တရုတ်တို့မူးရစ်ဆေးဝါးတိုက်ဖျက်မှု့တွင် အမေရိကန်နှင့်ပူးပေါင်းဖို့ တွန့်ဆုတ်နေ – The Geek Text

Post Views:
10
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင်ပူးပေါင်းရန် တွန့်ဆုတ်နေသည့် တရုတ်နှင့် အမေရိကန် ဆက်ဆံရေး ပိုဆိုးလာ
ထိုင်ဝမ်အရေးအပြင် တရုတ်က တရားမဝင် ထုတ်လုပ်သော ဖန်တနိုင်းအပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ဆိုင်းငံ့ထားခြင်းကြောင့် တရုတ်နိုင်ငံနှင့် အမေရိကန်ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာသည်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းနှင့်ဖြန့်ဖြူးခြင်းကို တိုက်ဖျက်သော အမေရိကန်အေဂျင်စီများသည် ဖန်တနိုင်းကို ဘာသာစကား ၂၀ ကျော်ဖြင့် လူသိရှင်ကြားရောင်းချသည့် ဝက်ဘ်ဆိုက်များကို ပိတ်ဆို့ထားသည်ဟု မှုခင်းသတင်းဂျာနယ် Reportika ကဖော်ပြသည်။
သတင်းများအရ ထိုသို့သော မူးယစ်ဆေးဝါးရောင်းချသည့် ဓာတ်ခွဲခန်းများသည် တရုတ်တွင်ရှိသည်ဟု ထင်ကြေးပေးကြသည်။
အွန်လိုင်းပေါ်၌ ဖန်တနိုင်းကို ရောင်းချမှုတွင် ပါဝင်ပတ်သက်သူများ၏ ကွန်ရက်ကိုလည်း အမေရိကန်က လိုက်လံရှာဖွေခဲ့သည်။ ဇူလိုင်လအတွင်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အွန်လိုင်းတွေ့ဆုံမှုတွင် ဖန်တနိုင်းကိစ္စအရေး ဆွေးနွေးခဲ့ကြသည်။
ရလာဒ်အနေဖြင့် နှစ်နိုင်ငံစလုံးသည် နောက်ဆက်တွဲလုပ်ငန်းများလုပ်ဆောင်ရေး ၎င်းတို့အဖွဲ့များအား တာဝန်ပေးရန် သဘောတူညီခဲ့ကြသည်။ သို့သော် အားလုံးမှာ စီစဉ်ထားသည့်အတိုင်း မဖြစ်လာဘဲ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးတွင် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ထားသည်။
တရုတ်သည် တရားမဝင် ဖန်တနိုင်း ထုတ်လုပ်ရောင်းချမှုတွင် ဗဟိုချက်ဖြစ်သည်။ ဘိန်းရောင်းချသူများက လုံခြုံရေးတင်းကျပ်မှုအားနည်းသော တရုတ်စက်မှုနယ်ပယ်ကုန်းတွင်းပိုင်းတွင် ပိုမိုအလုပ်လုပ်လိုကြသည်။ တရုတ်သည် ဖန်တနိုင်းကုန်ချောအတွက် ဆေးပါဝင်ပစ္စည်း (API) နှင့် ဓာတုပစ္စည်းများကို မြန်မာကဲ့သို့သော တောင်အာရှနိုင်ငံများသို့ ပို့ကြသည်။
အဆိုပါနိုင်ငံများ၌ ကုန်ချောအဆင့်ထုတ်လုပ်ပြီးနောက် တရုတ်သည် လူကိုသေစေလောက်အောင် အန္တရာယ်များလှသော မူးယစ်ဆေးဝါးများကို တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဩစတြေးလျ၊ မက္ကဆီကိုနှင့် ဥရောပဈေးကွက်များသို့ ပို့ဆောင်သည်။ ထိုမှတစ်ဆင့် အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်နှင့် ဘရာဇီးနိုင်ငံများနှင့် အာဖရိကသို့ အကန့်အသတ်ပမာဏဖြင့် မှောင်ခိုတင်သွင်းကြောင်း Reportikaကဖော်ပြထားသည်။
ဤတရုတ်မူးယစ်ဆေးဝါးအန္တရာယ်သည် တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် ကြီးမားသော သက်ရောက်မှုဖြစ်စေခဲ့ပြီး ထိုင်ဝမ် စစ်ရေးပဋိပက္ခဖြစ်နိုင်မှု အလားအလာနှင့် နှိုင်းယှဉ်လျှင်ပင် ယင်းပြဿနာသည် ပို၍အရေးကြီးသည်ဟု Reportikaကဆိုသည်။
By ANI News 05 October 2022
#မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင်ပူးပေါင်းရန်တွန့်ဆုတ်နေသည့်တရုတ်နှင့်အမေရိကန်ဆက်ဆံရေးပိုဆိုးလာ
Crd Moe win oo
Crd