ဒီနေ့အိမ်မှာဆန်ကုန်နေလို့ဆန်သွားဝယ်ရင်းနဲ့အမေရိက မှာရောင်းနေကြတဲ့ဆန်တွေအကြောင်းကိုပြောပြချင်လို့ပါ

Knowledge

ဒီနေ့ အိမ်မှာ ဆန်ကုန်နေလို့ ဆန်သွားဝယ်ရင်းနဲ့ အမေရိက မှာ ရောင်းနေကြတဲ့ ဆန်တွေအကြောင်းကို ပြောပြချင်လို့ပါ

အမေရိကန်လူမျိုးတွေက ထမင်းဆိုတာကို ၁လနေလို့ တခါမစားကြတဲ့ လူမျိုးတွေဖြစ်တာကြောင့် သူတို့အိမ်တွေမှာ ဆန်ဆိုတာကို ဘယ်တော့မှ ဝယ်မထားကြပါဘူး
အမေရိကရောက်နေကြတဲ့ အာရှလူမျိုးတွေနဲ့ အိန္ဒိယအပါအဝင် Middle East ဒေသက လူမျိုးတွေ Spanish လို့ခေါ်တဲ့ လက်တင်အမေရိက က လူမျိုးတွေသာ ဆန်ကို အဓိကထား စားသုံးကြပါတယ်။

အမေရိကန်လူမျိုးတွေကိုသာ အဓိကထားပြီး ဆန်တွေသွင်းရောင်းမယ်ဆိုရင်တော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး
အမေရိကကို ဆန်တွေ အကြီးအကျယ်တင်ပို့ပြီး စျေးကွက်ကိုချုပ်ကိုင်ထားတဲ့ တိုင်းပြည်တွေကတော့၊ထိုင်း၊ဗီယက်နမ်၊အိန္ဒိယ နဲ့ ပါကစ္စတန် တွေဘဲဖြစ်ပါတယ်
ထိုင်းနဲ့ ဗီယက်နမ်က Jasmine Rice လို့ခေါ်တဲ့ မွှေးကြိုင်ပြီး ဆန်လုံးလည်းရှည်တဲ့ ဆန်မျိုးတခုထဲကိုသာ အဓိကထားပြီး သွင်းပါတယ် ဒီဆန်မျိုးက ပျော့ပျော့ပြောင်းပြောင်းနဲ့ အဆီများပြီး စားလို့လည်း အင်မတန်ကောင်းပါတယ်။

ဒီဆန်ကို မြန်မာ အပါအဝင် အရှေ့တောင် အာရှက လူမျိုးတွေအများဆုံးဝယ်စားကြပါတယ် အဆီအနှစ်တွေများတဲ့အတွက်ကြောင့် ဆီးချိုသမားတွေအတွက်တော့ ဆီးချိုတွေပိုတက်စေပါတယ် အမေရိကကို တင်သွင်းလာတဲ့ ဆန်တွေထဲမှာ စျေးအကြီးဆုံးနဲ့ လူစားအများဆုံးဆန်ပါ တင်သွင်းလာတဲ့ ထုပ်ပိုးမူ့ပုံစံတွေက ပေါင် ၂၀ ( သို့ ) ၂၅ ပေါင် အိတ်လေးတွေနဲ့ပါ။

ဆန်အရည်အသွေးသန့်စင်မူ့ရော ထုတ်ပိုးထားမူ့ပုံစံကရော သေသပ်အဆင့်မြင့်ပါတယ် လက်လီရောင်းတဲ့စျေးတွေကတော့ ၂၅ ပေါင် ၁ အိတ်ကို ၂၅ ဒေါ်လာလောက် ရောင်းပါတယ် ၁ ပေါင် ကို ၁ ဒေါ်လာနူန်းလောက်ကျပါတယ် မြန်မာပြည်က ပြည်နူန်းနဲ့တွက်ကြည့်ရင်တော့ ၁ပြည်မှာ ၄.၉၄ ပေါင် ရှိတယ်ဆိုတော့ ၂၅ ပေါင် ၁ အိတ်မှာ ၅ပြည်လောက်ရှိပါတယ်
အဲဒီ Jasmine Rice ဆန် ၅ ပြည်တအိတ်ကို ယနေ့ ဒေါ်လာပေါက်စျေးနဲ့ဆို မြန်မာငွေ ၃သောင်း၄ထောင်လောက်ပေးပြီး ဝယ်စားရပါတယ်။

ဒါက ထိုင်းနဲ့ ဗီယက်နမ်က ဆန်ကုန်သည်တွေရဲ့ အမေရိကန် စျေးကွက်ကြီးတခုပေါ့ Jasmine Rice နဲ့ပါတ်သက်လာရင် အမေရိကန်စျေးကွက်ကို အပြိုင်လုနေကြတဲ့ ၂ နိုင်ငံ နောက် နိုင်ငံ ၂ ခုကတော့ အိန္ဒိယ နဲ့ ပါကစ္စတန် ဒီနိုင်ငံတွေကတော့ Jasmine Rice မထွက်ဘူး သူတို့တင်သွင်းနေကြတဲ့ အဓိကဆန်က Basmati Rice ( ဘာစမာတီ) လို့ခေါ်တဲ့ အဆီမပါ ခပ်ခြောက်ခြောက်နဲ့ ဆန်တောင့်ရှည်တဲ့ ဆန်မျိုးပါ။

အဆီမပါတော့ ကျန်းမာရေးနဲ့ညီတယ် လျှာအရသာခံမယ်ဆိုရင်တော့ Jasmine လောက်တော့ အရသာမရှိဘူးပေါ့ ဆီးချိုသမားတွေအတွက် အဓိကထားတယ်သူတို့ရဲ့ ဆန်အိတ်တွေပေါ်မှာကို Suitable for Diabetics ဆိုတဲ့ ဆီးချိုသမားတွေအတွက် သင့်လျော် ပါတယ် ဆိုတဲ့ စာကို အသားပေးဖေါ်ပြပြီး စျေးကွက်ကို ထိုးဖေါက်ကြတယ် Basmati Rice လေးတွေက ချက်ပြီးရင် လှလှပပ ရှည်မျောမျောလေးတွေနဲ့ စားချင်စဖွယ်ပါဘဲ ထမင်းလုံးလေးတွေက စီးကပ်မနေဘူး တလုံးခြင်း တစ်ထောင့်ခြင်းဖြစ်နေတယ်
အဲဒီ Basmati Rice ကို ပေါင် ၂၀ နဲ့ ၁၀ ပေါင် အိတ် ၂ မျိုးနဲ့ တင်သွင်းကြတယ်။

စျေးကတော့ Jasmine စျေးနဲ့ သိပ်မကွာပါဘူး ပေါင် ၂၀ အိတ်( ၄ပြည်) ကို ဒေါ်လာ ၂၀ နဲ့ ၁၀ပေါင်အိတ် (၂ပြည်) ကို ၁၀ ဒေါ်လာနဲ့ ပေးဝယ်စားရတယ် သူလည်း ၁ပြည်ကို မြန်မာငွေ နဲ့ ၇ ထောင် လောက် ကျပါတယ် အဲဒီ Basmati ဆန်အိတ်လေးတွေကို ထုတ်ပိုးထားတဲ့ ပုံစံက အလွန်အဆင့်မြင့်တယ်- လှပလွန်းတယ်- မသိရင် ဆန်အိတ်လို့တောင် ထင်ရက်စရာမရှိဘူး။

Jasmine Rice တွေ တင်သွင်းနေတဲ့ ထိုင်း နဲ့ ဗီယက်နမ်ထက်တောင် ထုတ်ပိုးမူ့အပိုင်းမှာ သာလွန်တယ်
အမေရိကရဲ့ Basmati ( ဘာစမာတီ )စျေးကွက်ကို အားပြိုင်နေတာကတော့ အိန္ဒိယ နဲ့ ပါကစ္စတန် ၂ နိုင်ငံပါဘဲတကယ်တန်းကြီးစိုးထားတာကတော့ Basmati မှာ အိန္ဒိယ နဲ့ Jasmine မှာ ထိုင်းနိုင်ငံတွေပါဘဲ။

သူတို့ရဲ့ အောင်မြင်မူ့တွေက ဘာ့ကြောင့်လည်း မြန်မာစကားနဲ့ဆိုရင် ဂျင်းမထည့်ဘူး အလေးချိန်ခွင်မှန်တယ် ဆန်အရည်အသွေး အင်မတန်မှ သန့်စင်တယ် ထုတ်ပိုးမူ့တွေ ကောင်းကြတယ် ဒါတွေပါဘဲ အဓိက ပြောချင်တာကတော့ အဲဒီဆန်တွေ သွားဝယ်တိုင်း စိတ်ထဲမှာ ကိုယ့်မြန်မာပြည်အတွက် အလွန်ကို စိတ်မကောင်းဖြစ်ရတယ် ဝမ်းနည်းရတယ်။

ဆန်လောကမှာ အခုအောင်မြင်နေကြတဲ့ ထိုင်းနဲ့ အိန္ဒိယ ဆိုတာ ဆန်နဲ့ ပါတ်သက်လာရင် တချိန်က မြန်မာပြည်ရဲ့အောက်မှာပါ ကမ္ဘာပေါ်မှာ ဆန်အထွက်ဆုံးက မြန်မာတချိန်က သူများတိုင်းပြည်တွေထက်စောပြီး နေရာရအောင်မြင်ခဲ့တဲ့တိုင်းပြည် အခု ဘာလို့ မအောင်မြင်ဘဲ ကျဆုံး ကျန်ခဲ့ရတာလဲ အဓိကကတော့ Upgrade မလုပ်နိုင်ခဲ့လို့ဘဲအခု ကမ္ဘာမှာ အောင်မြင်နေတဲ့ Jasmine Rice နဲ့ Basmati Rice ကို မြန်မာပြည်မှာ ခေတ်မှိနည်းစနစ်တွေနဲ့ မစိုက်ပျိုးနိုင်ခဲ့ကြဘူး သမာရိုးကျနည်းတွေနဲ့ ဘဲ ဖြတ်သန်းနေကြရတယ်။

အထွက်တိုးစပါးတို့ မျိုးကောင်းစပါးတို့ စံပြစိုက်ကွင်းတို့ ဆိုတာတွေကလည်း ကွက်ကြားမိုးလေးနဲ့ ဆိုင်းပုဒ်တွေထောင်ထားတာဘဲရှိခဲ့ဘူးပါတယ် တနိုင်ငံလုံးအတိုင်းအတာနဲ့ တိုးတက်အောင် မလုပ်နိုင်ခဲ့ကြဘူး အဓိကကတော့ ခေတ်အဆက်ဆက်အုပ်ချုပ်သွားကြတဲ့ အတ္တသမား ကိုယ်ကျိုးရှာသမား အစိုးရဆိုး တွေကြောင့်ပါဘဲအခုဆို မြန်မာပြည်က ငွေတတ်နိုင်တဲ့ ဆီးချိုသမားတွေက အိန္ဒိယက Basmati Rice ဆန်ကို စျေးကြီးပေးပြီးဝယ်စားနေကြရတယ် နောက်ဆုံးတော့ Upgrade မလုပ်နိုင်လို့ သူများနိုင်ငံတွေနောက် ကျန်ခဲ့ရတဲ့အဖြစ်တွေကတော့ ဆန်တမျိုးထဲမှ မဟုတ်ပါဘူး ပညာရေး။စီးပွါးရေး၊ကျန်းမာရေး၊အားကစား၊ ဘက်ပေါင်းစုံကပါဘဲ။

Upgrade မလုပ်နိုင်လို့ ကျန်ခဲ့ကြတာဟာ တိုင်းပြည်တခုမှ မဟုတ်ပါဘူး စီးပွါးရေးလုပ်ငန်းတွေမှာလည်း ဒီလိုပါဘဲ Apple တို့ Samsung တို့ အောင်မြင်နေတာဟာ အမြဲတန်း Upgrade လုပ်နိုင်နေလို့ပါ သူတို့ထက်အရင် အောင်မြင်ခဲ့တဲ့ Nokia ကျဆုံးသွားရတာဟာ ခေတ်နဲ့အမှိ Upgrade လိုက်မလုပ်နိုင်ခဲ့လို့ပါဘဲတချိန်က မြန်မာပြည်မှာ သူများနိုင်ငံတွေက ဦးမော့ ဂုဏ်ယူမူ့ကို ခံခဲ့ရတဲ့ ရန်ကုန် တက္ကသိုလ် ရန်ကုန်ဆေးရုံကြီး ရန်ကုန်လေဆိပ် အောင်ဆန်းအားကစားကွင်းကြီးတွေကတော့ ဒီအချိန်မှာ သူတို့ကို Upgrade လုပ်ပေးနိုင်မယ့် အစိုးရကောင်းမျိုးတွေကို မကြုံတွေ့ခဲ့ရတဲ့အတွက် သမိုင်းဟောင်းကြီးထဲမှာဘဲ အလွမ်းမျက်ရည်တွေနဲ့ ကျန်နေခဲ့ရပါတော့တယ် ဆိုလိုချင်တာက နောက်ကျကျန်ခဲ့တဲ့ ပညာရေး ကျန်းမာရေး အားကစား စတာတွေကို ဆိုလိုတာပါ။

တိုင်းပြည်မှာ ဒီလိုမျိုး အဘက်ဘက်က နိမ့်ကျနေတဲ့ အချိန်မှာတောင် အာဏာငန်းတက်နေကြတဲ့ လူတွေက လက်ရှိပြည်သူ့အစိုးရနဲ့ အတူပူးပေါင်းပြီး တိုင်းပြည် တိုးတက်အောင် လုပ်ဘို့ မစဉ်းစားဘဲ ထောက်ခံပွဲတွေ ဆန္ဒထုတ်ဖေါ်ပွဲတွေနဲ့ Version အနိမ့် အဟောင်းကြီးတွေကြားမှာဘဲ ပျော်မွှေ့နေကြတုန်းပါဘဲလားစိတ်ဓါတ်တွေရော ခံယူချက်တွေရော အသိအမြင်တွေရော တိုင်းပြည်မျက်နှာကြည့်ပြီး Upgrade လုပ် အဆင့်မြှင့်တင်ကြဘို့ မစဉ်းစားကြတော့ဘူးလား ?

မြန်မာပြည်ကြီးကို ချစ်ခင်သနားသောအားဖြင့် မကြာခင်ကြရောက်လာတော့မယ့် ၂၀၂၁ နှစ်သစ်ကစပြီး
ကျနော်အပါအဝင် မြန်မာနိုင်ငံသားတွေအားလုံး မြန်မာပြည်ကြီးတိုးတက်ဘို့အတွက်အတွေးအမြင်သစ်တွေနဲ့ Upgrade လုပ်အဆင့်မြှင့်တင်ပြီး ကြိုးစားကြပါစို့လို့ ဆန္ဒပြုလိုက်ရပါတယ်၂၀၂၁ ကစပြီး မြန်မာပြည်ကြီးတိုးတက်အောင်မြင်ပါစေ။

Credit – Sein Myint Aung

Leave a Reply