“တိုက်လေယာဉ်တွေဆိုတာ သကြားလုံး ကြဲချလို့လည်း ရတယ်” ဆိုတာ သက်သေပြခဲ့တဲ့ လေယာဉ်မှူးကြီး

“တိုက်လေယာဉ်တွေဆိုတာ သကြားလုံး ကြဲချလို့လည်း ရတယ်” ဆိုတာ သက်သေပြခဲ့တဲ့ လေယာဉ်မှူးကြီး

သူ့နာမည်က ဂဲဟက်ဗော်ဆင် (Gail Halvorsen) အမေရိကန်ပြည်ထောင်စု Utah ပြည်နယ်က ကျေးရွာလေးတစ်ရွာကနေ အမေရိကန်လေတပ်ရဲ့ လေယာဥ်မှူးဖြစ်လာခဲ့တယ်။ အဲ့ဒီတုန်းက ဒုတိယကမ္ဘာစစ်ပြီးခါစမှာ အမေရိကန် ဆိုဗီယက် စစ်အေးတိုက်ပွဲကာလ။ အရှေ့ဂျာမဏီ အနောက်ဂျာမဏီ အရှေ့ဘာလင် အနောက်ဘာလင်ဆိုပြီး ဘာလင်တံတိုင်းကြီး ခြားခံရတဲ့အချိန်။

ဟက်ဗော်ဆင် ဟာ ဘာလင်မြို့ပေါ် လေယာဥ်ပျံနဲ့ အကြိမ်ပေါင်းများစွာပျံသန်းခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကို ကြုံခဲ့ရပြီး စိတ်ဒဏ်ရာပေါင်းများစွာရနေတဲ့ ဘာလင်က ကလေးငယ်တွေဟာ လေယာဥ်ပျံလာရင်.. ပုန်းခိုစရာနေရာ အသည်းအသန်ရှာတတ်ကြစမြဲ။ လေယာဥ်ပျံဆိုတာ သူတို့အတွက် သေမင်းဆိုတာကို နုနုနယ်နယ်ကလေးတွေအတွက် စစ်က သင်ပေးခဲ့ပြီကိုး။ ဒါပေမယ့် ဟက်ဗော်ဆင်ရဲ့ လေယာဥ်ပျံလာပြီဆိုရင်တော့.. ကလေးတွေဟာ ပျော်ကြတယ်.. အော်ဟစ်နှုတ်ဆက်ကြတယ်။ မျှော်လင့်ချက်အပြည့်နဲ့ ကခုန်ကြတယ်။

ဟက်ဗော်ဆင်ရဲ့ လေယာဉ်ပေါ်က ကြဲချလေ့ရှိတာက လူသားအသက်ကို ဇီဝိန်ချွေမယ့် ဗုံးတွေမဟုတ်ဘူး။ လက်လုပ်လေထီးသေးသေးလေးတွေမှာ ချိတ်ထားတဲ့ သကြားလုံးတွေ၊ ချောကလက်တွေ၊ ပီကေတွေပါ။ ဟက်ဗော်ဆင် ကို သူတို့က ချစ်စနိုးနဲ့ Candy Bomber သကြားလုံးကြဲသမား လို့ ခေါ်ကြတယ်။ Uncle Wiggly Wings လို့လည်း ခေါ်ကြတယ်။ Chocolate Flier လို့လည်းခေါ်ကြတယ်။

အမေရိကန်လေယာဥ်မှူး ကာနယ်ဟက်ဗော်ဆင် ဟာ ဒီအလုပ်ကို အမေရိကန်စစ်တပ်ရဲ့ အမိန့်အောက်က လုပ်ခဲ့တာမဟုတ်ပါဘူး။ အားလပ်ရက်တစ်ခုမှာ သူဟာ.. ဘာလင်တံတိုင်းဘက်သွားရင်းနဲ့.. သံဆူးကြိုး တဖက်ခြမ်းက အစာရေစာရှားပါးနေကြတဲ့ ဂျာမန်ကလေးငယ်တွေကို တွေ့ပြီး.. သူ့လေယာဥ်ကင်းထောက်ပျံရင်းနဲ့ ကလေးတွေအတွက် သကြားလုံးတွေ၊ ချောကလက်တွေကြဲချဖို့ စိတ်ကူးရခဲ့တာပါ။

အဲ့ဒီနောက်တော့.. ဟက်ဗော်ဆင်ဟာ Operation Little Vittles လို့ခေါ်တဲ့ ချောကလက်တွေ၊ ပီကေတွေကြဲချတဲ့ အလုပ်ကို လေယာဥ်မောင်းရင်း သူသဘောနဲ့သူ လုပ်ခဲ့ပြီး.. တဖြည်းဖြည်းနဲ့ သူဟာ အမေရိကန်မှာ ကျော်ကြားလာပါတယ်။ အမေရိကန်ရဲ့ အမျိုးသားသူရဲကောင်းအဖြစ် ပြည်သူတွေက တခဲနက်ကိုထောက်ခံကြတဲ့အခါ.. ဟက်ဗော်ဆင်ရဲ့ လုပ်ငန်းမှာ အမေရိကန်အစိုးရကပါ ပါဝင်ပေးခဲ့ရပါတော့တယ်။

ကာနယ်ဟက်ဗော်ဆင် ဟာ ၁၉၇၄ ခုနှစ်မှာ အမေရိကန်စစ်တပ်ကနေ အနားယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ မှာတော့ လူသားပီသမှုပြယုဂ်တစ်ခုကို သမိုင်းတွင်ကျန်စေခဲ့တဲ့ သကြားလုံးကြဲသူ ပိုင်းလော့ကြီးဟာ အသက် ၁၀၁ နှစ်အရွယ်မှာ လောကကြီးကို နှုတ်ဆက်သွားခဲ့ပါပြီ။

တိုက်လေယာဥ်ပျံတွေဆိုတာ သကြားလုံးကြဲချလို့လည်း ရပါသေးတယ်။ အဲ့ဒီအတွက် ဘာမှမလိုဘူး။ လူသားပီသတဲ့ ဂရုဏာစိတ်ကောင်းလေးတချက်ပဲ လိုပါတယ်ဆိုတာ.. ဒီဘဲကြီးက သက်သေပြသွားခဲ့ပြီ။ ပြည်သူကပေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ လိပ်ပြာလုံစွာ ထွက်ခွာသွားခဲ့ရတဲ့ လေသူရဲတယောက်ကို ကမ္ဘာကြီးက အမြဲသတိရနေမှာပါပဲ။ (ဗြိတိသျှကိုကိုမောင်)

1

Crd

Crd