တရုတ်နိုင်ငံဟာ နျူကလီယားလက်နက်တွေ တိုးချဲ့နေတယ်လို့ ပညာရှင်တွေပြော

Militarily News

တရုတ်နိုင်ငံဟာ နျူကလီးယား မစ်ဇိုင်းဒုံးကျည်တွေ သိုလှောင်နေတဲ့အပိုင်းမှာရော၊ ပစ်ဖို့ အသင့်ပြင်ဆင် နေရာချထားတဲ့အပိုင်းမှာပါ တိုးချဲ့ဆောင်ရွက်နေတယ်လို့ အမေရိကန် ပညာရှင်တွေက ပြောပါတယ်။

နိုင်ငံရဲ့အနောက်ပိုင်းက ဂြိုဟ်တုဓာတ်ပုံတွေကို ကြည့်ရင် နျူကလီးယားမစ်ဇိုင်းဒုံးကျည်တွေကို အသင့်ပစ်ဖို့ အနေအထားနဲ့ ထည့်ထားတဲ့ သိုလှောင်ကျင်းကြီးတွေ အများအပြားပါဝင်တဲ့ ကွင်းပြင်ကြီးတခုကို တည်ဆောက် နေတယ်ဆိုတာကို သိရတယ်လို့ အမေရိကန် သိပ္ပံပညာရှင်များ အဖွဲ့ချုပ် (Federation of American Scientists – FAS) က ပြောပါတယ်။

တရုတ်တို့ နျူကလီးယားလက်နက်တွေချဲ့ထွင်နေတာကို အမေရိကန် ကာကွယ်ရေးဆိုင်ရာ အရာရှိတွေက စိုးရိမ်မကင်းဖြစ်မိတယ်လို့ ထုတ်ဖော်ပြောကြ ပါတယ်။

ဒီလို ပစ်ဖို့အသင့် မစ်ဇိုင်းတွေ ဆင်ထားတဲ့ ကွင်းကြီးမျိုး အသစ်ဆောက်နေတာ တရုတ်နိုင်ငံအနောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂ လအတွင်း ၂ခုရှိတယ်လို့ ဆိုပါတယ်။

ရှင်ကျန်းပြည်နယ်မှာ တည်ဆောက်နေတဲ့ မစ်ဇိုင်း သိုလှောင်ကျင်း ကွင်းပြင်တခုမှာ အသင့် ပစ်ခတ်နိုင်တဲ့ အနေအထားမှာရှိတဲ့ မစ်ဇိုင်းအလုံး ၁၁၀ အတွက် သိုလှောင်ကျင်းတွေ ပါဝင်ပါတယ်။

ဂန်ဆုပြည်နယ် ယုမင်မြို့အနားမှာရှိတဲ့ သဲကန္တာရထဲမှာတော့ မစ်ဇိုင်းအလုံးပေါင်း ၁၂၀ အတွက် သိုလှောင်ကျင်းကွင်းပြင်ကို တည်ဆောက်နေတာ တွေ့ရတယ်လို့ ပြီးခဲ့တဲ့လက ဝါရှင်တန်ပို့စ် သတင်းစာကရေးပါတယ်။

ယုမင်မြို့ အနောက်တောင်ဘက် မိုင် ၂၄၀ အကွာ ဟာမီမှာ လုပ်နေတဲ့ မစ်ဇိုင်းကွင်းပြင် အသစ်က စတင်လုပ်နေကြအနေအထားမှာရှိတယ်လို့ FAS က တနင်းလာနေ့က ထုတ်ပြန်တဲ့ သူတို့ရဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။

နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေ စုဆောင်းသိုလှောင်တာကို နှစ်ဆ တိုးသွားဖို့ ရည်ရွယ်ထားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ၂၀၂၀ ခုနှစ်အတွင်းမှာ ပြောခဲ့ပါတယ်။

အခုတရုတ်ရဲ့ နျူးကလီးယားမစ်ဇိုင်းတွေသတင်းဟာ အမေရိကန်နဲ့ ရုရှားတို့အကြား လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲ ပြင်ဆင်နေကြတဲ့အချိန်မှာ ထွက်လာတာပါ။

နှစ်နိုင်ငံကြား နျူကလီးယားလက်နက်တွေအရေး စကားမပြောကြဘဲ တန့်နေကြရာ ကနေ ပြန်ပြီး ဆွေးနွေးကြတဲ့အဆင့်ကို တက်လာနေကြတာပါ။

ဒါပေမဲ့ နျူကလီးယားလက်နက် ထိန်းချုပ်ရေးဆွေးနွေးပွဲတွေမှာ တရုတ်က မပါဝင်သေးပါဘူး။

အမေရိကန်ကာကွယ်ရေးဌာနရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဗျူဟာကွပ်ကဲရေးဌာနက ဒီတရုတ် မစ်ဇိုင်းသတင်းတွေနဲ့ပတ်သက်လို့ သူတို့ရဲ့ စိုးရိမ်မှုကို တွစ်တာကနေတဆင့် ထုတ်ပြောလာပါတယ်။

သူတို့က “ကမ္ဘာက ရင်ဆိုင်တွေ့ရမယ့် ခြိမ်းခြောက်မှုတွေ၊ လျှို့ဝှက်ဖုံးကွယ် ထားမှုတွေကို ကျွန်တော်တို့ပြောနေခဲ့တာကြာပါပြီ၊ ပြီးခဲ့တဲ့ နှစ်လလောက် အချိန်အတွင်းမှာတော့ ဒီအကြောင်း သတင်းတွေကို အများပြည်သူတွေ နှစ်ကြိမ်တိုင် ရလာခဲ့ပြီ လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ်မှာ တရုတ်အနေနဲ့ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည် ၂၀၀ ကျော်ရှိပြီး ဒီအရေအတွက်ကို နှစ်ဆ လုပ်ဖို့ရည်ရွယ်နေကြတယ်လို့ ပင်တဂွန်က ပြောခဲ့ပါတယ်။

အမေရိကန်မှာတော့ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည် အလုံးပေါင်း ၃, ၈၀၀ ရှိတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

BBC

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply