်လိုဝင်ကစ်သွားသလဲဆိုတာ အတော်စဉ်းစားရကျပ်စေတဲ့ကိစ္စပါ။
ဖြစ်နိုင်ခြေအရှိဆုံးက မိုမိုကိုကာထားတဲ့စတီးလှောင်အိမ်နံရံမှာ သုညဒဿမသုံး (၀.၃) အချင်းရှိတဲ့ စတီးအပေါက်လေးတွေရှိပါတယ်။ တစ်စင်တီမီတာတောင် အကျယ်အဝန်းမရှိတဲ့ အပေါက်လေးပါ။ အီတိုက မိုမိုကိုအဲ့ဒီအပေါက်လေးကနေ ဗယ်လင်တိုင်းဒေးမှာ အချစ်လက်ဆောင်ရအောင်ပေးသွားတာပါ။ မျောက်ပျိုသန်လှမျောက်အိုပေါင်ကျိုးဖြစ်ကြောင်း သက်သေပြသွားပုံပါပဲ။
ဖြစ်ချင်တော့ မိုမိုရဲ့လှောင်အိမ်ရှေ့မှာ မျောက်တွေကို သရုပ်ပြပွဲထုတ်ပြတဲ့ exhibition space နေရာလေးရှိပါတယ်။ အီတိုဟာ အဲ့ဒီနေရာမှာပွဲထုတ်ပြခံရတဲ့အချိန်မှာ အချိန်ရှိခိုက်လုံလစိုက်သွားတာဖြစ်ပုံရပါတယ်။ မိုမိုကလည်းအလိုတူအလိုပါမို့ နေမှာပါ။ သဘာဝဟာသဘာဝပါ။ အချိန်တန်ရင် ခုနှစ်ဘုံအဆောင်ထက်မှာ သံကွန်ချာခုနှစ်ထပ်အုပ်ထားလည်း အလိုတူ အလိုပါဖြစ်သွားရင် ဘာမှတားမရပါ။ ကွီးအိုတွေကိုလည်းပေါ့မတွက်နဲ့နော်.. (Richard Myo Thant)
1
Crd
Crd