တရုတ်ကို အာခံမလား၊ အကူအညီ ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးခံမလားဟု ကမ္ဘောဒီးယားကို အမေရိကန် ရွေးချယ်ခိုင်း
အမေရိကန်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံအား သဘောထားကွဲလွဲသူများကို ဖိနှိပ်ခြင်းများ ရပ်တန့်ခြင်းနှင့် တရုတ်အား အာခံခြင်း မဟုတ်လျှင် အကူအညီ ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခံမည်လားဟု တဲ့တိုးကျကျ ရွေးချယ်ခိုင်းလိုက်သည်။
အရှေ့တောင်အာရှ ကမ္ဘောဒီးယားသို့ ခြွင်းချက်ရှိသည့် အနည်းဆုံး ဒေါ်လာ ၈၅ သန်း အကူအညီ ရန်ပုံငွေအပါအဝင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံ ဘတ်ဂျက်ဥပဒေကို ကွန်ဂရက်က တနင်္လာနေ့တွင် အတည်ပြုလိုက်သော်လည်း အတည်ပြုလက်မှတ်ထိုးရန် ရှိနေသည့် သမ္မတ ထရမ့်ကမူ ယင်း အသုံးစရိတ် ဥပဒေအပေါ် သာသာထိုးထိုး ဝေဖန်လျက် ရှိသည်။
စာမျက်နှာ ၅၅၉၃ ပါ Consolidated Appropriations Act 2021 အက်ဥပဒေတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ နိုင်ငံရေးသဘောထားကွဲလွဲသူများနှင့် ဝေဖန်သူများကို နှိပ်ကွပ်ခြင်းများ အလျဉ်းမရှိတော့ဘဲ တရုတ်၏ ဩဇာလွှမ်းမိုးမှုမှလည်း နိုင်ငံကို အခိုင်အမာ ရုန်းထွက်ပြီဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အသိအမှတ်ပြုပါက ယင်း နိုင်ငံကို အကူအညီပေးအပ်ရန် ဖော်ပြထားသည်။
အဆိုပါ ပြဋ္ဌာန်းချက်သစ်အရ ကမ္ဘောဒီးယားအစိုးရကို ကူညီရန် ရန်ပုံငွေငွေကြေးကို လျှောက်ထားနိုင်ရန် ရှိသည်။ NGOs အများစု လုပ်ငန်းဆောင်ရွက်နေသော ပညာရေး၊ ကျန်းမာရေးနှင့် ဒီမိုကရေစီအားပေးမြှင့်တင်ရေး လုပ်ငန်းများအတွက်မူ လျှောက်ထားစရာ လိုအပ်မည် မဟုတ်ပေ။

ယခုကဲ့သို့ ဖြစ်တည်ပေါ်ပေါက်လာရခြင်းမှာ ကမ္ဘောဒီးယားတွင် တရုတ်၏ စစ်ရေးခြေကုပ်ယူမှုများ ဖြစ်လာနိုင်ခြေရှိနေခြင်းအပေါ် အမေရိကန်တာဝန်ရှိသူများ စိုးရိမ်ပူပန်လာခဲ့ရမှ ဖြစ်သည်။ ဟွန်ဆန်နှင့် အကြီးတန်း တရုတ်တာဝန်ရှိသူများကမူ အမေရိကန် စိုးရိမ်ပူပန်မှုများကို ထပ်ကာထပ်ကာ ငြင်းဆန်သည်။
အမေရိကန် စိုးရိမ်ပူပန်မှု၏ အဓိကအခရာမှာ ထိုင်ပင်လယ်ကွေ့က Ream ရေတပ်အခြေစိုက်စခန်းဖြစ်ပြီး ဂြိုဟ်တုဓာတ်ပုံများအရ ယင်းနေရာတွင် စစ်အခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်ရန် ပြင်ဆင်နေမှုကို ပြသလျက် ရှိသည်။ ထို စစ်အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းကို တရုတ်အစိုးရက ရန်ပုံငွေ ထောက်ပံ့နေသည်ဟု အကြီးတန်းရေတပ်တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလအတွင်း Nikkei Asia သို့ ပြောထားဖူးသည်။
အမေရိကန် မကြာသေးမီက ဒဏ်ခတ်ပိတ်ဆို့မှု ချမျတ်ခဲ့သည့် တရုတ်ကုမ္ပဏီတစ်ရပ်ကလည်း ကမ်းရိုးတန်းခရီးသွားလုပ်ငန်း အဆောက်အအုံများ တည်ဆောက်နေသည့် Dara Sakor စီမံကိန်းနှင့် ပတ်သက်ပြီးလည်း သံသယများ ရှိနေသည်။
အမေရိကန်၏ အသုံးစရိတ်ဥပဒေကြမ်းတွင် ဖော်ပြထားသည်မှာ Ream ရေတပ်စခန်းနှင့် အခြား စစ်အခြေခံအဆောက်အအုံများအပြင် Dara Sakor ကဲ့သို့သော ဖွံ့ဖြိုးရေးစီမံကိန်းများသည် မည်သည့်ဖက်မှ မပင်းသည် ကြားနေဖြစ်သည်ဆိုခြင်းအား အာမခံနိုင်ရမည်ဟု ဆိုထားသည်။

ကမ္ဘောဒီးယားအနေဖြင့် တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုကို အလေးထားပြီး ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအား ခိုင်မာအားကောင်းစေသင့်သည်ဟုလည်း ဆိုထားသည်။
ဒေသတွင် တရုတ်၏ နီးစပ်သော မဟာမိတ်ဖြစ်သည့် ကမ္ဘောဒီးယားအား ရေပိုင်နက်အငြင်းပွားမှု ရှိနေရာ အရှေ့တောင်အာရှနိုင်ငံအတွင်း တရုတ်၏ ကြိုးဆွဲရာအတိုင်း ပြုမူဆောင်ရွက်နေသည်ဟု စွပ်စွဲမှုများ ရှိထားသည်။
ယခု အသုံးစရိတ်ဥပဒေကြမ်းကို ဒီမိုကရက်ရော၊ ရီပတ်ဘရီကန်တို့ကပါ အတည်ပြုလိုက်ပြီးဖြစ်ရာ မကြာမီ သမ္မတ ထရမ့်ဆီသို့ ရောက်ရှိမည် ဖြစ်သည်။
သို့ရာတွင် အင်္ဂါနေ့က တွစ်တာတွင် တင်သည့် ဗီဒီယို၌ တာဝန်ထမ်းဆောင်ဆဲ သမ္မတ ထရမ့်က ယင်း ဥပဒေအား လက်မှတ်ထိုးဖြစ်မည်မဟုတ်ဟု ငြိမ်းခြောက်ထားသည်။ လေးမိနစ်စာ အဆိုပါ ဗီဒီယိုကလစ်၌ အစိုးရအသုံးစရိတ်နှင့် ကိုဗစ်ကုစားရေးရန်ပုံငွေတို့ကို တစ်ပေါင်းတစ်စည်းတည်း ပြောဆိုပြီး ကမ္ဘောဒီးယားနိုင်ငံမျိုးကို ငွေကြေးထောက်ပံ့ပေးကမ်းခြင်းအဖြစ် ထရမ့်က ဝေဖန်သည်။
ကမ္ဘောဒီးယားနှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် အမေရိကန်နှင့် တရုတ်ကြားက ပုံမှန်ကြီးထွားလာနေသော ယှဉ်ပြိုင်မှုများကို နဖူးတွေ့ဒူးတွေ့ ကြုံနေရသည်။

အမေရိကန် အသုံးစရိတ်ဥပဒေကြမ်းတွင် ဒေါ်လာ သန်း ၃၀၀ မှာ တရုတ်အစိုးရ၊ တရုတ်ကွန်မြူနစ်ပါတီနှင့် လုပ်ငန်းအစုအဖွဲ့များ၏ ဆိုးဝါးလာသော ဩဇာလွှမ်းမိုးမှုကို ချေဖျက်ရေးအတွက် ခွဲဝေသတ်မှတ်ထားခြင်း ဖြစ်သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ကိုယ်စား ဝန်ကြီးများကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ Phay Siphan က တယ်လီဖုန်းဖြင့် ပြောရာတွင် နိုင်ငံ၏ ဖွဲ့စည်းပုံက နိုင်ငံအတွင်း နိုင်ငံခြားစစ်တပ်အခြေစိုက်ခြင်းကို တားမြစ်ထားကြောင်း ပြောခဲ့သည်။
အမေရိကန်တင်မက မည်သည့်နိုင်ငံအတွက်မဆို Ream အခြေစိုက်စခန်း အဆင့်မြှင့်တင်ခြင်းနှင့် သင်္ဘောများ လာရောက်နိုင်ခြင်းကို အပြည့်အစုံ စီစဉ်နိုင်ပြီးပါက အားလုံးကို ကြိုဆိုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဒီ စီမံကိန်းကို ထောက်ခံတဲ့ ဘယ်သူမဆို ကျွန်တော်တို့က ကြိုဆိုပါတယ်။ စစ်အခြေစိုက်စခန်းတော့ ကျွန်တော်တို့ တည်ဆောက်ခွင့် ပြုမှာ မဟုတ်ပေမယ့် လာရောက်လည်ပတ်မှုမျိုးကို ကျွန်တော်တို့ ကြိုဆိုပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။
Credit – MIZZIMA