ဒေါ်လာစျေးတက်သော်လည်း ကားစျေးမတက်၊ ဝယ်သူ နည်းပြီး ကျစျေးဖြင့် ပြန်ရောင်းသူ များနေ

ဒေါ်လာစျေးတက်သော်လည်း ကားစျေးမတက်၊ ဝယ်သူ နည်းပြီး ကျစျေးဖြင့် ပြန်ရောင်းသူ များနေ..
ဒေါ်လာစျေးတက်သော်လည်း ပြည်တွင်းကားဈေးကွက်အတွင်း ဝယ်ယူသူအင်အားနည်းပါးနေကာ ပြန်ရောင်းလိုသူများနေတာကြောင့် ဈေးကျနေဆဲဖြစ်ကြောင်း ကားအရောင်းအဝယ် လုပ်ကိုင်သူများက ပြောပါတယ်။
လက်ရှိမှာ တန်ဖိုးမြှင့်ကားများ ကျပ်သိန်းရာဂဏန်းအထိကျဆင်းနေပေမယ့် ဒေါ်လာဈေးနှုန်းပြန်တက်လာတဲ့ သတင်းတွေကြောင့်လည်း ယခုအထိအကျဈေးဖြစ်နေတဲ့ ကားဈေးကွက် အတက်ဘက်ရောက်လာနိုင်ဖွယ်ရှိလာတယ်လို့လည်း ကားလုပ်ငန်းလုပ်ကိုင်သူတွေကသုံးသပ်ထားပါတယ်။
“ကားဈေးကျနေတာက အခုဈေးကွက်ထဲ ဝယ်သူနည်းပြီး ရောင်းသူများနေတာကအဓိကပေါ့.. ဒါကပြောရရင် ပြီးခဲ့တဲ့ရက်တွေမှာ ဒေါ်လာဈေးရွှေဈေးကျတာတွေလည်းဖြစ်နေတော့ ကားဈေးလည်း ကျတဲ့ဘက်ရောက်သွားတာလည်းပါတယ်။ မနေ့က ဒေါ်လာဈေးတွေ ပြန်တက်လာတယ်ကြားတော့ အဲ့ဒီ့ဘက် ဈေးကစားသူတွေက ကျနေတဲ့ကားဈေးဘက်ပြန်ရောက်လာနိုင်လို့ ကားဈေးကွက်ပါ ပြန်လှုပ်လာမယ့်သဘောရှိတယ်လည်းပြောနေကြတော့ တက်မလား ကျမလားဆိုတာ ကားဈေးမှာပါ မှန်းရခက်နေတယ်။ ပြီးခဲ့တဲ့ ရက်တွေက ကားဝယ်ရောင်းဈေးကွက်ဟာအတော်အေးတာ ရောင်းမယ့်သူ ပုံနေပေမယ့် ဝယ်မယ့်သူမရှိတော့ ကားပွဲစားတွေလည်း အလုပ်မဖြစ်ကြဘူးပေါ့” ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုကျော်စိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယရက်သတ္တပတ်အတွင်း တန်ဖိုးမြှင့်ကားတွေရဲ့ ဈေးနှုန်းကျဆင်းမှုဟာ ငွေကျပ်သိန်း ၅၀၀ တန်ဖိုးရှိကားဈေးဟာ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ဈေးကျဆင်းမှုတွေကြုံတွေ့ခဲ့ရပြီး ငွေကျပ်သိန်း ၁၀၀၀ တန်ကားဈေးဟာ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းတွေအထိ ဈေးကျဆင်းခဲ့ပါတယ်။
ဝါရင့် ကားဝယ်ရောင်းတစ်ဦးက “လိုင်းပေါ်မှာလည်း ရောင်းချင်တယ်၊ ဝယ်ချင်တယ် တင်နေကြတာပဲ။ အခုက နည်းနည်းတော့ ကျတယ် အနိမ့်ကားတွေဆိုရင် သိန်း ၂၀ ၊ ၃၀ လောက်ထိ ကျတယ်။ အပေါ်ကား (မော်ဒယ် မြင့်ကား)တွေဆိုရင်တော့ ၅၀၊ ၁၀၀ နီးပါး ကျတယ်ပေါ့။ Honda လိုကားမျိုးဆိုရင် မော်ဒယ်နိမ့် နံပါတ်နိမ့်ဆိုရင် သိန်း ၂၀၀ နည်းနည်းကျော်ဖြစ်သွားတယ်၊ မော်ဒယ်မြင့် နံပါတ်နည်းနည်းမြင့်ရင်တော့ ၂၈၀ ၊ ၃၀၀ နီးပါးပေါ့ နည်းနည်းတော့ ကျလာပါတယ်။
လိုင်းပေါ်မှာတော့ ကြိုက်ရောင်းကြိုက်ဝယ်ပဲ။ အိမ်စီးကားတွေ အရောင်း များလာတယ်။ ကားဝယ်ရောင်းလုပ်နေကြ ကိုင်ထားတာများတဲ့ ဟာတွေ အရောင်းများလာတယ်။ ဒီအတိုင်း အိမ်စီးကားတွေ အမြင့်ပိုင်း ရောင်းမယ့်သူတွေကတော့ ရှုံးတာပေါ့၊ အဲ့တော့ ကိုယ်တိုင်စီးနေပြီး အခုမှ ရောင်းချင်တဲ့ သူကလည်း စောင့်ကြည့်တယ်။ အမှန်တကယ်လိုအပ်လို့ ဝယ်မယ့်သူတွေကလည်း အခုအချိန်မှာ မဝယ်သေးဘူး စောင့်ကြည့်နေကြတယ်။ အဲ့ပုံစံ ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။
“အခုကားဈေးကတော့ အကျဈေးနဲ့ပဲ အရောင်းအဝယ်လုပ်ဖို့ ရှိတယ်။ ဒေါ်လာဈေးတက်တာကတော့ အခုမှဆိုတော့ ဒေါ်လာဈေးကြောင့် ကားဈေးအပြောင်းအလဲ ရှိမရှိကတော့ ဆက်စောင့်ကြည့်ပြီးမှပဲ ပြောလို့ရမယ်ထင်တယ်” ဟု ကားအရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းက ပြောပါတယ်။
ပြည်တွင်းကားဈေးကွက်ဟာ တိုယိုတာကား မြန်မာပြည်တွင်း လာရောက်ထုတ်လုပ်လာတာနဲ့အတူ EV လျှပ်စစ်ကားသတင်းတွေကြောင့် ဈေးကွက်လှုပ်ခတ်လာတာလည်းပါဝင်နေပြီး EV ကားများ အမှန်တကယ်ပြည်တွင်း ကားဈေးကွက်မှာ နေရာ ရလာနိုင်မှု ရှိမရှိကိုတော့ ငြင်းခုံမှုတွေရှိနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်တွင် HOZON Auto ကုမ္ပဏီအနေဖြင့် လျှပ်စစ်ကားများ မြန်မာ့ကားစျေး ကွက်အတွင်း ဝင်ရောက်နိုင်ရေး ပြည်တွင်းက Grand Sirius Limited (GSE) ကုမ္ပဏီ နှင့် မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်ရေးသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ပြည်တွင်းသို့ ပထမဆုံး ဝင်ရောက်လာနိုင်တဲ့ လျှပ်စစ်ကားအဖြစ် ရေပန်းစားလာတာနဲ့ တပြိုင်နက် ပြည်တွင်းသို့ နောက်ထပ် လျှပ်စစ်ကားများ ထပ်မံဝင်ရောက်လာနိုင်တဲ့ အလားအလာတွေကြောင့် လျှပ်စစ်ကားကို စိတ်ဝင်စားတဲ့ ပြည်တွင်းက သုံးစွဲသူတွေကလည်း ကားဈေးကွက်ကို စောင့်ကြည့်နေပါတယ်။
သို့ပေမယ့် လက်ရှိ အခြေအနေအရ လျှပ်စစ်ကားများ ပြည်တွင်းမှာ အသုံးပြုနိုင်မှု အခြေအနေဟာ အလှမ်းဝေးကွာလွန်းသေးပြီး၊ ပြည်တွင်း လျှပ်စစ်ရရှိမှု အခြေအနေ၊ လျှပ်စစ်ကားများကို အားပြန်သွင်းနိုင်မယ့် အားသွင်းနေရာများ အလုံအလောက်ထားရရှိနိုင်မှုနှင့် လျှပ်စစ်ကားများအတွက် အပိုပစ္စည်းများ အရန်အသင့် ဝယ်ယူနိုင်မယ့် အခြေအနေ စတဲ့ လိုအပ်ချက်များကြောင့် ပြည်တွင်း ဈေးကွက် အတွင်း EV ကားများ မည်သို့ပင် ရောက်ရှိလာစေကာမူ ကားအသုံးပြုသူများ လျှပ်စစ်ကားများ တွင်ကျယ်စွာ အသုံးပြုနိုင် ရေးမှာ စိတ်ကူးယဉ်လမ်းမှာ စမ်းတဝါးဝါးနဲ့ လျှောက်လှမ်းရမယ့် အခြေအနေဖြစ်နေတယ်လို့လည်း ကားလောက အသိုင်းအဝိုင်းက ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။
Post Views:
3
Crd