ဒေါ်လာစျေး ရွှေစျေး ပြန်ဖွင့်ပါပြီ၊ ပြင်ပစျေးကွက်ပေါက်စျေး စျေးလုံးဝ မကျပါ

ရုံးပိတ်ရက် (၃) ရက်ပြီးနောက် ယနေ့ ဒေါ်လာစျေး ရွှေစျေး ပြန်ဖွင့်ပါပြီ..
ပြင်ပငွေလဲလှယ်ရေးဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃၀၀၀ နဲ့ အထက်ဝန်းကျင်မှာ ဈေးကွက်ဖွင့်ပြီး အရောင်းအဝယ်ပြုလုပ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာအနေနဲ့ နိုင်ငံတကာ ငွေကြေးဈေးကွက်ရဲ့ အမည်ပျက်စာရင်းမှာ ထည့်သွင်းခံရပြီးနောက်မှာ ပြည်တွင်းဒေါ်လာငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်ခဲ့ပြီး ဈေးကွက်အတွင်း ဒေါ်လာဈေးဟာလည်း မြင့်တက်ခဲ့တာပါ။
ယနေ့ အောက်တိုဘာလ ၂၅ ရက်အတွင်း ငွေကြေးဈေးကွက်ထဲမှာ တစ်ဒေါ်လာကို ဝယ်ဈေး ၂၉၅၀ ကျပ်၊ ရောင်းဈေး ၃၀၅၀ ကျပ် တို့နဲ့ ဈေးကွက်ဖွင့်လှစ်ထားပြီး တစ်ဒေါ်လာ ၃၀၀၀ ကျော် ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒေါ်လာဈေးကွက် မတည်ငြိမ်တာကြောင့် ဈေးကွက်အတွက် ဒေါ်လာငွေလဲလှယ်နှုန်းဟာ ပုံမှန်မရှိဘဲ ကျပ် ၃၀၀၀ မှ ၃၂၀၀ ကြားမှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်ထိ တစ်ဒေါ်လာကို ၂၉၀၀ ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်လာပြီး အောက်တိုဘာလ ၂၂ ရက်မှာတော့ ကျပ် ၃၀၀၀ မှ ၃၃၀၀ ကြား မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံခြားငွေစျေးကွက်မှာ ဒေါ်လာနဲ့အပြိုင် ထိုင်းဘတ်ငွေစျေးလည်း လိုက်ပါမြင့်တက်လာပါတယ်။ မြဝတီနယ်စပ် ငွေလဲစျေးကွက်မှာ ပြီးခဲ့တဲ့ တပတ်က မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းငွေ ၁၃၄၀ ဘတ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ရာကနေ ဒီနေ့မှာဆိုရင် မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းငွေ ၁၃၁၀ ဘတ်သာရှိပြီး မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းလာပါတယ်။
အလားတူ ပြည်တွင်းရွှေဈေးကွက်စဖွင့်ချိန် ယနေ့ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၁၁ နာရီပေါက်ဈေးအရ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် ၂၅ သိန်းခွဲအထက်မှာရှိတယ်လို့ ရန်ကုန်မြို့ရွှေဆိုင်တွေဆီက သိရပါတယ်။
“နံနက် ၁၁ နာရီပေါက်ဈေးကတော့ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် ၂,၅၅၃,၀၀၀ ဝန်းကျင်နဲ့ ၁၅ ပဲရည်တစ်ကျပ်သားကို ၂,၃၉၀,၀၀၀ ဝန်းကျင်မှာ အရောင်းအဝယ်လုပ်ပါတယ်။ ဝယ်ရောင်းဈေးခွာထားတာတော့ မရှိပါဘူး ဒါပေမယ့်အချိန်နဲ့အမျှ ဈေးအတက်အကျရှိလို့ ဈေးကတော့ပြောင်းလဲနိုင်ပါတယ်” လို့ ရန်ကုန်မြို့ ရွှေဆိုင်တစ်ဆိုင်က ဖြေကြားထားပါတယ်။
ဒီနေ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ထုတ်ပြန်တဲ့ ရွှေရည်ညွှန်း အဖွင့်ဈေးကတော့ မီးလင်းရွှေတစ်ကျပ်သားကို ၁,၉၄၅,၀၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ၁၆၅၁ ဒေါ်လာရှိတယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကတော့ YGEA အသင်းအနေနဲ့ ရွှေရည်ညွှန်းဈေးကို ပြောင်းလဲကာ မီးလင်းရွှေတစ်ကျပ်သားကို ကျပ် ၂၄ သိန်းအထက်နဲ့ ထုတ်ပြန်ခဲ့ပေမယ့် အောက်တိုဘာ ၂၂ ရက်မှာတော့ ကျပ်သိန်း ၂၀ အောက်ဈေးကို ပြန်လည်ထုတ်ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိရွှေဈေးကွက်ထဲမှာတော့ အထည်ပျက်ပြန်ရောင်းသူတွေများပြီး အရောင်းအဝယ်ဈေးကွက်ကတော့ အေးနေတယ်လို့ သိရပါတယ်။
The post ဒေါ်လာစျေး ရွှေစျေး ပြန်ဖွင့်ပါပြီ၊ ပြင်ပစျေးကွက်ပေါက်စျေး စျေးလုံးဝ မကျပါ appeared first on White Sone.
Crd