အမေရိကန်သယ်ယူပို့ဆောင်ရေးစစ်လေယာဉ် C-146A Wolfhound တိုင်ပေလေဆိပ်ကို မနေ့က ဆင်းသက်ရပ်နားတဲ့အပေါ် တရုတ်က စိတ်ဆိုးကန့်ကွက်ထားပါတယ်။

ထိုင်ဝမ်ဟာ တရုတ်ပိုင်ဖြစ်လို့ တရုတ်မြေပေါ်ကို ကျူးကျော်တဲ့လုပ်ရပ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
အမေရိကန်နဲ့ ထိုင်ဝမ်အာဏာရပါတီအနေနဲ့ မီး နဲ့မကစားဖို့လည်း တရုတ်စစ်တပ်ပြောခွင့်ရပုဂိုလ်က ပြောပါတယ်။

အမေရိကန်လေတပ်သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ တိုင်ပေလေဆိပ်မှာ နာရီဝက်ကျော်ကြာ ရပ်နားခဲ့ပြီး နည်းပညာအထောက်အကူပစ္စည်းတွေလာပို့တာလို့ ထိုင်ဝမ်သတင်းတွေကဖေါ်ပြပါတယ်။
ပြီးခဲ့တဲ့လ ဇွန်လ (၆) ရက်နေ့တုန်းကလည်း အမေရိကန်အထက်လွှတ်တော်အမတ်တွေလိုက်ပါလာတဲ့ အမေရိကန်လေတပ် C-17 Globemaster lll စစ်လေယာဥ်တိုင်ပေလေဆိပ်ကို ဆင်းသက်ရပ်နားခဲ့ပါတယ်။ တိုငိဝမ်ကို ကိုဗစ်ကာကွယ်ဆေးတွေလာရောက်လှူဒါန်းခဲ့တာပါ။ အဲဒီတုန်းကလည်း မီး နဲ့ မကစားဖို့ တရုတ်က အမေရိကန်ကို သတိပေးခဲ့ပါသေးတယ်။

ထိုင်ဝမ်ဟာ တရုတ်ပိုင်ဖြစ်လို့ ဘယ်နိုင်ငံကစစ်လေယာဥ်မှ တရုတ်အစိုးရခွင့်ပြူချက်မရပဲဆင်းသက်ခွင့်မရှိဘူးလို့ တရုတ်က ကြေညာထားတာဖြစိပါတယ်။တရုတ်အစိုးရဆီက ခွင့်ပြုချက်မရပဲ အမေရိကန်လေတပ်က (၂) ကြိမ်ဆင်းသက်ရပ်နားခဲ့တာဖြစ်ပါတယ်။
ဒ့ါအပြင် တရုတ်နိုင်ငံဟာ ‘မကောင်းဆိုးဝါးအင်ပါယာ’ ဖြစ်လာနေတယ်လို့ အမေရိကန်သမ္မတဟောင်း မိုက်ပန့်စ်က ပြောကြားလိုက်ပြီး ဘိုင်ဒန်အစိုးရအနေနဲ့ ပိုမိုပြင်းပြင်းထန်ထန် တုန့်ပြန်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

“တရုတ်ကွန်မြူနစ်ပါတီဟာ ကျွန်တော်တို့ရဲ့ သာယာ၀ပြောမှု၊ လုံခြုံရေး၊ ကမ္ဘာပေါ်က လူ့တန်ဖိုးတွေကို အကြီးမားဆုံး ခြိမ်းခြောက်နေပါတယ်။ လက်ရှိမှာ မကောင်းဆိုးဝါးအင်ပါယာ မဖြစ်သေးပေမယ့် ဒီလိုဖြစ်ဖို့ သူတို့ နေ့စဉ်နေ့တိုင်း ကြိုးစားဆောင်ရွက်နေပါတယ်” လို့ မနေ့က တတ်သိပညာရှင်များအဖွဲ့ Heritage Foundation ရဲ့ အခမ်းအနားမိန့်ခွန်းမှာ မိုက်ပန့်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အမေရိကန်အတွက် တရုတ်ဟာ စစ်အေးခေတ် ဆိုဗီယက်ပြည်ထောင်စုထက် ပိုမိုကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာတယ်လို့လည်း မိုက်ပန့်စ်က ဆိုပါတယ်။
ထရမ့်နဲ့ မိုက်ပန့်စ်တို့ဦးဆောင်တဲ့ အမေရိကန်အစိုးရဟောင်းဟာ စီးပွားရေးပိတ်ဆို့တာ၊ အခွန်တိုးကောက်တာ၊ ကိုဗစ်ကပ်ရောဂါအတွက် ဝေဖန်တာတွေလို ပြင်းထန်တဲ့ ပေါ်လစီတွေနဲ့ တရုတ်ကို ရင်ဆိုင်ခဲ့တာပါ။

လက်ရှိအမေရိကန်အစိုးရဟာ အားနည်းတယ်လို့ တရုတ်က ယူဆနေပြီး၊ ကိုဗစ်ကိစ္စ၊ တရုတ်အစိုးရရဲ့ ကိုလိုနီလက်သစ်ဝါဒတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဘိုင်ဒန်အစိုးရအနေနဲ့ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အရေးပါတဲ့ လုပ်ငန်းတွေကို တရုတ်စီးပွားရေးကနေ ဖယ်ခွာဖို့၊ ထိုင်ဝမ်နဲ့ ကုန်သွယ်ရေးအားကောင်းအောင် လုပ်ဆောင်ဖို့၊ တရုတ်ကုန်ပစ္စည်း တင်သွင်းမှုကို လျှော့ချဖို့၊ ကိုဗစ်ပေါ်လာမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မပေးရင် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကျင်းပခွင့်ကို ရုပ်သိမ်းရေး တောင်းဆိုဖို့၊ ဝီဂါလူမျိုးစုတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှု အဆုံးသတ်ရေး ဖိအားပေးဖို့ စတာတွေ လုပ်ဆောင်သင့်တယ်လို့လည်း ဒုတိယသမ္မဟောင်းက အကြံပြုခဲ့ပါတယ်။