ယခုတစ်ပတ်အတွင်းအထူးခြားဆုံးနိုင်ငံတကာသတင်း
နှစ်သာကုန်ပြီးဒုက္ခမကုန်သေးတဲ့နှစ်သစ်ကူး
ဒီနှစ်သစ် အကြို ညနေဟာ ဘယ်လိုနှစ်တွေနဲ့မှ မတူရလေတဲ့ နှစ်ဖြစ်သွားပါတယ်။ ကပ်ရောဂါကြီးရဲ့ ကန့်သတ်ချက်တွေက လူတွေကို ကန့်သတ်ပစ်လိုက်တယ်။ တကယ်ကို မနှစ်မြို့ ခဲ့ကြရတဲ့ နှစ်တစ်နှစ်ကို မေ့လိုက်ချင်ကြပြီး နှစ်သစ်ကို အော်လို့ဟစ်လို့ ကြိုဆိုချင် ကြပေမယ့် လုပ်ခွင့် မရကြတဲ့ နှစ်သစ်ကူး အကြို ညတစ်ညပါပဲ။ သြစတြေးလျ နိုင်ငံဟာ ကမ္ဘာပေါ်မှာ ၂၀၂၁ နှစ်သစ်ကို ပထမဆုံးနဲ့ အရင်ဆုံး ရောက်မယ့် အရှေ့ကျကျ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။ သူတို့တွေဟာ နိုင်ငံတကာ ရက်စွဲသတ်မှတ် မျဉ်းနားမှာ ကပ်ပြီး ကျရောက်နေကြပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဆိုရင် လူတစ်သန်းလောက် နေတဲ့ ဆစ်ဒနီမြို့ရဲ့ ဆိပ်ကမ်းမှာ လူတွေနဲ့ စည်ကား ပြည့်နှက်နေခဲ့ပြီး မီးရှူး မီးပန်းတွေ ဖောက်ရင်း နှစ်သစ်ကို ကြိုကြတာကို ကြည့်ဖို့ ရောက်နေခဲ့ကြတယ်။

ဒီနှစ်မှာတော့ အာဏာပိုင်တွေက ပျော်ပါးမြူးတူး ချင်ကြရင် တီဗွီပေါ်ကနေပဲ ပျော်ပါး အော်ဟစ်ကြပါလို့ အကြံပြုထားပါတယ်။ ဆစ်ဒနီ မြို့လယ်က စားသောက်ဆိုင်တွေမှာ ကြိုတင်ပြီး ဘွတ်ကင်လုပ် နေရာမှာထားသူတွေကို ငါးယောက်ထက် မပိုဘဲ စုဝေးတာကိုသာ ခွင့်ပြုတယ်လို့ သိရပါတယ်။ မြို့တော် အလယ်က နေရာတွေမှာ ခွင့်ပြုချက် မရဘဲနဲ့ စုဝေးတာကို ခွင့်မပြုဘူးလို့လည်း ကြေညာထားပါတယ်။ ပင်လယ်ကမ်းခြေ တစ်လျှောက်က စားသောက်ဆိုင်တွေဟာ ဆိုရင် တစ်ယောက်စာကို ထိုင်ခုံခ သြစတြေးလျ ဒေါ်လာ ၁၆၉၀ (ယူအက်စ် ၁၂၉၄) ကောက်ခံမယ်လို့ ဆစ်ဒနီမြို့က ထုတ်ဝေတဲ့ The Daily Telegraph သတင်းစာမှာ ဗုဒ္ဓဟူးနေ့က ရေးသားထားပါတယ်။ ဆစ်ဒနီဟာ သြစတြေးလျရဲ့ထင်ပေါ် ကျော်ကြားတဲ့ မြို့ဖြစ်ပြီး ဒီအပတ် အတွင်းမှာ ကိုဗစ် – ၁၉ ရောဂါ ကူးစက်မှု အများဆုံးမြို့လည်း ဖြစ်ပါတယ်။
သြစတြေးလျရဲ့ ဒုတိယမြောက် အစည်ကားဆုံးမြို့ ဖြစ်တဲ့ မဲဘုန်းကတော့ သူတို့ မြို့အနေနဲ့ နှစ်သစ်ကူး မီးရှူးမီးပန်း ပစ်ဖောက်တာတွေ မလုပ်တော့ဘူးလို့ ဆိုထားပါတယ်။ “နှစ်ပေါင်းများစွာ အတွင်းမှာ ပထမဆုံးအကြိမ် အဖြစ် ကျွန်မတို့ဟာ ဆုံးဖြတ်ချက် ကြီးကြီးမားမား ချမှတ်ခဲ့ရပါတယ်။ မီးရှူး မီးပန်း မပစ်ဖောက်ဖို့ အတွက် အတော်လေး ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပါတယ်” လို့ မဲဘုန်း မြို့တော်ဝန် Sally Capp က သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။ “ကျွန်မတို့သာ လုပ်မယ်ဆိုရင် မြို့ပေါ်က လူပေါင်း ၄၅၀၀၀၀ လောက်ဟာ နှစ်သစ်ကို ကြိုဆိုကြဖို့နဲ့ သီချင်းတွေ အတူဆိုပြီး ပျော်ပါးကြဖို့ ရောက်လာကြမှာ သန်းခေါင်ယံ ပြီးသွားတဲ့ အထိ ပြန်ကြမှာ မဟုတ်ဘူး။ ဒါ့ကြောင့် မလုပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်” တဲ့။ ဆစ်ဒနီထက် နှစ်နာရီလောက် စောတဲ့ နယူးဇီလန်နဲ့ တောင်ပစိဖိတ် ဒေသက အိမ်နီးချင်း နိုင်ငံတွေမှာတော့ ကိုဗစ် – ၁၉ ကူးစက်မှု မရှိတဲ့ အတွက် နှစ်သစ်ကြိုတဲ့ ပွဲတွေကို အရင်နှစ်တွေလိုပဲ ကျင်းပကြမယ်လို့ ဆိုပါတယ်။
တရုတ်လူမျိုးတွေ အတွက်ကတော့ သူတို့ရဲ့ နှစ်သစ်ကူး ကာလဟာ ဖေဖော်ဝါရီလထဲမှာကျမှ ကျရောက်တာပါ။ ကမ္ဘာ့နိုင်ငံတွေလို ဇန်နဝါရီလ ၁ ရက်နေ့ဟာ သူတို့ရဲ့ နှစ်သစ် မဟုတ်ပါဘူး။ သို့ပေမယ့် အနောက်နိုင်ငံတွေရဲ့ နှစ်သစ်ကူး ရုံးပိတ်ရက်တွေဟာ အခုနောက်ပိုင်း ခေတ်တွေမှာ တစ်ကမ္ဘာလုံးက ဆင်နွှဲကြတာမို့လို့ နှစ်သစ်ကြိုတဲ့ ပွဲတွေဟာ အားလုံးအတွက် ပိုပြီး အရေးပါလာတာပါ။ ဒါပေမဲ့ ဒီနှစ်ကတော့ တိတ်ဆိတ် ငြိမ်သက်ရမယ့် နှစ်ဖြစ်လို့ နေပါတယ်။ ဘေဂျင်းမှာလည်း နှစ်သစ်ကို ကြိုမယ့် countdown ceremony ကို အထူးဖိတ်ကြား ထားသူတွေနဲ့သာ ပြုလုပ်မယ်လို့ သိရပါတယ်။ တချို့သော အစီအစဉ်တွေကတော့ ဖျက်သိမ်း ခဲ့ကြရတယ်လို့ ပြောပါတယ်။ ညအပူချိန်ကလည်း အနှုတ် ၁၅ ဒီဂရီ စင်တီဂရိတ် ဆိုတဲ့အခါမှာ လူတွေအနေနဲ့ အပြင်မှာ အကြာကြီးနေဖို့ ခက်ခဲနိုင်မယ့် အချိန်လည်း ဖြစ်နေပါတယ်။
ထိုင်ဝမ်ကတော့ လုပ်နေကျ နှစ်သစ်ကူး ကြိုတဲ့ပွဲကို လုပ်မယ်လို့ ပြောထားပါတယ်။ တိုင်ပေ 101 (Taipei 101) လို့ ခေါ်တဲ့ သူတို့ မြို့တော်ရဲ့ ထူးခြားတဲ့ အထင်ကရ မျှော်စင် တာဝါကနေ မီးရှူးမီးပန်းတွေ ပစ်လွှတ်မယ်။ ပြီးတော့ နောက်တစ်နေ့ မနက်မှာ သမ္မတ အိမ်တော်ရဲ့ ရှေ့မှာ အလံတင် အခမ်းအနားကိုလည်း ကျင်းပမယ်လို့ ကြေညာထားပါတယ်။ ထိုင်ဝမ်ကျွန်းဟာ ကိုဗစ် – ၁၉ ကပ်ရောဂါ ကူးစက်မှု ကာလမှာ ရောဂါ ကူးစက်မှုကို ထိန်းချုပ် အောင်နိုင်ခဲ့တဲ့ နေရာ ဖြစ်ပါတယ်။ လူခုနစ်ဦးသာ သေဆုံးခဲ့ပြီး ကူးစက်ခံရသူ ၇၀၀ ပဲ ရှိခဲ့တဲ့ မှတ်တမ်းကောင်းတွေ ရထားခဲ့ပါတယ်။
ဗြိတိသျှ ကိုလိုနီဟောင်း ဖြစ်တဲ့ ဟောင်ဟောင်ကတော့ နှစ်တိုင်းဆိုရင် အော်ဟစ် ဆူညံစွာနဲ့ နှစ်သစ်ကို ကြိုနေကျပါ။ အခုတော့ ဒုတိယမြောက် နှစ်အနေနဲ့ မီးရှူးမီးပန်းတွေ မဖောက်နိုင်တော့ပါဘူး။ ဒီတစ်ခါကတော့ အရင်တစ်ခေါက်ကလို လုံခြုံရေး ပြဿနာကြောင့် ပိတ်ပင်ခံရတာ မဟုတ်ဘဲ ကိုဗစ် – ၁၉ ကြောင့်ပဲ ဖြစ်ပါတယ်။ ကိုဗစ် ကူးစက်မှုဟာ ဟောင်ကောင်မှာ ဆက်လက် မြင့်မားပြီး ဖြစ်ပွားနေဆဲပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဟောင်ဟောင်ရဲ့ ကန့်သတ်ချက်တွေအရ လူနှစ်ဦးထက် ပိုစုဝေးလို့ မရပါဘူး။ စားသောက်ဆိုင်တွေဟာ ညနေ ၆ နာရီမှာ ပိတ်ရပါတယ်။ ကပွဲတွေ ဖျော်ဖြေပွဲတွေ ခွင့်မပြုပါဘူး ဆိုပေမယ့် ဈေးဝယ် စင်တာတွေမှာတော့ လူတွေ ပြည့်နေပါသေးတယ်။
အမိအဘနဲ့ သက်ကြီးရွယ်အို ဆွေမျိုးတွေဆီကို ပြန်ကြတဲ့ အချိန်ဖြစ်တဲ့ နှစ်သစ်ကူး ကာလ ဂျပန်ပြည်မှာတော့ ရောဂါ ကူးစက်မှု လျော့ပါးစေဖို့ အတွက် လူတွေဟာ သူတို့ရဲ့ အစီအစဉ်တွေကို ဖျက်ခဲ့ကြပါတယ်။ ကျေးလက် ဒေသက စားသောက်ဆိုင်လေးတွေဟာ စီးပွားကျလာကြပါတယ်။ ဒီအချိန်မှာ နှစ်သစ်ကူး ကံကောင်းစေတဲ့ “osechi” ဆိုတဲ့ အစားအသောက်တွေ လက်မလည်အောင် လိုက်လံ ပို့ဆောင်ပြီး delivery စနစ်နဲ့ ရောင်းချနေရပေမယ့် ဆိုင်ထိုင်စားလို့ မရတဲ့အတွက် ရောင်းအား ကျနေဆဲပဲ ဖြစ်ပါတယ်။ ဂျပန်ဧကရာဇ် Naruhito ဟာ နှစ်သစ်အတွက် ဗီဒီယိုကနေပဲ နှုတ်ခွန်းဆက် နိုင်ပါတော့တယ်။ ခါတိုင်းဆိုရင် သူ့နန်းတော် ပြတင်းပေါက်ကနေ မိသားစုနဲ့အတူ နန်းတော်ကို လာလည်ကြသူတွေကို ကိုယ်တိုင်ထွက်ပြီး လက်ပြ နှုတ်ခွန်း ဆက်နေကျ ဖြစ်ပါတယ်။
ဂျပန်ရဲ့ အထွတ်အမြတ် နေရာတွေကို ပြည်သူတွေ နှစ်သစ်ကူးကာလမှာ သွားရောက် အရိုအသေပေးနိုင်ဖို့ ခုလို ၃၁ ရက်နေ့ ညမှာ ညလုံးပေါက် ရထားပြေးဆွဲတဲ့ ထုံးစံရှိသလို နှစ်သစ်ကိုကြိုတဲ့ countdown အခမ်းအနားလည်း ရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ အစီအစဉ်တွေကို ဖျက်သိမ်းထားရပါတယ်။ မေဂျီ ဘုရင်ရဲ့ အုတ်ဂူဟာ တိုကျိုမြို့လယ်မှာ ရှိပါတယ်။ အဲဒီနေရာကို နှစ်သစ်ကူး ပိတ်ရက် ကာလမှာ လူတွေ သန်းနဲ့ချီပြီး လာတာဟာ ထုံးစံပဲ ဖြစ်ပါတယ်။ နှစ်သစ်ကူး အကြိုညမှာ အဲဒီနေရာကို ညလုံးပေါက် ဖွင့်ထားနေကျပါပဲ။ အခုတော့ ညနေ ၄ နာရီက စလို့ ပိတ်ထားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားရပါတယ်။
တောင်ကိုးရီးယား ဆိုးလ်မြို့တော် အုပ်ချုပ်ရေး အဖွဲ့ကတော့ နှစ်သစ်ကူး အကြိုည ခေါင်းလောင်းတီးတဲ့ အစီအစဉ်ကို ဖျက်သိမ်းထားပါတယ်။ ကိုးရီးယား စစ်ပွဲကြီး ပြီးခဲ့တဲ့ နောက်ပိုင်း ၁၉၅၃ ခုနှစ်က စလို့ နှစ်သစ်ကူး အကြို ညတိုင်းမှာ မပျက်ကွက်ခဲ့တဲ့ ခေါင်းလောင်းတီးပွဲဟာ အခုတော့ ပထမဆုံး အကြိမ်အဖြစ် ဖျက်သိမ်းခဲ့ရပါပြီ။ ရိုးရာ ခန်းမကြီးမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၂ နာရီ ထိုးချိန် ရောက်တာနဲ့ ပြည်သူတွေ သိန်းနဲ့ချီပြီး ခေါင်းလောင်းကြီးကို လာတီးကြတာပါ။ နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကို ကြိုတဲ့ ပွဲဖြစ်ပြီး တစ်ပြည်လုံးကို တီဗွီကနေ ထုတ်လွှင့်ပေးနေကျပါ။ ဒီနှစ်တော့ မရတော့ပါဘူး။
အရှေ့ပိုင်း ကမ်းခြေက အာဏာပိုင်တွေကတော့ ကမ်းခြေတွေကို ပိတ်မယ်လို့ ကြေညာထားပါတယ်။ မဟုတ်ရင် လူတွေ ထောင်ပေါင်း များစွာတို့ဟာ အရှေ့ဘက် ကမ်းခြေကို လာစုဝေးကြပြီး နှစ်သစ်မှာ ပထမဆုံး ထွက်ပေါ်လာမယ့် နေမင်းကြီးကို လာကြိုကြမှာကလည်း ရှိသေးလို့ပါတဲ့။ Pohang ဆိုတဲ့ အရှေ့တောင်ဘက်က မြို့ကတော့ လူတွေ မလာကြပါနဲ့။ နေထွက်လာတာကို ရိုက်ကူးပြီး ယူကျုချန်နယ်ကနေ Live ထုတ်လွှင့်ပေးပါ့မယ်လို့ တောင်းပန်ထားပါတယ်။ ဒီအပတ် အစောပိုင်း တုန်းကတော့ တောင်ကိုးရီးယား ဗဟို အစိုးရဟာ ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်တဲ့ အနေနဲ့ လူငါးယောက်ထက် ပိုပြီး စုဝေးတာကို တားမြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးက စကီးစီးတဲ့ စခန်းတွေနဲ့ ခရီးသွား စခန်းတွေကိုလည်း ခရစ်စမတ် အကြိုညကနေ ဇန်နဝါရီလ ၃ ရက်နေ့ အထိ ပိတ်ထားကြဖို့ အမိန့်ပေး ထားခဲ့ပါတယ်။

လုပ်ချင်တာ မလုပ်ရခြင်း၊ မလုပ်ချင်တာတွေ လုပ်နေရခြင်း၊ လုပ်နေကျတွေ မလုပ်ရခြင်းတွေကို ယူဆောင်လာတဲ့ ၂၀၂၀ ပြည့်နှစ်ဟာ ပြီးခဲ့ပါပြီ။ နိုင်ငံအားလုံးမှာ ကန့်သတ်ခံနေရဆဲ ဒုက္ခကြုံနေရဆဲပါ။ တစ်နှစ်ကုန်ပေမယ့် ဒုက္ခတွေ မကုန်သေးပါဘူး။ ကိုယ့်နိုင်ငံ တစ်နိုင်ငံတည်း ဖြစ်နေတာ မဟုတ်ပါဘူး။ နိုင်ငံအားလုံး ဖြစ်နေပါတယ်။ ကာကွယ်ဆေးတွေတော့ ပေါ်လာနေကြပါပြီ။ ထိုးပြီးသားလူလည်း နောက်ထပ် ဆေးတစ်လုံး မထိုးရသေးခင် ကိုယ်ခံအား မပေါ်ထွက်သေးခင်မှာ ကူးစက်နိုင်ပါသေးတယ်တဲ့။ နှစ်ကုန်ပေမယ့် ဒုက္ခတွေက မကုန်သေးပါဘူးလေ။
Credit – PiLon
Ref_AP