ဒေါ်လာစျေးဂယက်ကြောင့် စားအုန်းဆီစျေးနှင့် ခရမ်းချဉ်သီးစျေးများ ပြန်လည်မြင့်တက်

ဒေါ်လာစျေးဂယက်ကြောင့် စားအုန်းဆီစျေးနှင့် ခရမ်းချဉ်သီးစျေးများ ပြန်လည်မြင့်တက်

ပြည်တွင်းဒေါ်လာစျေးဂယက်ကြောင့် အခြေခံစားသောက်ကုန်စျေးနှုန်းတွေဟာ ယခုရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာခဲ့ပြီး တက်ရိပ်ပြလာခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ အခြေခံစားသောက်ကုန်စျေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာ ကျပ်တစ်သောင်းကျော်၊ ခရမ်းချဉ်သီးတပိဿာ ကျပ်သုံးထောင် ကျော် နှင့် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၃၀၀၀ ကျော်မှ ကျပ် ၄၀၀၀ အထိ ပြန်ဖြစ်ကာ ကြက်ဥတစ်လုံးလျှင် ကျပ် ၂၃၀ မှ ၂၅၀ ကြားအထိ ပေးဝယ်နေရတယ်လို့ အိမ်ရှင်မများနှင့် အခြေခံ စားသောက်ကုန်စျေးကွက်အတွင်းမှ စုံစမ်း သိရှိရပါတယ်။

ယခင်က စားအုန်းဆီတပိဿာလျှင် ၈၅၀၀ ကျပ်သာရှိခဲ့ရာမှ အောက်တိုဘာ ၂၂ ရက်နေ့ ညပိုင်းမှ စတင်ကာ ကျပ်တစ်သောင်းအထိမြင့်တက်လာခဲ့ပြီး ယနေ့တွင် ၁၁၀၀၀ ကျပ်အထိ ထပ်မံမြင့်တက်လာခဲ့ကြောင်း ကြည့်မြင်တိုင်မြို့နယ်တွင်နေထိုင်သူ အိမ်ရှင်မတစ်ဦးကလည်း ပြောပါတယ်။

“ကုန်ဈေးနှုန်းက ပြန်တက်လာပြီ။ ဆီဈေးက ကျတယ်ဆိုရုံလေးရှိသေးတယ်။ အခု နဂိုဈေးပြန်ဖြစ်သွားပြီ။ အခု တပိဿာ တစ်သောင်းနဲ့ရတဲ့ဆိုင်က ဈေးမတက်သေးတာပဲ။ ဆိုင်တော်တော်များများက သောင်းတစ်ထောင်ဖြစ်လာပြီ” ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် အခြေခံစားသောက်များဖြစ်သည့် ဟင်းသီးဟင်းရွက်ဈေးများလည်း အနည်းငယ်မြင့်တက်လာခဲ့သည်ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မများက ပြောဆိုသည်။ ယခင်က ခရမ်းချဉ်သီးတပိဿာလျှင် ၂၀၀၀ ကျပ်သာရှိခဲ့ရာမှ ယမန်နေ့နံနက်ပိုင်းကစတင်ကာ ခရမ်းချဉ်သီးတပိဿာ ၃၀၀၀ ကျပ်အထိ ပြန်မြင့်တက်လာသည်ဟု ဆိပ်ကမ်းသာလမ်းတွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးကလည်း ပြောဆိုသည်။

“အခု ခရမ်းချဉ်သီးက သိသိသာသာတက်လာတာ။ အန်တီပြောတာ ကိုင်းခရမ်းချဉ်သီး မဟုတ်သေးဘူးနော်။ ကိုင်းသီးက တပိဿာ ၃၅၀၀ ကျပ်ကျော်ရှိတယ်။ လိုင်းပေါ်မှာ မြန်မာက ဘလက်လစ်ဝင်တယ်ဆိုတာနဲ့ လမ်းဘေးကုန်စိမ်းသည်ကအစ ချက်ချင်းခေတ်မီပစ်လိုက်တာ။ ဈေးကိုသွားရင် တစ်သောင်းတန် တရွက်ဆိုတာ ဘာဝယ်မှန်းမသိဘဲ ကုန်သွားတာ” ဟု အဆိုပါအိမ်ရှင်မက ရှင်းပြသည်။

ဒါ့အပြင်အဓိက မရှိမဖြစ် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်စျေးနှုန်းများလည်း မြင့်တက်နေပြီး ရွှေဘိုပေါ်ဆန်း ၂၄ ပြည်တစ်အိတ်လျှင် ယခင် ၉၀၇၀၀ ကျပ်မှ ယခု ၁၀၁၅၀၀ ကျပ်အထိ ပေါက်စျေးရှိနေတာဖြစ်သလို ဆန်ကြမ်းတစ်ပြည်လျှင် ကျပ် ၂၂၀၀ ကျပ်မှစတင်၍ ဆန်ချောတစ်ပြည်လျှင် ကျပ် ၃၆၀၀ ကနေ ကျပ် ၄၀၀၀ အထိ စျေးနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။

“ဒိုင်ကနေ ယူရတဲ့စျေးကိုက မြင့်တာပါ။ အခုကျနော်တို့ ကြက်တစ်ကောင်ကို ဒိုင်ယူစျေးတင် ၇၀၀၀ ယူရတယ်။ တစ်သောင်းစျေးနဲ့မှ ပြန်မရောင်းရင်မကိုက်ဘူးပေါ့။ ဟိုတနေ့ကဆို အကောင်ကြီး ၅ ကောင်ကို တစ်ကောင် ၈၀၀၀ နှုန်းနဲ့ ယူခဲ့ရတယ် လေးသောင်းဖိုးလေ၊ အဲ့လိုတွေဝယ်နေရတယ်။ အဲ့တော့ ဒီဘက်မှာ ပြန်ရောင်းတော့ စျေးတွေက တစ်သောင်းကျော်ကုန်တယ်” လို့ ရန်ကုန်မြို့ ၊ ဒဂုံဆိပ်ကမ်းမြို့နယ် စျေးအတွင်းရှိ ကြက်သားရောင်းချသူတစ်ဦးက ပြောပြခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်အပေါ်မူတည်၍ ကုန်စိမ်းနှင့် သားငါးဈေးများ ၁၀၀ ကျပ်မှ ၃၀၀ ကျပ်ကြား မြင့်တက်လာခဲ့ပြီး စားအုန်းဆီဈေးနှင့် ခရမ်းချဉ်သီးဈေးမှာမူ သိသိသာသာမြင့်တက်လာခြင်းဖြစ်သည်။

The post ဒေါ်လာစျေးဂယက်ကြောင့် စားအုန်းဆီစျေးနှင့် ခရမ်းချဉ်သီးစျေးများ ပြန်လည်မြင့်တက် appeared first on White Sone.

Crd