သံခေါင်းစွပ်မင်းသား သည် ပြည်သစ်နိုင်ငံတွင် ထင်ရှားသောဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း ၃၅၀ခန့်က လူဝီ ၁၄ဘုရင်နှင့်ပတ်သတ်သောဖြစ်ရပ်ဖြစ်ပြီး သမိုင်းပညာရှင်များစွာက အဖြေထုတ်ရန်ကြိုးစားခဲ့သော်လည်း တိတိကျကျအဖြေမထုတ်နိုင်ခဲ့ကြသော ဖြစ်ရပ်လည်းဖြစ်ပါတယ်။ ဒီအကြောင်းကို တိုက်တန်းနစ်မင်းသား လီယိုနာဒိုက The Man In The Iron Mask ဟူသောအမည်နဲ့ ရုပ်ရှင်ရိုက်ကူးလိုက်တဲ့အခါမှာတော့ သံခေါင်းစွပ်မင်းသားဖြစ်ရပ်ဟာ တခြားနိုင်ငံတွေရဲ့စိတ်ဝင်စားခြင်းကို ခံရပါတယ်။

လူဝီ ၁၃ဘုရင်ရဲ့မိဖုရားကြီးဟာ လူဝီ၁၄ဘုရင်ဖြစ်လာမယ့် သားတော်လေးကိုမွေးဖွားခဲ့တဲ့အတွက် ဘုရင်ကြီးအလွန်ပျော်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ နောက်မိနစ်အနည်းငယ်အတွင်းမှာ နောက်ထပ်အမွှာသားတော်လေးတစ်ယောက်ကို ထပ်မွေးဖွားတဲ့အခါမှာတော့ ကြေကွဲဖွယ်ရာဖြစ်ရပ်တွေဖြစ်လာပါတော့တယ်။ အဲဒီတုန်းက အစဉ်အလာအရ ဘုရင်ဆက်ခံမယ့်မင်းသား တစ်ယောက်သာရှိရမည်ဖြစ်ပြီး တစ်ယောက်ထက်ပိုရှိပါက နိမိတ်မကောင်းသလို ၊ မင်းသားချင်းနန်းလုရင်းတိုင်းပြည်ပျက်တတ်တယ်လို့ ယူဆကြပါတယ်။
ဒါကြောင့် ဘုရင်ကြီးက နောက်ထပ်မွေးလာတဲ့သားတော်လေးကို ထောင်မှာတစ်သက်လုံးချခိုင်းစေခဲ့ပေမယ့် မိဖုရားကြီးရဲ့တောင်းပန်မှုကြောင့် ထောင်မချတော့ပဲ နန်းတော်နဲ့အလွန်ဝေးတဲ့အရပ်က အိမ်ကြီးတစ်လုံးမှာ ဆရာတစ်ယောက် ၊ အစောင့်အရှောက်တစ်ယောက်နဲ့ အတူထားစေခဲ့ပါတယ်။ ဒီအကြောင်းတွေကို သားတော်လုံးဝမသိရမှာဖြစ်ပြီး အကြောင်းတိုက်ဆိုင်ပြီး သိသွားတာနဲ့ ထောင်မှာတစ်သက်လုံးအကျဉ်းချထားမှာဖြစ်ပါတယ်။
မင်းသားလေး နာမည်က ဖိလစ်ဖြစ်ပါတယ်။ ဖိလစ်ဟာ ဆရာ ၊ အထိန်းတော်မိန်းမတစ်ယောက်နဲ့အတူ ခြံကြီးတစ်ခုက အိမ်တစ်လုံးထဲမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ရပါတယ်။ အပြင်ကိုထွက်ခွင့်လည်းမရှိခဲ့ပေမယ့် ဖိလစ်က သူဟာ အကြီးအကဲတစ်ယောက်ယောက်နဲ့ပတ်သတ်သူဆိုတာတော့ ရိပ်မိနေခဲ့ပါတယ်။ မိဘတွေရဲ့အကြောင်းကို သိချင်လို့ ဆရာနဲ့ အထိန်းတော်တွေကိုမေးပေမယ့် တစ်ခွန်းတစ်လေတောင် ပြောမပြကြပါဘူး။ တစ်နေ့ မိဖုရားကြီးက သူ့သားတော်လေးကို အတတ်နိုင်ဆုံးစောင့်ရှောက်ဖို့ လျို့ဝှက်စာတစ်စောင်ပို့လိုက်ပါတယ်။
မင်းသားလေးရဲ့ဆရာဟာ စာကိုဖောက်ဖတ်ဖို့လုပ်တဲ့အချိန်မှာပဲ စာဟာလေတိုက်ခတ်တာကြောင့် အိမ်အောက်ကိုကျသွားပါတယ်။ အဲဒီအချိန်က မိုးလေပြင်းထန်နေတဲ့အချိန်ပါ။ ဆရာဟာ စာကိုထွက်ရှာပေမယ့်လုံးဝမတွေ့တာကြောင့် လက်လျော့ကာအိမ်ထဲပြန်ဝင်သွားပါတယ်။ စာဟာ ရေတွင်းနှုတ်ခမ်းစပ်ဘေးမှာ ရောက်နေခဲ့ပြီး ဒီလိုကျသွားတာကိုမင်းသားလေးဖိလစ်မြင်ခဲ့ပါတယ်။ ဒါကြောင့်သူဟာ စာကိုခိုးဖတ်ကြည့်တဲ့အခါမှာတော့ သူနဲ့ပတ်သတ်သူဟာ ဘုရင့်မိဖုရားကြီးကိုယ်တိုင်ဆိုတာ သိသွားပါတယ်။ အဲဒီညမှာ မင်းသားလေးဟာ မိဖုရားကြီးအကြောင်းကို တစ်ညလုံးယောင်နေတဲ့အတွက် ဆရာနဲ့ အထိန်းတော်ဟာ သူတို့ရဲ့လျို့ဝှက်ချက်ကို မင်းသားလေးသိသွားပြီဖြစ်မှန်း သိရှိလိုက်ကြပါတယ်။
သူတို့ရဲ့တာဝန်အရ မင်းသားလေးသိရှိသွားပြီဖြစ်တဲ့အကြောင်းကို မိဖုရားကြီးကိုလျှောက်တင်တဲ့အခါမှာတော့ နှစ်ယောက်စလုံးကွပ်မျက်ခံလိုက်ရသလို မင်းသားလေဟာလည်း အကျဉ်းထောင်ထဲမှာ အလုံပိတ်ချထားခံလိုက်ရပါတယ်။ လူလတ်ပိုင်းအရွယ်ရောက်သည်အထိ မင်းသားလေးဟာ ထောင်ထဲမှာနှစ်ပေါင်းများစွာ ဘယ်သူနဲ့မှ သိခွင့်တွေ့ခွင့်မရှိပဲ အထီးကျန်စွာနေထိုင်ခဲ့ရပါတယ်။ ဒီလျို့ဝှက်ချက်ကြီးတစ်ခုလုံးကို သိသူဟာ ဘုရင် ၊ မိဖုရားကြီးနဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီးတို့ပဲ ရှိပါတယ်။ ဘုရင်ကြီးလည်း ကွယ်လွန်သွားခဲ့ပြီဖြစ်တာကြောင့် သားတော်လူဝီ ၁၄က ပြင်သစ်ထီးနန်းကိုစိုးစံခဲ့ပါတယ်။
လူဝီ ၁၄ ဘုရင်ဟာ အပျော်အပါးမက်တာကြောင့် တိုင်းပြည်ကြီးဟာ ပြသနာပေါင်းစုံတက်နေပါတယ်။ အဓိကလူနှစ်ယောက်ဖြစ်တဲ့ အကြံပေးအရာရှိချုပ် နဲ့ ဘဏ္ဍာစိုးတို့ဟာ မတည့်ကြပါဘူး။ ဘဏ္ဍာစိုးဟာ အလွန်လာဘ်စားပြီး ဘုရင်ထက်ပိုချမ်းသာတာ ဘုရင့်နန်းတော်ထက်ကြီးကျယ်ခမ်းနားတဲ့ အိမ်တော်ကြီးကိုဆောက်လုပ်နိုင်တဲ့အထိပါပဲ။ တစ်နေ့မှာတော့ အကြံပေးအရာရှိချုပ်ဟာ ဘဏ္ဍာစိုးခိုးယူလာဘ်စားထားတဲ့ အထောက်အထားတွေကိုထုတ်ဖော်ပြီး ဘုရင်ကိုတိုင်ကြားပါတယ်။
ဘုရင်က ဘဏ္ဍာစိုးကိုဖြေရှင်းခိုင်းတဲ့အခါမှာ ကြံရာမရဖြစ်နေတဲ့ဘဏ္ဍာစိုးဟာ သူ့မိတ်ဆွေဂိုဏ်းချုပ်ဘုန်းတော်ကြီးကို အကြံတောင်းပါတယ်။ ဘုန်းတော်ကြီးက ဘုရင့်ကို ဘဏ္ဍာစိုးရဲ့အိမ်တော်ကြီးဆီခေါ်ပြီး ပျော်ပွဲရွှင်ပွဲအခမ်းအနားမျိုးစုံနဲ့ ဇိမ်ခံခိုင်းရင် ဘုရင်ကပြန်ခွင့်လွှတ်လိမ့်မယ်လို့ အကြံပေးခဲ့ပါတယ်။ ဘုရင်ကလည်း နောက်ဆုံးအခွင့်အရေးပေးတဲ့အနေနဲ့ ဘဏ္ဍာစိုးရဲ့အိမ်တော်ကိုလိုက်လည်ခဲ့ပါတယ်။ ဘုရင်ကလည်း ဘဏ္ဍာစိုးကိုကြည့်မရဖြစ်နေပြီး နောက်တစ်နေ့မှာ ဘဏ္ဍာစိုးကိုဖမ်းကာ အိမ်တော်ကိုပါသိမ်းပိုက်မှာဖြစ်ပါတယ်။ ဘုန်းတော်ကြီးမှာ နောက်ထပ်အကြံအစည်တစ်ခုရှိပါသေးတယ်။
ဒီအကြံအစည်ဖော်ဖို့အတွက် ဘုန်းတော်ကြီးဟာ ထောင်မှူးကိုတစ်ပတ်ရိုက်ကာ မင်းသားဖိလစ်ကို ထောင်မှထုတ်ခဲ့ပါတယ်။ ပြီးတဲ့အခါမှာတော့ လျို့ဝှက်ခန်းကနေဝင်ကာ ဘုရင်ကိုဖမ်းဆီးပြီး မင်းသားဖိလစ်ကိုမှားခေါ်မိသယောင်ပြန်အစားထိုးခဲ့ပါတယ်။ ဘုရင်ဟာ ထောင်ထဲရောက်သွားပြီး ဖိလစ်ကတော့ ဘုရင့်နေရာရောက်သွားပါတယ်။ ဘုန်းတော်ကြီးရဲ့အကြံကတော့ မင်းသားဖိလစ်က ဘုရင်ဖြစ်ပြီး သူ့ကို ဂိုဏ်းချုပ်ဘုန်းတော်ကြီး နဲ့ အကြံပေးအရာရှိချုပ်ရာထူး ၊ ဘဏ္ဍာစိုးကို မူလရာထူးအတိုင်းခန့်အပ်စေဖို့ဖြစ်ပါတယ်။
သူလုပ်ခဲ့တဲ့ အစီအစဉ်ကို ဘဏ္ဍာစိုးလက်ခံခဲ့မယ်လို့ ထင်ခဲ့ပေမယ့် လုံးဝလက်မခံခဲ့တာကြောင့် ဘုန်းတော်ကြီးတစ်ခြားနိုင်ငံကို ထွက်ပြေးသွားပါတော့တယ်။ ဘဏ္ဍာစိုးဟာ ဘုရင်အစစ်ကိုထောင်က နေပြန်ထုတ်လာခဲ့ပါတယ်။ ဘုရင်နေရာကို ခဏသာရောက်ခဲ့တဲ့ဖိလစ်ကတော့ ဘုရင့်အမိန့်နဲ့ မျက်နှာကို သံခေါင်းစွပ်စွပ်ပြီး တစ်သက်လုံးထောင်ထဲမှာပဲ နေသွားရပါတော့တယ်။
(ရုပ်ရှင်ထဲမှာတော့ ဖိလစ်က အကျဉ်းသားပြန်မဖြစ်တော့ပဲ ဘုရင်အဖြစ်နဲ့ ဇာတ်သိမ်းထားပါတယ်)
ဒါကတော့ ပြင်သစ်စာရေးဆရာကြီး ALEXANDER DUMAS ရဲ့ ဝထ္ထု ဇာတ်လမ်းထဲကအတိုင်းဖြစ်ပြီး သံခေါင်းစွပ်ဟာ ဘုရင့်ရဲ့အမွှာညီအစ်ကိုဖြစ်ကြောင်း အသားပေးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ဖြစ်ရပ်မှန်ကတော့ ဒီလိုအတိအကျမဟုတ်ပါဘူး။ ၁၆၆၉ခုနှစ်မှာ အဖမ်းခံခဲ့ရတဲ့အကျဉ်းသားဟာ ဘုရင့်ရဲ့ကိုယ်ပိုင်အကျဉ်းသားဖြစ်ပြီး ဘာပြစ်မှုနဲ့ ဖမ်းခဲ့တယ်ဆိုတာ ဘယ်သူမှမသိပါဘူး။ ထောင်ထဲမှာသူ့နာမည်က Eustache Dauger ဖြစ်ပေမယ့် သေလို့မြုပ်နှံခဲ့ချိန်မှာတော့ Marchioly ဆိုတဲ့နာမည်နဲ့ဖြစ်တာကြာင့် သူဘယ်သူလဲဆိုတာ လူဝီ ၁၄ဘုရင်က လွဲလို့ဘယ်သူမှ မသိခဲ့ပါဘူး။
Pignerol အကျဉ်းထောင်ဟာ နိုင်ငံကိုအရှက်ရစေသူများကိုသာ ထားတဲ့အကျဉ်းထောင်ဖြစ်ပြီး ထောင်ဝန်ထမ်းတွေဟာ အဲဒီအကျဉ်းသားဆီကို ရေနဲ့အစားအစာပေးဖို့ တစ်နေ့တစ်ကြိမ်သာ ဝင်ခွင့်ရှိခဲ့ပါတယ်။ စကားအပိုပြောတာနဲ့ အသတ်ခံရမယ်လို့ သတိပေးခြင်းခံကြရပါတယ်။ ၁၆၉၈ မှာတော့ အကျဉ်းသားကို ဘာစတီးအကျဉ်းထောင်ကို ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ ၁၇၀၃ နိုဝင်ဘာ ၁၉ရက်နေ့မှာ သေဆုံးခဲ့ပြီး နှစ်ပေါင်း ၃၄နှစ်ကြာ ထောင်ထဲမှာနေခဲ့ရပါတယ်။ သေဆုံးတဲ့နေ့မှာပဲ သူ့ကိုမြုပ်နှံခဲ့သလို သူပိုင်ဆိုင်တဲ့အဝတ်အစား အသုံးအဆောင်အားလုံးကို မီးရှို့စေခဲ့ပါတယ်။
အစဉ်အဆက် သမိုင်းပညာရှင်ပေါင်းများစွာက သံခေါင်းစွပ်အကျဉ်းသားရဲ့ အကြောင်းကို အမျိုးမျိုးစုံစမ်းဖော်ထုတ်ခဲ့ကြပြီး အဖြေအတိအကျမထွက်ခဲ့ပဲ အဖြေအမျိုးမျိုးထွက်နေခဲ့ပါတယ်။ သံခေါင်းစွပ်အကျဉ်းသားဟာ လူဝီ ၁၄ရဲ့ အမွှာညီအစ်ကို ၊ လူဝီ ၁၄ရဲ့ဖခင် ၊ လူဝီ ၁၄ နဲ့ ဘာမှမတော်စပ်ပဲ ရုပ်ချွပ်စွပ်တူသူ ၊ အင်္ဂလိပ်စတူးဝပ်မင်းဆက်ရဲ့နောက်ဆုံးမင်းသား ဂျိမ်းစ်စကော့ ၊ လူဝီ ၁၄ဘုရင်ကိုယ်တိုင် စသည်စသည်ဖြင့် ခန့်မှန်းမှုအဖြေအမျိုးမျိုးထွက်ခဲ့ပါတယ်။
ဒါကြောင့်လည်း အဖြေအတိအကျမသိတဲ့ သံခေါင်းစွပ်မင်းသားဟာ ပြင်သစ်နိုင်ငံရဲ့ အဖြေမထုတ်နိုင်တဲ့ ပုစ္ဆာတစ်ပုဒ်အဖြစ် ယနေ့တိုင်ကျန်ရှိနေပါတော့တယ်။