တရုတ်ပိုင် ဆန်ကုမ္ပဏီကြီးတခုမှ ဆန်ဖိုး သိန်းပေါင်း (၁) သိန်းကျော် မပေးပဲ ထွက်ပြေး

တရုတ်ပိုင် ဆန်ကုမ္ပဏီကြီးတခုမှ ဆန်ဖိုး သိန်းပေါင်း (၁) သိန်းကျော် မပေးပဲ ထွက်ပြေး
ရန်ကုန်အခြေစိုက် တရုတ်ပိုင် ဆန်ကုမ္ပဏီကြီးတစ်ခုမှ ဆန်ကုန်သည်အချို့ကို ငွေကြေးများစွာလိမ်လည်ပြီး ထွက်ပြေးသွားခဲ့ကြောင်း မူဆယ်နယ်စပ်ကုန်စည်ဒိုင် ဥက္ကဌ ဦးမင်းသိန်းထံမှ သိရသည်။

အဆိုပါ တရုတ်ပိုင် ဆန်ကုမ္ပဏီဟာ ယခင်ကထဲက ဆန်အရောင်းအဝယ်တွေပြုလုပ်နေခဲ့သည့် ကုမဏီတစ်ခုဖြစ်ကြောင်း ဦးမင်းသိန်းက ပြောပြခဲ့သည်။

“ရန်ကုန် သာဓုကန်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကထဲက ဆန်စက်တည်ထောင်ပြီး မြေတွေငှား ဂိုဒေါင်တွေငှားပြီး ဆန်တင်ပို့နေတာ။ ကုမ္ပဏီက လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်လောက်က စလုပ်နေတာ ဆန်တွေဝယ် တရုတ်ကိုတင်ပို့ အဲ့လိုတွေလုပ်တာ။ ဒါပေမယ့် ပြီးခဲ့တဲ့ သုံးလေးရက်ထဲက ပျောက်သွားပြီးတော့ ဆန်ကုန်သည်တွေ တော်တော်များများဆီက လိမ်ပြီးထွက်ပြေးသွားတာ ဘယ်လောက်ပါသွားလဲဆိုတာတော့ သေချာမသိဘူး” ဟု ဦးမင်းသိန်းက ဆိုသည်။

အဆိုပါ ကုမ္ပဏီမှာ ၂၀၁၈ ခုနှစ်တွင် မူဆယ်အခြေစိုက် ဆန်လုပ်ငန်းလုပ်ကိုင်ပြီးနောက် မန္တလေးသို့ ပြောင်းရွှေ့လာပြီး ထိုမှတစ်ဆင့် ရန်ကုန်တွင် ဆန်စက်နှင့် ဆန်စပါးကြိတ်ခွဲရောင်းဝယ်ရေးလုပ်ငန်းများလုပ်ကိုင်နေကြောင်း စုံစမ်းသိရှိရသည်။ ကုမ္ပဏီအနေဖြင့် ငွေကြေးအရှုပ်တော်ပုံဖြစ်ပွားနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ငွေကြေးလည်ပတ်နိုင်ခြင်းမရှိတော့သဖြင့် ယခုကဲ့သို့ တိမ်းရှောင်သွားခြင်းဖြစ်ကြောင်း ဆန်လုပ်ငန်းရှင်အသိုင်းအဝိုင်းကပြောသည်။

အဆိုပါ တရုတ် ဆန်ကုမ္ပဏီက မူဆယ်၊ ရန်ကုန်၊ မန္တလေးစသည့် နေရာများမှ ဆန်ကုန်သည်များဆီတွင် ဆန်များဝယ်ယူပြီး ငွေကြေးမရှင်းပေးဘဲ လိမ်လည် ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။ ဆန်စပါးသတင်းအရင်းအမြစ်များထံ ဆက်သွယ်စုံစမ်းကြည့်ရာ ငွေကျပ် သိန်းတစ်သိန်းကျော် လိမ်လည်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်ကုမ္ပဏီက ငွေလိမ်လည်မှုမှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ လဆန်းကလည်း ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်က တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေး မူဆယ်ဆန်ဈေးကွက်၌ တရုတ်နိုင်ငံသား ဆန်ကုန်သည်တဦးမှ မြန်မာဆန်ကုန်သည်များနှင့် တရုတ်နိုင်ငံ ရွှေလီ အခြေစိုက် ဆန်ကုန်သည်များအား ပေးချေရမည့် ဆန်နှင့်ဆန်ကွဲဖိုးငွေ ကျပ်သိန်းပေါင်း ၁ သိန်းကျော်ကို မပေးဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

အဆိုပါ တိမ်းရှောင်နေသူမှာ တရုတ်နိုင်ငံ ဟူပေပြည်နယ်မှ ဆန်ရောင်းဝယ်ရေး ကုမ္ပဏီပိုင်ရှင် လော်ကြံဖန် Luo Jianfang (ခေါ်) လော်လောပန်းဆိုသူဖြစ်ပြီး၊ ၎င်းမှ မြန်မာဆန်ကုန်သည်များအား ကျပ်ငွေသိန်း ၂၆,၀၀၀ နှင့် တရုတ်နိုင်ငံ ရွှေလီမြို့ အခြေစိုက် ဆန်ကုန်သည်များအား ကျပ်သိန်း ၈၀,၀၀၀ ကျော် စုစုပေါင်း ကျပ်သိန်းပေါင်း ၁ သိန်းကျော် မပေးဘဲ တိမ်းရှောင်နေခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနများက ရေးသားခဲ့ကြသည်။

Crd