
News Social News

တရုတ်က တိုင်ဝမ်ကို ဘာကြောင့် အင်အားသုံးပြီး မသိမ်းပိုက်နိုင်တာလဲ မသိမ်းပိုက်ရဲတာလဲ…?

ဆင်ဖမ်းမယ်၊ကျားဖမ်းမယ်နဲ့ အပြောကြီးနေတဲ့ တရုတ်ပြည်ဟာ နန်စီပလိုစီရဲ့ တိုင်ဝမ်ခရီးစဉ်မှာ အရှက်ကွဲရသလို အခုအခါလည်း အမေရိကန်လွှတ်တော်အမတ်တွေ တိုင်ဝမ်ကို ထပ်ရောက်လာပြန်လို့ ထပ်ခါထပ်ခါ အရှက်တွေကွဲ ဖြစ်နေရတယ်။ တိုက်ရိုက် မတုံ့ပြန်ရဲတဲ့အတွက် ရေထဲကိုချည်း ဒုံးကျည်တွေနဲ့ပစ်နေရတယ်။ ဆီကုန်ခံပြီး လေယာဉ်တွေ ကျွမ်းထိုးပြနေရတယ်။

တရုတ်နဲ့ မိုင်တစ်ရာအကွာက တိုင်ဝမ်ကို သူ့နိုင်ငံနယ်နိမိတ်ထဲကို တရားဝင်ထည့်ဖို့ ကြိုးစားနေတာ အားလုံးသိကြပေမဲ့ အခုအထိတော့ ခြိမ်းခြောက် အကျပ်ကိုင်နေတာထက် မပိုနိုင်သေးလို့ ယူဆကြတယ်။ တိုင်ဝမ်ကို အင်အားသုံးပြီး ဝင်ရောက်သိမ်းယူဖို့အထိ ဖြစ်လာစရာမရှိသေးပါဘူး။ နောက်ဆုံးရွေးချယ်စရာအဖြစ်သတ်မှတ်ထားရင်တောင်မှ အခုအချိန်မှာ ခဏရပ်ဆိုင်းအဆင့်မျိုးမှာပဲ ရှိနိုင်တယ်။

ပထမဆုံးအချက်ကတော့ တရုတ်ဟာ ရုရှားယူကရိန်းစစ်ပွဲကနေ သင်ခန်းစာယူခဲ့တာပဲ လို့ Wall Street Journal မှာ ရေးပါတယ်။ ရုရှားဟာ သာလွန်အင်အားသုံးပြီး ယူကရိန်းမြို့တော် ကိယက်ကိုသိမ်းယူဖို့ ကြိုးစားပေမဲ့ မြို့တော်ပျက်စီးသွားတာကလွဲလို့ မအောင်မြင်ခဲ့ပါဘူး။ တင့်ကားပေါင်းထောင်ချီ၊ လေယာဉ်ပေါင်း ရာချီ၊ လူ့အသက်ပေါင်းသောင်းချီသေပြီး အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရတယ်။ ရုရှားစစ်တပ်ကြီးဟာ ဟန်သာရှိပြီး အဆန်မရှိတဲ့စစ်တပ်အဖြစ် ကမ္ဘာမှာ ရှက်ဖွယ်လိလိ ဖြစ်သွားတာပဲ အဖတ်တင်ခဲ့ရတယ်။

နျူကလိယားစစ်ပွဲမျိုးမှာ ဘယ်သူမှအနိုင်မရမှန်း အားလုံးသိတဲ့အတွက် သမရိုးကျစစ်ပွဲကိုသာ ဆင်နွှဲရမှာဖြစ်တယ်။ ဒုံကျည်မိုးရွာပြီး တိုင်ဝမ်ကိုဖျက်ဆီးမယ်ဆိုရင် တရုတ်အတွက် ရလဒ်က
အနုတ်လက္ခဏာပဲ ထွက်လာမယ်။ တိုင်ဝမ်ဟာ ကမ္ဘာမှာ Chip ပြားတွေအများဆုံးထုတ်လုပ်နေတဲ့နိုင်ငံဖြစ်တယ်။ TSMC လို နေရာတွေပျက်စီးသွားရင် Chip ပြားတွေ အရမ်းလိုအပ်နေတဲ့ တရုတ်အတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုပဲ။

တိုင်ဝမ်မှာ ဒုံကျည်ဖျက် လက်နက်တွေလည်း အမြောက်အမြား တတ်ဆင်ထားပါတယ်။ အဲဒါတွေကိုကျော်လွန်ဖို့အတွက် ဒုံးကျည်ပေါင်း သောင်းနဲ့ချီပြီး ပစ်ရပါလိမ့်မယ်။ တရုတ်အတွက် ငွေကုန်ကြေးကျလည်း အလွန်များပါလိမ့်မယ်။
အမေရိကန်သမ္မတဘိုင်ဒင် ရော၊ တရုတ်သမ္မတစီကျင်းပင်ကပါ အခုလိုအချိန်မှာ စစ်ပွဲတစ်ခုဖန်တည်းလိုစိတ် မရှိခြင်းပါပဲ။ ကိုဗစ်ကြောင့် ကမ္ဘာ့စီးပွားရေးနှေးကွေးနေချိန်၊ စီးပွားရေးတွေကျဆင်းနေချိန်မှာ အမေရိကန်နဲ့တရုတ်စစ်ဖြစ်လာရင် ကမ္ဘာ့ဈေးကွက်ကြီးတစ်ခုလုံးပျက်စီးသွားပြီး လူသားမျိုးနွယ်စုတွေ ဒုက္ခပင်လယ်ဝေကြမှာ အမှန်ဖြစ်တယ်။ တရုတ်စီးပွားရေးသာပျက်စီးသွားရင် လူဦးရေသန်းပေါင်းတစ်ထောင့်လေးရာရဲ့ ဆန့်ကျင်မှုကြောင့် တရုတ်ကွန်မြူနစ်ပါတီလည်း ပျက်စီးသွားဖို့သာ ရှိတယ်။

ဒုတိယ အချက်ကတော့ ဒုံးကျည်ဖျက်လက်နက်တွေအမြောက်အမြားရှိတဲ့တိုင်ဝမ်ကို ဒုံးကျည်မိုးရွာပြီး ဝင်သိမ်းလို့မရနိုင်ရင် ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်နော်မန်ဒီကမ်းခြေကို မဟာမိတ်တွေ လူအားနဲ့ဝင်သိမ်းသလို လုပ်ယူဖို့လည်း မလွယ်ကူပါဘူး။ အဲဒီလိုလုပ်ဖို့အတွက် တရုတ်စစ်သား နှစ်သိန်းကနေ လေးသိန်းအထိ သုံးရလိမ့်မယ်။ ဒုတိယကမ္ဘာစစ်အတွင်းကဆိုရင် ဖော်မိုဆာ(တိုင်ဝမ်) ကျွန်းပေါ်မှာ အစာရေစာငတ်ပြတ်နေတဲ့ ဂျပန်စစ်သားသုံးသောင်းကို တိုက်ဖို့အတွက် မဟာမိတ်အင်အားလေးသိန်းအထိသုံးပြီး ပြန်လည်သိမ်းယူခဲ့ရတယ်။ ရေယာဉ်ငယ်တွေ သောင်းနဲ့ချီပြီး သုံးခဲ့ရတယ်။ အဲဒီလိုအင်အားမျိုးသုံးဖို့ တရုတ်အစိုးရဟာ စဉ်းစားဖွယ်မရှိပါဘူး။

တိုင်ဝမ်တပ်တွေကလည်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ရေးကို စတင်ဖို့လမ်းမမြင်ပါဘူး။ တရုတ်တပ်ရဲ့ စစ်ကစားမှုကိုကြည့်ပြီး ခုခံဖို့သာရှိပါတယ်။ ဒါကြောင့် စစ်ဖြစ်ဖို့အခြေအနေ အလွန်နည်းပါတယ်။
စစ်ရေးခြိမ်းခြောက်မှုဟာ မလိုအပ်ပဲ အလွန်အကျွံဖြစ်လာတဲ့အခါ ဖြစ်စေချင်တဲ့အတိုင်းဖြစ်မလာပဲ ပြောင်းပြန်သဘောတရားတွေဖြစ်လာတယ်ဆိုတာ ရုရှားယူကရိန်းစစ်ပွဲကိုကြည့်ရင် သိနိုင်ပါတယ်။ ဘယ်အဖွဲ့မှမဝင်ပဲ ကြားနေနိုင်ငံအဖြစ်ကြေညာထားတဲ့ ဘော်လတစ်သုံးနိုင်ငံဟာ ရုရှားရဲ့ အလွန်အမင်းခြိမ်းခြောက်မှုကြောင့် နေတိုးအဖွဲ့ဝင်တွေဖြစ်သွားခဲ့ကြတယ်။

တရုတ်ရဲ့ ခြိမ်းခြောက်မှုက လိုအပ်သည်ထက်ပိုလာရင် တိုင်ဝမ်ဟာ အမေရိကန်နဲ့ ပိုမိုနီးကပ်ပြီး အမေရိကန်ရဲ့ အစောင့်အရှောက်ခံနယ်တစ်ခုဖြစ်သွားတဲ့အထိ ဖြစ်လာနိုင်တယ်။ ဒီလိုအဖြစ်မျိုးကို တရုတ်ပြည်က မလိုလားပါဘူး။
အားလုံးမေ့နေတဲ့အချက်တစ်ခုရှိသေးတယ်။ ဖော်မိုဆာ(တိုင်ဝမ်)ကျွန်းကို Qin Emperor ချင်မင်းဆက်ဆီက ၁၈၉၅ မှာ ဂျပန်ကသိမ်းယူပြီး အနှစ်(၅၀) အုပ်ချုပ်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ စစ်ရှုံးတဲ့ဂျပန်က တရုတ်ကူမင်တန်အစိုးရ(KMT) ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်။ တရုတ်ကွန်မြူနစ်အစိုးရကိုလွှဲပြောင်းပေးခဲ့တာ မဟုတ်။ ဒါကြောင့် တိုင်ဝမ်ကို ကူမင်တန်အစိုးရကသာ တရားဝင်ပိုင်ဆိုင်တာဖြစ်တယ်။

တရုတ်ကွန်မြူနစ်အစိုးရဟာ တိုင်ဝမ်ကို ဘယ်တုန်းကမှ တရားဝင်မရရှိခဲ့ဘူးလို့ ကမ္ဘာ့တရားရုံးမှာ ငြင်းချက်ထုတ်လို့ ရနေတယ်။
အလွန်ဆုံးဖြစ်နိုင်တာတစ်ခုကတော့ တိုင်ဝမ်ရဲ့ ရေပြင်၊ လေကြောင်းပိုင်နက်အားလုံးကိုပိတ်ဆို့ထားလိုက်ပြီး ဒူးထောက်စေခြင်းပါပဲ။ ဒါလည်း တောင်တရုတ်ပင်လယ်မှာ အမေရိကန်ရေတပ်က အမြဲရှိနေတဲ့အတွက် ဖြစ်နိုင်ဖို့အလွန်နည်းတယ်။ တရုတ်လိုလားသူ တိုင်ဝမ်အမတ်တချို့၊ စစ်တပ်ထဲက ပုဂ္ဂိုလ်အချို့အကူအညီနဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းတာမျိုးဖြစ်လာအောင် နောက်ကွယ်က မြှောက်ပင့်ပေးနေတာမျိုးလောက်သာ ဖြစ်နိုင်ပါတယ်။

အကျဉ်းချုပ်ရရင်တော့ တရုတ်ဟာ တိုင်ဝမ်ကို အင်အားသုံးပြီးဝင်သိမ်းမဲ့ အစီအစဉ် လောလောဆယ်မရှိ၊ တရုတ်ရဲ့ စစ်အင်အားတွေပြသခြိမ်းခြောက်ရင်း တိုင်ဝမ်စစ်တပ်နဲ့ မတော်တဆ ထိတွေ့မှုအနည်းငယ်မျှလောက်သာ ရှိနိုင်ပါတယ်လို့ ထင်မြင်ယူဆပါတယ်။

crd
(The Hill သတင်းစာထဲက ဆောင်းပါးကို ဆီလျှော်အောင် ပြန်လည်ရေးသားပါတယ်။)
San Lin

Unicode











crd
San Lin

Crd