တရုတ်ပြည်မှာ မီးလောင်မှုတစ်ခုကြောင့် လူ ၁၄ ဦး သေဆုံး

News

တရုတ်ပြည်အလယ်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အားစိုက်ကြိုးပမ်းနေရချိန်မှာ တရုတ်အရှေ့မြောက်ပိုင်းက Changchun မြို့မှာ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၄ ဦးအထိ သေဆုံးခဲ့ကာ ၂၆ ဦးအထိ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စနေနေ့နေ့လယ်ပိုင်းက ပစ္စည်းတွေသိုလှောင်ရာဂိုဒေါင်တစ်ခုလောင်ကျွမ်းခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေရတယ်လို့ ဆင်ဟွာသတင်းဌာနကလည်း ဖော်ပြခဲ့ပါတယ်။

ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ မီးသတ်ဝန်ထမ်းတွေဟာ လှေကား၊ ကရိန်းတွေ အသုံးပြုကာ မီးငြိမ်းသတ်ဖို့နဲ့ လူကယ်ဆယ်ဖို့အတွက် ကြိုးစားနေခဲ့ရတာကိုလည်း ဓာတ်ပုံတွေအရ တွေ့မြင်ခဲ့ရပါတယ်။

သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုက ပိုင်ဆိုင်တဲ့ ဂိုဒေါင်တစ်လုံးဖြစ်တယ်လို့ သိရပြီး ဒီနှစ်အတွင်း တရုတ်မှာဖြစ်ပွားခဲ့တဲ့ ဘေးဒဏ်တွေထဲမှာ ထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုအဖြစ် ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

တရုတ်မှာ အဆောက်အဦးစည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ်ချမှတ်ထားခြင်းမရှိသလို ခွင့်ပြုချက်မဲ့ဆောက်လုပ်မှုတွေများပြားနေတာကြောင့်လည်း မီးလောင်ကျွမ်းချိန်မှာ အဆောက်အဦးတွေထဲကနေ လွတ်မြောက်ဖို့ အခက်အခဲတွေရှိနေခဲ့တယ်လို့ India Today က ရေးသားခဲ့ပါတယ်။

ဇွန်လအတွင်းကလည်း Henan ပြည်နယ်အတွင်း သိုင်းသင်တန်းကျောင်းတစ်ခု မီးလောင်ခဲ့ပြီး လူပေါင်း ၁၈ ဦးအထိ သေဆုံးမှုဖြစ်ပွားခဲ့ပါသေးတယ်။

သေဆုံးသူတွေဟာ သင်တန်းသားကလေးငယ်တွေအများစုပါဝင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပြီး အဆောက်အဦးတွေဟာ မီးဘေးကာကွယ်ရေးစစ်ဆေးမှုတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီနှစ်အတွင်း တရုတ်မှာ ရာသီဥတုဘေးဒဏ်နဲ့ မတော်တဆဖြစ်ပွားမှုတွေဟာ လတိုင်းလိုလိုမှာ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအလယ်ပိုင်းက ကျန်းကျိုးမြို့တစ်ဝန်း နေရာအနှံ့မှာ ကြာသပတေးနေ့(ဇူလိုင် ၂၂) က ကားတွေ အစုအပုံလိုက်ဖြစ်နေကာ တုန်လှုပ်ခြောက်ခြားနေတဲ့ ဒေသခံတွေဟာ သမိုင်းဝင် ရေလွှမ်းမိုးမှုကြောင့် ပေါ်ပေါက်လာတဲ့ အပျက်အစီးပုံတွေအကြား ဖြတ်သန်းသွားလာနေကြပါတယ်။

Henan ပြည်နယ် Zhengzhou မြို့တွင် ဇူလိုင် ၂၀ ရက်နေ့ကမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ကာ မြေအောက်မီးရထားဘူတာရုံပါနစ်မြုပ်နေသဖြင့် ၁၂ ဦးသေဆုံးပြီး ၅ ဦးဒာဏ်ရာရခဲ့ပါသေးတယ်။

ဒီလအစောပိုင်းကလည်း ဟိုတယ်တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့သေးပြီး နိုင်ငံတွင်းအဆောက်အဦးတွေရဲ့ ကြံ့ခိုင်မှုနဲ့ စိတ်ချရမှုတွေကို ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုမှုတွေလည်း ရှိလာခဲ့ပါတယ်။

River News

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply