တရုတ်၊ အိန္ဒိယနဲ့ အာဆီယံမှာ အမေရိကန်ဝန်ကြီးတွေ ခြေရှုပ်နေ

News

အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး Wendy R. Scherman နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ ဒီကနေ့ တရုတ်နိုင်ငံ Tianjin မြို့မှာ ဒီကနေ့တွေ့ဆုံဆွေးနွေးပါတယ်။

ဒုဝန်ကြီး Wendy Sherman က တနင်္လာနေ့မှာ တရုတ် နိုင်ငံတော်ကောင်စီဝင် နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ Wang Yi နဲ့ မတွေ့ဆုံခင် စနေနေ့မှာ တရုတ်-အမေရိကန် နှစ်နိုင်ငံ ပြိုင်ဆိုင်မှုတွေကနေ ပဋိပက္ခတွေအထိ ဦးတည်မသွားအောင် အထိန်းအကွပ်တွေ ထားရှိလိုက်နာဖို့ ပြောကြားသွားဖို့ ရှိတယ်လို့ အမေရိကန် အဆင့်မြင့် တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

ဆွေးနွေးပွဲအသေးစိတ်ကို မထုတ်ပြန်သေးပေမဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီတန်ဘိုးတွေကို လေးစားအသိအမှတ်ပြုဖို့နဲ့ ကောင်းမွန်သန့်ရှင်းတဲ့စိတ်ဓါတ်နဲ့ ပြိုင်ဆိုင်ဖို့တွေကို ရှင်းပြခဲ့တယ်လို့ အမေရိကန်ဒုဝန်ကြီးက သူ့ တွစ်တာမှာ ရေးသားထားတာတွေ့ပါတယ်။

အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီး တရုတ်ရောက်နေချိန်မှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီး LIoyd J. Austin ဒီကနေ့ စင်္ကာပူနိုင်ငံကိုရောက်ရှိဖို့ရှိနေပါတယ်။

ဝန်ကြီး အော်စတင်ရဲ့ ခရီးစဉ်ဟာ ဘိုင်ဒင်-ဟာရစ္စ အစိုးရအဖွဲ့အနေနဲ့ အရှေ့တောင်အာရှဒေသနဲ့ အာဆီယံကို အင်ဒို-ပစိဖိတ် မဟာဗျူဟာရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ဖော်ပြရာရောက်လိမ့်မယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောဆိုခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ ဒေသတွင်း အမေရိကန်ရဲ့ ကတိကဝတ်ပြုမှုတွေ ခိုင်မာခြင်း၊ ဒေသတွင်း မိမိတို့အကျိုးစီးပွားတွေအပေါ် နိုင်ငံတကာ ဥပဒေနဲ့အညီ စည်းမျဉ်း စည်းကမ်းများအပေါ် အခြေခံတဲ့ လိုက်နာမှုရှိရေး၊ အာဆီယံ ဗဟိုချက်ပြုမှု မြှင့်တင်ရေးတို့ကို ပေါ်လွင်ထင်ရှားစေမှာဖြစ်ကြောင်း သံရုံးရဲ့ ဖေ့စ်ဘုတ်ပို့စ်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင် လက်ထက် အမေရိကန်ပြည်ထောင်စုဟာ ကုန်သွယ်ရေးမိတ်ဖက်အဖြစ် နဲ့ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကြီးမားနေတဲ့ ဒေသမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍလိုအပ်ချက်ကို အားဖြည့်ဖို့ ကြိုးစားနေပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ စင်္ကာပူကတဆင့် ဖိလသ်ပိုင် နဲ့ ဗီယက်နမ်နိုင်ငံကို ဆက်လက်ထွက်ခွါမယ်လို့ ပင်တဂွန်က သတင်းထုတ်ပြန်ထားပါတယ်။

ကာကွယ်ရေးဝန်ကြီး Austin အနေနဲ့ ပြီးခဲ့တဲ့ဇွန်လတုန်းက စင်ကာပူမှာလုပ်တဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံတခုကို ဦးဆောင်တတ်ရော်ကဖို့ စီစဉ်ခဲ့ပေမယ့်၊ ကိုဗစ်ကပ်ရောဂါစိုးရိမ်ချက်ကြောင့် အဲဒီညီလာခံကို ဖျက်ခဲ့ရပါတယ်။

ဒါကြောင့် အခု ခရီးစဉ်အတွင်း စင်ကာပူနိုင်ငံရောက်ချိန် ဇူလှိုင် ၂၇ ရက်နေ့မှာတော့ IISS နိုင်ငံတကာလုံခြုံရေးညီလာခံအတွက် မိန့်ခွန်းတရပ်ပြောဖို့ စီစဉ်ထားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက နယ်မြေပိုင်ဆိုင်ကြောင်း ကြေညာထားတာတွေကို တန်ပြန်မှုအနေနဲ့၊ ပင်လယ်ပြင်ရေကြောင်း လွတ်လပ်စွာသွားလာခွင့်ဆိုတဲ့အပေါ် အမေရိကန်ရဲ့ ပိုင်းဖြတ်မှုကို ထပ်လောင်းပြောဆိုဖို့ရှိတယ်လို့ ဝန်ကြီး Austin က ပြီးခဲ့တဲ့ဗုဒဟူးနေ့ကပဲ သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။

တချိန်တည်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အိန္ဒိယနိုင်ငံကို ဒီကနေ့ရောက်ရှိဖို့ရှိနေပါတယ်။

အမေရိကန်ရဲ့အရေးပါတဲ့ ဝန်ကြီးတွေ အခုလို တရုတ် အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေကို တချိန်ထဲခရီးထွက်နေတာဟာ အံ့အားသင့်စရာလို့ အာရှဒေသတွင်းသတင်းတွေက သုံးသပ်ကြပါတယ်။

တရုတ်အစိုးရအာဘော်သတင်းတွေကတော့ အမေရိကန်ဟာ တရုတ်ကို ထိမ်းချုပ်ဖို့ ဒေသတွင်းနိုင်ငံတွေကို စည်းရုံးနေတယ်လို့စွပ်စွဲထားပါတယ်။

Burma News

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply