နှစ်ပေါင်း (၅၀) ကျော်တိုင်အောင် နာမည်ကျော်နေဆဲ မြွေစွပ်ပြုတ်ရောင်းတဲ့ မြွေဘုရင်မ

နှစ်ပေါင်း (၅၀) ကျော်တိုင်အောင် နာမည်ကျော်နေဆဲ ဟောင်ကောင်က မြွေစွပ်ပြုတ်ရောင်းတဲ့ မြွေဘုရင်မ..
အစားသောက်နဲ့ပတ်သက်လာရင် တရုတ်လူမျိုးတွေက အစုံစားသူတွေလို့ ကမ္ဘာမှာ နာမည်ကျော်ပါတယ်။ တရုတ်တွေဟာ မြွေသားကို ၁၆ ရာစုတည်းက စတင်စားသုံးခဲ့ကြပါတယ်။ ၁၉၈၀ ခုနှစ်ဝန်းကျင်တုန်းကဆိုရင် ဟောင်ကောင်မှာ မြွေသားစွပ်ပြုတ်ဆိုင်ပေါင်း ရာနဲ့ချီပြီးရှိပါတယ်။ တရုတ်တွေဟာ မြွေသားစွပ်ပြုတ်ကို ဆောင်းရာသီမှာ အစားများကြပါတယ်။
ဟောင်ကောင်က မြွေသားစွပ်ပြုတ်ဆိုင်ပိုင်ရှင် ချောင်ကာလင်ဆိုသူဟာ မြွေတွေကို ကိုင်တွယ်ထိန်းချုပ်ရာမှာ ပိုင်နိုင်ကျွမ်းကျင်တာကြောင့် မြွေဘုရင်မဆိုတဲ့ ဘွဲ့ကို ရရှိထားပါတယ်။
ချောင်ကာလင်ဟာ ငယ်စဉ်က ကျောင်းစာကို စိတ်ပါဝင်စားမှုနည်းခဲ့ပြီး သူ့အဖေရဲ့ဆိုင်မှာ အချိန်ကုန်တာများခဲ့ပါတယ်။ သူ့အဖေရဲ့ မြွေကို ကိုင်တွယ်ချက်ပြုတ်ပုံတွေကို မျက်ရေးဝနေတဲ့ ချောင်ဟာ သူကိုယ်တိုင် ဆိုင်ကို ဦးစီးလုပ်ကိုင်ရချိန်မှာတော့ သူတို့ရဲ့ဆိုင်ဟာ ဟောင်ကောင်တခွင်မှာ နာမည်ကျော်လာခဲ့ပါတယ်။
မြွေသားကို ခပ်ပါးပါးလွှာပြီး ကြက်ရိုး၊ ဝက်ရိုးတွေနဲ့ ရောပြုတ်ထားတဲ့ စွပ်ပြုတ်ဟာ အနံ့အရသာမှာ ပြည့်စုံလွန်းလှတာကြောင့် နာမည်ကျော် TV Show တွေမှာလည်း မကြာခဏဆိုသလို ဖော်ပြခြင်းခံခဲ့ရပါတယ်။
ချောင်ကာလင်ဟာ ဒီလုပ်ငန်းကို ၁၉၇၀ ခုနှစ်ဝန်းကျင်တည်းက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်တိုင်အောင် ရှိပါပြီ။ လူနေအိမ်ခြေချဲ့ထွင်မှုတွေ၊ အလွန်အကျွံအမဲလိုက်မှုတွေနဲ့ တောမီးရှို့မှုတွေကြောင့် တောရိုင်းမြွေတွေ ရှားပါးလာပြီး ဟောင်ကောင်မှာလည်း မြွေသားစွပ်ပြုတ်ဆိုင် ၂၀ ဝန်းကျင်လောက်သာ ကျန်ရှိပါတော့တယ်။
ချောင်ကာလင်ကတော့ မြို့ပြထဲကို နယ်ကျွံလာတဲ့ တောမြွေတွေကို ဖမ်းဆီးရင်း သူ့ရဲ့ စွပ်ပြုတ်ဆိုင်လေးကို ယနေ့တိုင် ဆက်လက်ဦးစီးလုပ်ကိုင်လျက် ရှိပါတယ်။ (Nine Thuwun)
4
Crd
Crd