တိုင်းပြည်ကိုကာကွယ်ခဲ့တဲ့ ခြင် – The Geek Text

တိုင်းပြည်ကိုကာကွယ်ခဲ့တဲ့ ခြင်
ခြင်ဆိုတာနဲ့ လူတိုင်းမုန်းတဲ့ အင်းဆက်တစ်ကောင်ကို မြင်မိကြမှာပါ။ ဒီ စိတ်အနှောင့်အယှက်ဖြစ်စရာ သတ္တဝါဟာ သွေးစုပ်သလို၊ ရောဂါလည်း ဖြစ်စေပါတယ်။
ဒါပေမဲ့ ဒီသတ္တဝါကြောင့်ပဲ ကျူးကျော်လာသူ စစ်မိစ္ဆာတွေဟာ ဆုတ်ခွာခဲ့လို့ တိုင်းပြည်ဟာ အန္တရာယ်ကင်းခဲ့ရပါတယ်။ ဒါဟာ သမိုင်းထဲက တကယ့်ဖြစ်ရပ်မှန်တစ်ခုပါ။
သက္ကရာဇ် ၁၂၄၁ ခုနှစ်မှာ ဖြစ်ပါတယ်။ မွန်ဂိုတွေဟာ ဥရောပက ဟန်ဂေရီနားအထိ ရောက်ရှိလာခဲ့ပါတယ်။ ဥရောပဒေသအများစုဟာ မွန်ဂိုတွေရဲ့ ခြေဖဝါးအောက် ရောက်နေပါပြီ။ ဒါပေမဲ့ သူတို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။
ဟန်ဂေရီစစ်သည်တွေက ရဲရင့်ပြောင်မြောက်ကြလို့လား၊ ဒါမှမဟုတ် ဘာကြောင့်များလဲဆိုတာ ကြည့်ရအောင်နော်။
ဒါဟာ မွန်ဂိုဧကရာဇ်ကြီး ဂျင်ဂျစ်ခန်ရဲ့ သမိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဂျင်ဂျစ်ခန်ကို ၁၁၆၂ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ငယ်နာမည်က တေမူဂျင် (Tamujin) ဖြစ်ပြီး ရိုးရှင်းတဲ့ မိသားစုတစ်ခုကနေ မွေးဖွားကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။
သူ့ဖခင်က Khamag ဒေသ လူမျိုးစုတွေရဲ့ခေါင်းဆောင် ဖြစ်ပါတယ်။ သူဟာ အိမ်နီးချင်း တာတာလူမျိုးစုတွေရဲ့ လှည့်စားမှုကြောင့် အဆိပ်ခတ်ခံရပြီး ဆုံးပါးခဲ့ပါတယ်။
တေမူဂျင်က သူ့အဖေဟာ ခေါင်းဆောင်ဖြစ်လို့ သူက ခေါင်းဆောင်နေရာကို ဆက်ခံမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မွန်ဂိုလူမျိုးတွေက လက်မခံကြပါဘူး။ ဒါကြောင့် တေမူဂျင်နဲ့ မိသားစုဟာ ဘဝကို ခက်ခက်ခဲခဲ ရပ်တည်ခဲ့ကြရပါတယ်။
တေမူဂျင် အသက် (၁၅)နှစ်မှာ ရန်သူတွေဟာ သူ့မိသားစုကို အလစ်ဝင်တိုက်ပြီး သူ့ကိုလည်း ဖမ်းဆီးသွားခဲ့ပါတယ်။ သူ့ကို ကျွန်ပြုတာ ခံရပါတယ်။ ဒါပေမဲ့ စာနာတတ်တဲ့ အစောင့်အကြပ်တွေကြောင့် သူလွတ်မြောက်ခဲ့ပါတယ်။
ဒီနောက်မှာတော့ သူဟာ အဖွဲ့တစ်ခုကိုတည်ထောင်ပြီး စစ်တိုက်ဖို့လုပ်ပါတော့တယ်။ သူ့အဖွဲ့ဟာ အင်အားတောင့်တင်းလာပြီး ကွဲပြားနေတဲ့အုပ်စုတွေကို တစ်ခုပြီးတစ်ခု တိုက်ခိုက်အောင်နိုင်လာခဲ့ပါတယ်။
တေမူဂျင်က သုံ့ပန်းတွေကို မသဝာ်ပါဘူး။ သူ့ရဲ့ အင်အားဖြစ်လာအောင် သိမ်းသွင်းပါတယ်။ သူ့တို့ကို ကာကွယ်မယ်လို့လည်း သူက ကတိပေးပါတယ်။ ဒီနည်းလမ်းက အလုပ်ဖြစ်ပါတယ်။
သူရဲ့ နယ်ပါယ်က ကျယ်ဝန်းလာပါတယ်။ သူ့လက်အောက်မှာ ရာထူးပေးပြီး ခန့်ထားတဲ့ စစ်ဗိုလ်တွေ များလာပါတယ်။ သူက ရန်သူတွေကို အောင်နိုင်ပြီး ဧကရာဇ်ဘုရင်ဖြစ်ဖို့ ရည်မှန်းပါတယ်။
၁၂၀၆ ခုနှစ်မှာ တေမူဂျင်ဟာ စစ်အုပ်စုအားလုံးနီးပါးကို စုစည်းနိုင်ခဲ့ပါတယ်။ သူဟာလည်း နာမည်အသစ် ရခဲ့ပါတယ်။ ကမ္ဘာကို ပိုင်စိုးသူလို့ အဓိပ္ပါယ်ရတဲ့ “ဂျင်ဂျစ်ခန်” ဆိုတဲ့အမည် ဖြစ်ပါတယ်။ သူဟာ သမိုင်းမှာ အကြီးဆုံး အင်ပါယာကို တည်ဆောက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
၁၂၂၀ ခုနှစ်မှာ တွေ့ရှိချက်အရ သူ့ရဲ့ အင်ပါယာဟာ ပစိဖိတ်ကနေ အရှေ့အလယ်ပိုင်းဒေသအထိ ရှိပါတယ်။ မြင်းစစ်သည် ၃၀,၀၀၀ ပါတဲ့ တပ်မတစ်ခုနဲ့ ဥရောပအရှေ့ပိုင်းကို တိုက်ခိုက်ခဲ့ရာမှာ အဲဒီဒေသက လူဦးရေ (၈၀) ရာခိုင်နှုန်း ဆုံးပါးခဲ့ကြရပါတယ်။ တချို့လည်း ကျွန်ပြုခံရပါတယ်။
မွန်ဂိုတွေဟာ ပိုလန်နဲ့ ဟန်ဂေရီကိုပါ ချီတက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ထူးဆန်းစွာပဲ သူတို့ဟာ ၁၂၂၃ ခုနှစ်မှာ ပြန်လည်ဆုတ်ခွာသွားကြပါတယ်။ ကျူးကျော်မှုကိုလည်း ရွေ့ဆိုင်းရပ်နားလိုက်ပါတယ်။
အကြောင်းကတော့ မွန်ဂိုစစ်သည်တွေဟာ ငှက်ဖျားရောဂါခံစားရပြီး အားနည်းသွားလို့ပါ။ ဒါကို နောက် အနှစ်(၂၀) လောက်ကြာမှ သိကြရပါတယ်။ ဂျင်ဂျစ်ခန်ကိုယ်တိုင်လည်း ငှက်ဖျားရောဂါကို ခံစားနေရပါတယ်တဲ့။
တချို့သမိုင်းပညာရှင်တွေ ယူဆချက်ကတော့ ဂျင်ဂျစ်ခန်ဟာ ဒီရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဂျင်ဂျစ်ခန်ဟာ ၁၂၂၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ဒါပေမဲ့ မွန်ဂိုတွေဟာ ဥရောပကို ဆက်လက်ထိပါးနေတုန်းပါပဲ။ ၁၂၃၆ ခုနှစ်အထိ ဖြစ်ပါတယ်။ သူတို့ဟာ ဥရောပအရှေ့ပိုင်းအထိ ရောက်ရှိခဲ့ကြပါတယ်။
၁၂၄၁ ခုနှစ်မှာ သူတို့ဟာ ဟန်ဂေရီကို ပြန်ရောက်လာပြန်ပါတယ်။ အဲဒီကနေ ဩစတြီးယားအထိ ရောက်ပါတယ်။ ဒါပေမဲ့ သူတို့က တောင်ဖက်ကို ကွေ့ဝိုက်သွားပြီး ဟန်ဂေရီကို မဝင်ခဲ့ပါဘူး။ နောက်လည်း ဘယ်တော့မှ ပြန်မလာကြတော့ပါဘူး။
ဒီဖြစ်ရပ်က ထူးဆန်းနေပါတယ်။ တချို့ကတော့ ဂျာမန်တွေက သူတို့ကို ခုခံလို့ ဖြစ်နိုင်တယ်ဆိုပါတယ်။ ဒါပေမဲ့ ရာသီဥတုကလည်း အချက်တစ်ချက်ပါ။
၁၂၄၁ ခုနှစ်မှာ မွန်ဂိုတွေဟာ သူတို့တပ်တွေကို ဟန်ဂေရီရဲ့ လွင်ပြင်တွေမှာ အနားယူ စခန်းချစေခဲ့ပါတယ်။ သူတို့ရဲ့ အဓိကလက်နက်က လေးနဲ့မြှားပါ။ ၁၂၄၁ ခုနှစ်ကလည်း ထူးခြားစွာ စိုစွတ်တဲ့ရာသီ ဖြစ်နေပါတယ်။
မိုးများလို့ မြေပြင်ကလည်း ရွံ့နွံထူပြောပါတယ်။ မွန်ဂိုမြင်းတွေဟာ မြက်စားရပေမဲ့ ရောဂါတွေဖြစ်ကြပါတယ်။ စိုထိုင်းမှုကြောင့် လေးတွေလဲ ပျက်စီးပါတယ်။ လေးကိုကပ်ရတဲ့ ကော်တွေကစ ပျက်စီးပါတယ်။
အဓိက ကတော့ ခြင်တွေပါပဲ။ ဒီခြင်တွေကြောင့် မွန်ဂိုတွေဟာ ငှက်ဖျားဒဏ်ကို အလူးအလဲ ခံစားရပါတယ်။ သူတို့ဟာ ကန္တာရဒေသက လာခဲ့ကြသူတွေဖြစ်လို့ ဒါကို မခံစားနိုင်ကြပါဘူး။
ဒီခြင်တွေဟာ အဓိက ပြဿနာ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ဟန်ဂေရီဟာ မွန်ဂိုတွေ ကျူးကျော်မှုကို မခံရတော့ပါဘူး။ ချစ်သော စာရှု့သူတွေရော ဘယ်လိုထင်ပါသလဲ။
Knight News Team
Knight News © 2022
Crd
Post Views:
16
Crd