ပင်လယ်ထဲလမ်းပျောက်လို့ဇောချွေးြပန်ခဲ့တဲ့လေယာဉ်မှုး

Knowledge Militarily

၁၉၈၃ ဇွန်လ ၆ ရက်ဗိုလ်အီရန်ဝတ်ဆင် (Sub Lieutenant Ian Watson) တစ်ယောက် ချွေးပြန်နေပြီ။ မပြန်ခံနိုင်ရိုးလား။ သူပြန်ဆင်းရမယ့် လေယာဉ်တင်သင်္ဘော HMS Illustrious ကို ရှာမတွေ့။ လက်ကျန်ဆီကလည်း နည်းနေပြီ။ဝတ်ဆင် ဆီးဟယ်ရီယာကို ဆိုလိုမောင်းဖူးတာလည်း ခုမှ ၁၄ ခေါက်မြောက်။ လေ့ကျင့်သားလည်း မပြည့်ဝသေး။ အတွေ့အကြုံလည်း နည်းသေး။ တကယ်ဆို ဒီလေ့ကျင့်ခန်းမှာ သူလိုက်ကို မလိုက်လာသင့်တာ။အတက်ကတော့ အိုကေ။ ဝတ်ဆင်နဲ့ စီနီယာ လေသူရဲ တစ်ယောက် ဆီးဟယ်ရီယာ တစ်စီးစီနဲ့ တက်လာကြတာ။ ရည်ရွယ်ချက်က ပြင်သစ်လေယာဉ်တင်သင်္ဘောကို ရှာဖို့။ စစ်ဖြစ်နေတဲ့ ပုံစံလေ့ကျင့်နေတာဆိုတော့ နှစ်စီးလုံး ရေဒါပိတ်ပြီးတော့ အနိမ့်ပျံသွား ပြင်သစ်သင်္ဘောကို တွေ့ပြီဆိုတော့မှ ဗုံးကြဲတဲ့အမြင့်ထိ ပြန်ဆွဲတင် သရုပ်ပြပေါ့။ဒီအထိက အကုန်အဆင်ပြေသေးတယ်။ပြသနာက အပြန်မှာ စတာ။ တိမ်တွေကြားမှာခေါင်းဆောင်လေသူရဲနဲ့ ကွဲသွားပြီးတော့ ဝတ်ဆင်တစ်ယောက် အပြန်လမ်း‌ေပျာက်နေတာ။

မြေပုံညွှန်းနဲ့ သ‌င်္ဘောရှိတဲ့နေရာ သွားရှာ။ မတွေ့။ အမြင့်တက်ပြီး ရေဒါနဲ့ရှာ မတွေ့။ ဖြစ်ချင်တော့ သူ့ဆက်သွယ်ရေးစက်ကပါ ပျက်။ အက်စ်အိုအက်စ်တောင် အော်မရ။ဝတ်ဆင်တစ်ယောက် တစ်ခုသတိရသွားတယ်။ ခုရောက်နေတဲ့နေရာက ပေါ်တူဂီကမ်းလွန်။ မလှမ်းမကမ်းမှာ ကုန်တင်သင်္ဘောကြီးတွေ သွားနေကြ ရေလမ်းကြောင်း ရှိတယ်။ သူအဲ့ကို သွားမယ်။ သင်္ဘောတစ်စီးစီးနဲ့ အချက်ပြ ဆက်သွယ်ပြီးတော့ သူ့ကို မြင်ရ ရှာရ ကယ်ရ လွယ်မယ့် နေရာမှာ လေထီးနဲ့ ခုန်ထွက်မယ်။တွေ့ပါပြီဗျာ။ သူ့ရေဒါမှာ သင်္ဘောတစ်စီး။ အနီးကပ် သွားကြည့်တော့ စပိန်ကွန်တိန်နာတင်သင်္ဘော အယ်လ်ရီဂို (Alraigo)။ သူ့အစီအစဉ်အတိုင်း သင်္ဘောနဲ့ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်ရေးစက်က မကောင်း။ လက်ဟန်ခြေဟန်နဲ့ ဆက်သွယ်ဖို့ သင်္ဘောမောင်းခန်းနား ထပ်ကပ်ပြီး ပြောနေတုန်း အကြံတစ်ခုရသွားတယ်။ကွန်တိန်နာတွေပေါ် သူဆင်းမယ်။ သူ့လေယာဉ်က ဒေါင်လိုက်တက်နိုင် ဆင်းနိုင်တဲ့ ဆီးဟယ်ရီယာပဲကို။ ဒါဆို လေယာဉ်လည်း မပျက်စီးတော့ဘူး။ အဲ့တာနဲ့ ဆင်းတော့လည်း အိုကေတယ်။ သင်္ဘောအလူးမှာ နောက်ဘီးချော်ပြီး ကွန်တိန်နာတွေပေါ်ကနေ လျှောကျပြီး နောက်က ဗင်ကားပေါ် နည်းနည်းကျသွားတာပဲ ရှိတယ်။

အယ်လ်ရီဂိုရဲ့ ကပ္ပတိန်က ဝတ်ဆင့်သင်္ဘောကိုတော့ ဆက်သွယ်ရေးစက်နဲ့ ချိတ်ပေးတယ်။ ဒါပေမယ့် သူ့အချိန်ဇယားကိုတော့ မဖျက်နိုင်ဘူး။ တော်ဝင်ရေတပ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် သူကပ်မယ့်ဆိပ်ကမ်းကိုပဲ လာယူ။ ဒါပဲ။နောက်လေးရက်နေမှ တီနားရစ်ဖ် (Tenerife) ဆိပ်ကမ်းမှာ ဆီးဟယ်ရီယာကြီးကို သွားယူရတယ်။ အကောင်းအတိုင်း မောင်းလို့ရတယ်။ ရေကြောင်းဥပဒေအရ ဆယ်ယူကြေး ပေါင် ၅၇၀၀၀၀ (ငါးသိန်းခုနှစ်သောင်း)တော့ ပေးလိုက်ရတယ်။ သင်္ဘောပိုင်ရှင်တွေနဲ့ သင်္ဘောသားတွေ တစ်ဝက်စီ ခွဲယူပေါ့။ဗိုလ်ဝတ်ဆင်လည်း ဆင်းတာအတွက် ချီးကျူးခံရပေမယ့် လေကြောင်းလမ်းပြ ပညာမှာ အားနည်းတာအတွက်တော့ အထောင်းခံရပါတယ်။ ဆီးဟယ်ရီယာတွေ နာရီ ၂၉၀၀ ကျော် ဆက်မောင်းပြီးတော့ ၁၉၉၆ မှာမှ ရေတပ်ကနေ အနားယူသွားပါတယ်။ဒီအကြောင်းကို Alraigo Incident လို့ လူ‌သိများပါတယ်။ ပုံတွေကပေါ့ အယ်လ်ရီဂို သင်္ဘောပေါ်မှာ ရိုက်ထားတဲ့ ဝတ်ဆင်ရဲ့ ဆီးဟယ်ရီယာပါ။

မူလရေးသာသူ – ရောက်တတ်ရာရာ ရေးတဲ့စာ pageမှ ကူးယူဖေါ်ပြအပ်ပါသည်။

Leave a Reply