ခက်ခဲသည့်အချိန်များတွင်အားပေးထောက်ခံမှုအတွက် ပြည်သူများကိုကျေးဇူးတင်ကြောင်းမြောက်ကိုရီးယားခေါင်းဆောင်ပြောကြား

News

ခက်ခဲသည့်အချိန်များတွင် အားပေးထောက်ခံမှုအတွက် ပြည်သူများကို ကျေးဇူးတင်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ပြောကြား

မြောက်ကိုရီးယားအာဏာရပါတီ၏ အရေးပါသော ညီလာခံမကျင်းပမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သော မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်၏ လက်ရေးမူ နှစ်သစ်ကူးစာလွှာတွင် ကင်က ခက်ခဲကြမ်းတမ်းသည့် အချိန်များတွင် အားပေးထောက်ခံကြမှုအတွက် မြောက်ကိုရီးယားပြည်သူများကို ကျေးဇူးတင်ကြောင်း ရေးသားခဲ့သည်။
ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညတွင် ပြုံယမ်းမြို့ရှိ ကင်အီဆွန်းရင်ပြင်၌ မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်း၊ သီချင်းဆိုခြင်း၊ ကခုန်ခြင်းအပါအဝင် ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ပြီးနောက် ကင်ဂျုံအွန်၏ လက်ရေးမူ နှစ်သစ်ကူးစာလွှာကို ရုပ်သံသတင်းတွင် ဖော်ပြ ခဲ့ခြင်းဖြစ်သည်။

ကင်သည် ဇန်နဝါရီ ၁ ရက်နေ့တိုင်း နှစ်သစ်ကူးမိန့်ခွန်း ပြောကြားလေ့ရှိသော်လည်း ပြီးခဲ့သည့်နှစ်တွင် နှစ်သစ်ကူးမိန့်ခွန်း ပြောကြားမှုကို သီးသန့်လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ အာဏာရပါတီအစည်းအဝေးတွင် နှစ်သစ်ကူးမိန့်ခွန်းပြောကြားခဲ့သည်။

ငါးနှစ်အတွင်း ပထမဆုံးအကြိမ်ကျင်းပမည့် မြောက်ကိုရီးယားအာဏာရပါတီ ညီလာခံမတိုင်မီ ယခုနှစ် ဇန်နဝါရီတွင် ကင်အနေဖြင့် နှစ်သစ်ကူးမိန့်ခွန်း ပြောကြားလိမ့်မည်ဟု ပြည်သူအများအပြားက ခန့်မှန်းထားကြသည်။ ဇန်နဝါရီအစောပိုင်းတွင် မိန့်ခွန်းပြောကြားနိုင်ဖွယ်ရှိကြောင်း ဒေသတွင်းသ တင်းမီဒီယာများက ထုတ်ပြန်ခဲ့သော်လည်း ရက်အတိအကျ ဖော်ပြခဲ့ခြင်းမရှိပေ။

နိုင်ငံတစ်ဝန်းရှိ မိသားစုအားလုံး ကျန်းမာ၊ ပျော်ရွှင်ကြပါစေဟု ဆုမွန်ကောင်းတောင်းကြောင်း၊ မိမိအနေဖြင့် နှစ်သစ်တွင်လည်း ပြည်သူများ၏ရည်မှန်းချက်များ အကောင်အထည်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခက်ခဲကြမ်းတမ်းသည့် အချိန်ကာလများတွင်ပင် မိမိတို့၏ အလုပ်သမားပါတီကို အစဉ်အမြဲထောက်ခံအားပေးကြသော၊ ယုံကြည်အားကိုးကြသော မြောက်ကိုရီးယားပြည်သူအားလုံးကို မိမိအနေဖြင့် ကျေးဇူးတင်ကြောင်း ကင်ဂျုံအွန်၏ စာတွင် ပါရှိသောအကြောင်း အရာများကို KCNAS သတင်းဌာနက ဖော်ပြခဲ့သည်။

နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများ၊ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်၊ ထိန်းချုပ်ရေးစီမံချက်များ တင်းကျပ်စွာ ချမှတ်ထားသည့် အချိန်ကာလများကို ခက်ခဲသောအချိန်များအဖြစ် ကင်က ရည်ညွှန်းထားခြင်းဖြစ်သည်။

မြောက်ကိုရီးယားပြည်သူများထံ ကင်ဂျုံအွန်က နှစ်သစ်ကူးစာလွှာပေးပို့ခြင်းသည် ၁၉၉၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း တောင်ကိုရီးယားသတင်း မီဒီယာက ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၃၁ ရက်ညတွင် ကင်သည် ၎င်း၏ အဖိုးဖြစ်သူ၊ မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူ ကင်အီဆွန်း၊ ဖခင်ဖြစ်သူကင်ဂျုံအီကို ဂါရဝပြုရန်အတွက် ပြုံယမ်းမြို့ ဆင်ခြေဖုံးတွင်တည်ရှိသော Kumsusan Palace of the Sun ဂူဗိမာန်သို့ သွားရောက်ခဲ့သည်။

စီးပွားရေးနှင့်နိုင်ငံရေးအစီအစဉ်သစ်များ ချမှတ်မည်ဟု ယူဆရသော မြောက်ကိုရီးယားအာဏာရပါတီ ညီလာခံကို အမေရိကန်ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုမည့် ဇန်နဝါရီ ၂၀ မတိုင်မီ ကျင်းပလိမ့်မည်ဟု ခန့်မှန်းရသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ကင်ဂျုံအွန်တို့အကြား နျူကလီးယားအရေး ဆွေးနွေးပွဲများ တန့်နေခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးမှာ ရှေ့မတိုးနောက်မဆုတ်သာ အနေအထားတွင်ရှိခဲ့သည်။ ဂျိုးဘိုင်ဒင်က ကင်အား လူရမ်းကားတစ်ဦးအဖြစ် ရည်ညွှန်းပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယားအစိုးရအဖွဲ့က ဘိုင်ဒင်အား ပြင်းထန်စွာ ပြစ်တင်ပြောကြားခဲ့သည်။

News-Eleven

Leave a Reply