ဒုတိယ အင်္ဂလန်ဟု ခေါ်ဝေါ်ခဲ့ကြသော မြန်မာပြည်က မြို့လေး

ဒုတိယ အင်္ဂလန်ဟု ခေါ်ဝေါ်ခဲ့ကြသော မြန်မာပြည်က မြို့လေး

“ဒုတိယ အင်္ဂလန်ဟု ခေါ်ဝေါ်ခဲ့ကြသော မြန်မာပြည်က မြို့လေး (သို့) ပြင်ဦးလွင်မြို့”

ပြင်ဦးလွင်သည် မန္တလေးတိုင်းအတွင်း တည်ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်း နယ်စပ် ဖြစ်သည်.. အင်္ဂလိပ်တို့သည် ၁၈၈၅ ခုတွင် တတိယကျူးကျော်စစ်ဖြင့် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ပြီး နွေရာသီဘုရင်ခံရုံးစိုက်ရာမြို့အဖြစ် အင်္ဂလန်နှင့် ရေမြေတောတောင်ရာသီဥတု ကိုက်ညီမှုရှိသည့် ပြင်ဦးလွင် ရှမ်းဓနုရွာလေးကို ရွေးချယ်ကာ မေမြို့အဖြစ် မြို့ပြစီမံကိန်းဖော်ဆောင်ပြီးတည်ခဲ့သည်။

မေမြို့ မြို့တည်ရာတွင် ထိုအချိန်က အင်္ဂလန်တွင်ရှိနေသည့် တိုက်တာနေအိမ် အဆောက်အအုံများ၊ လမ်းနာမည်များနှင့် အနီးစပ်ဆုံး တူညီအောင်ဆောင်ရွက်ခဲ့ကြသလို ချယ်ရီ၊ ယူကလစ်၊ ပင်လယ်အုန်း (ခါတော်မီ) ပင်များမှအစ စတော်ဘယ်ရီ၊ ဒေစီ၊ ဒေလီယာ စသည့်သစ်ပင်ပန်းပင်တို့ကို အင်္ဂလန်မှ မှာယူစိုက်ပျိုးစေခဲ့သည်။ မေမြို့အဖြစ် ၁၈၉၆ ခုနှစ်တွင် စတင်မြို့တည်ဆောက်၍ ဥရောပပုံစံ အဆောက်အအုံများ ဆောက်လုပ်သည့် အထဲတွင် ၁၉၀၆ ခုနှစ်ကတည်းက ဆောက်ခဲ့သော ပြည်သူ့ဆေးရုံကြီးသည်လည်း တစ်ခုအပါအ၀င်ဖြစ်ခဲ့သည်။

ထိုအချိန်က ပြည်သူ့ဆေးရုံကြီးကို ဥရောပတိုက်သားများအတွက် အဆောင် (European Ward) နှင့် အာရှတိုက်သားများအတွက် (Asian Ward) ဟူ၍ ခွဲခြားဆောက်လုပ်စေခဲ့သည်။ ဆေးရုံကြီး၌ ဥရောပတိုက်သားများအတွက် ငွေပေးချေစနစ် ၁၃ နေရာနှင့် အာရှတိုက်သားများအတွက် ၄ နေရာထားပေးခဲ့သည်။ ဆေးရုံကြီး၌ ဥရောပတိုက်သား ဆရာ၀န်ကြီးတစ်ဦးကို အုပ်ချုပ်စေ၍ လက်ထောက်ဆရာ၀န် နှစ်ဦး၊ ဥရောပအမျိုးသမီးသူနာပြု လေးဦးတို့ကို ထားရှိခဲ့သည်။

ထိုအချိန်က မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီနိုင်ငံ တစ်ခုဖြစ်နေရာ မြန်မာပြည်အနှံအပြားတွင် တာ၀န်ထမ်းဆောင်လျက်ရှိနေကြသော အင်္ဂလိပ်တို့သည် မိမိတို့၏ ကလေးများ မီးဖွားသန့်စင်ရာတွင် ကိုလိုနီနိုင်ငံတွင် မမွေးဖွားဘူးဟုဆိုကာ အင်္ဂလန်အထိပြန်၍ မွေးဖွားခဲ့ကြရသည်။ သို့သော်လည်း ထိုခေတ်ထိုအချိန်က ယခုကဲ့သို့ လေယာဉ်များ ပေါများစွာမရှိသေးဘဲ ပင်လယ်ရေကြောင်းခရီးမှပင် သင်္ဘောများနှင့်ရက်ရှည်လများစွာ သွားရသောကြောင့် လမ်းခရီးတွင် အန္တရာယ်များပြီး အချိန်ကြန့်ကြာမှုများဖြစ်ခဲ့ရသည်။

ထို့ကြောင့်လည်း အင်္ဂလန်အစိုးရသည် ထိုအခက်အခဲများကို ပြေလည်စေရန် မြန်မာပြည်အရပ်ရပ်ရှိ ဥရောပတိုက်သူများ ကလေးမွေးဖွားမည်ဆိုလျှင် မေမြို့ပြည်သူ့ဆေးရုံကြီး၌ လာရောက်မွေးဖွားပါက မွေးစားရင်းတွင် Born in England အင်္ဂလန်တွင် မွေးဖွားသည်ဟု ထည့်သွင်းမှတ်တမ်းတင်ပေးခဲ့သည်။

ယခင်ကတည်းက အင်္ဂလန်နှင့် တောတောင်ရေမြေ ရာသီဥတုတူညီခဲ့သည့် မေမြို့သည်လည်း ထိုအချိန်မှစ၍ ဒုတိယအင်္ဂလန်ဟု ထင်ပေါ်ကျော်ကြား လူသိများခဲ့ရသည်။ မေမြို့ပြည်သူ့ဆေးရုံကြီးသည် မြန်မာနိုင်ငံသို့ ဂျပန်များ၀င်ရောက် သိမ်းပိုက်ခဲ့သည့် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်တို့၏ ဆောင်ကြာမြိုင်အဖြစ် အသုံးပြုခဲ့ရပြီး ၁၉၄၅ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် မေမြို့ကို အင်္ဂလိပ်တို့ ပြန်လည်သိမ်းပိုက်ပြီးချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

သို့သော်လည်း လက်ရှိနေရာတွင် ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ခုတင် ၄၀ ဆံ့ ယာယီဆေးရုံအဖြစ် Craddock Court (ယခုနန်းမြိုင်ဟိုတယ်) ၌ ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၄၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ထပ်မံ၍ စိန်မိုက်ကယ်ကျောင်း (ယခု အထက-၄) သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရ၍ ထိုဆေးရုံကို ကက်စ်ဘီ (၁၃) ဆေးရုံဟု ခေါ်ခဲ့ကြသည်။

ယခုဆေးရုံကြီးနေရာအား ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှသာ အပြီးအပိုင် ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ခဲ့ပေသည်။ မည်သို့ပင်ဖြစ်စေ တစ်ခေတ်တစ်ခါက ပြင်ဦးလွင် (ခေါ်) မေမြို့သည် ဒုတိယ အင်္ဂလန်ဖြစ်ခဲ့ရပြီး အဆိုပါ ဒုတိယ အင်္ဂလန်ဖွား ဥရောပတိုက်သားများသည် ယနေ့အချိန်အထိ အင်္ဂလန်တွင် သက်ရှိထင်ရှားရှိနေသေးကြောင်း သိရသည်။ (လေးစားစွာဖြင့် မူရင်းရေးသူကို..)

1

Crd



Post Views:
14

Crd