ပြည်ပထုတ် ကိုဗစ်ကာကွယ်ဆေး တရုတ်နိုင်ငံတွင်း သုံးဖို့စီစဉ်

News

ကမ္ဘာပေါ်မှာ ဒီကနေ့အချိန်ထိ ကိုဗစ်ကူးစက်သူပေါင်း (၁၃၅)သန်းကျော် ရှိလာခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးရသူ (၃)သန်းနီးပါး ရှိလာပြီ ဖြစ်တယ်လို့ Johns Hopkins ကိုရိုနာဗိုင်းရပ်စ်သုတေသန စင်တာရဲ့မှတ်တမ်းက ဆိုပါတယ်။

ဒါကြောင့် အခြားနိုင်ငံတွေမှာ ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို သူ့နိုင်ငံထဲသုံးဖို့ တရုတ်က စဉ်းစားနေကြောင်း ၊ အခြားနိုင်ငံရဲ့ကိုဗစ်ကာကွယ်ဆေးထုတ် နည်းလမ်းနဲ့ တရုတ် ပြည်တွင်းထုတ် ကာကွယ်ဆေး နည်းလမ်းပေါင်းပြီး တရုတ်ရဲ့ ကိုဗစ်ကာကွယ်ဆေးတွေ အာနိသင် ပိုကောင်းလာစေဖို့ လိုလားကြောင်း တရုတ်နိုင်ငံက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ တနင်္ဂနွေ တရက်ထဲမှာတင် ကိုဗစ်လူနာသစ်(၁၀,၇၃၂)ဦး ရှိပြီး အမေရိကန်နဲ့ ဘရာဇီး ပြီးရင် အိန္ဒိယက ကိုဗစ်ကူးစက်သူ(၁၃ ဒသမ ၃)သန်းနဲ့ တတိယ လိုက်ပါတယ်။ အမေရိကန်မှာက ကိုဗစ်ကူးစက်ခဲ့သူ(၃၁ ဒသမ ၁)သန်း ၊ ဘရာဇီးမှာ (၁၃ ဒသမ ၄)သန်း ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ အခုဆိုရင် အကျဉ်းထောင်တွေထဲမှာ ကိုဗစ်ကူးစက်မှု များလာနေပြီး ၂၀၂၀ မတ်လကဆိုရင် ခုချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူ အကျဉ်းသား (၅၂၅,၀၀၀)ကျော် ရှိပါတယ်။

အီရန်နိုင်ငံမှာတော့ ကိုဗစ်-စတုတ္ထလှိုင်းကို ထိန်းချုပ်ဖို့ စနေနေ့ကစပြီး (၁၀)ရက်ကြာ (အသွားအလာ ပိတ်ပင်ကန့်သတ်မှု) lock-down ချလိုက်ပါတယ်။ မြို့တော် တီဟီရန် အပါအဝင် မြို့ပေါင်း(၂၅၀)ကျော်ကို အနီရောင်အဆင့် သတ်မှတ်ထားပါတယ်။ စနေနေ့ တရက်ထဲ အီရန်မှာ ကိုဗစ်ကူးစက်မှု (၁၉,၆၀၀)ကျော်ရှိပြီး (၁၉၃)ဦး သေဆုံးခဲ့ရတယ်လို့ အီရန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ရိုမေးနီးယားမှာတော့ မြို့တော် Bucharest မှာလည်း ကပ်ရောဂါဆိုင်ရာ တားမြစ် ကန့်သတ်ချက်တွေကို စနေနေ့က ဆန္ဒပြကြပါတယ်။ ရိုမေးနီးယားမှာ ကိုဗစ်ကူးစက်ခဲ့သူ (၁)သန်းနီးပါးရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ (၂၅,၀၀၀)ဝန်းကျင်ရှိပါတယ်။

ပြင်သစ်နိုင်ငံမှာတော့ Pfizer-BioNTech နဲ့ Moderna ကိုဗစ်ကာကွယ်ဆေး ၂ လုံးထိုးတဲ့ ကြားကာလကို သီတင်း ၄ ပတ်အစား သီတင်း ၆ ပတ်အထိ တိုးပေးလိုက်ပါတယ်။ ပြင်သစ်မှာ ဧပြီလလယ်မတိုင်ခင် ကိုဗစ်ကာကွယ်ဆေး (၁၀)သန်းလောက် ထိုးပေးနိုင်ခဲ့ပြီး မေလလယ် ရောက်ရင် နောက်ထပ်(၁၀)သန်း ထိုးပေးဖို့ ခန့်မှန်းထားပါတယ်။

credit – VOA

Leave a Reply