တောင်တရုတ်ပင်လယ် – တရုတ်နဲ့ အမေရိကန် လေယာဥ်တင်သင်္ဘောတွေ ဘာကွာခြားသလဲ
ယူကေ ကာကွယ်ရေး ဝန်ကြီး ဘဲန်ဝေါလေ့စ် က လာမယ့် စက်တင်ဘာလမှာ လေယာဥ်တင် သင်္ဘော HMS Queen Elizabeth ရဲ့ ဂျပန် ခရီးစဥ် ပြီးသွားတဲ့ နောက်ပိုင်း ဗြိတိန်အနေနဲ့ အာရှဒေသမှာ စစ်သင်္ဘော ၂ စင်းကို အမြဲတမ်း ချထားမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

တိုကျိုမြို့က ဗြိတိသျှသံရုံးရဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ချက်အရ ဘဲန်ဝေါလေ့စ် က ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂ ကို ဗြိတိန်နဲ့ ဂျပန်ဟာ မဟာဗျူဟာပိုင်း တူညီမှုတွေ ရှိသလို ဒေသတွင်း တည်ငြိမ်ရေးကိုလည်း အလေးထားကြတဲ့ အကြောင်းပြောခဲ့ပါတယ်။
HMS Queen Elizabeth ဟာ ဗြိတိန်ရဲ့ နောက်ဆုံးပေါ် လေယာဥ်တင် သင်္ဘော ဖြစ်ပြီး လတ်တလောမှာ ပထမဆုံးအကြိမ် ကမ္ဘာလှည့် ခရီးထွက်နေတာ ဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလထဲမှာ အာရှ ပစိတ်ဖိတ် ဒေသကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အရင်က အာရှပစိဖိတ်ဒေသမှာ အမေရိကန် ရေတပ်ရဲ့ လေယာဥ်တင် သင်္ဘော ရော်နယ်ရေဂင်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အခု အရှေ့အလယ်ပိုင်း ဒေသကို ယာယီတာဝန်ချထားတာကြောင့် HMS Queen Elizabeth အဲဒီကို ရောက်လာတဲ့ အခါမှာ အဲဒီဒေသထဲမှာ အနောက်တိုင်းဘက်က တစင်းတည်းသော လေယာဥ်တင်သင်္ဘော ဖြစ်လာမှာ ဖြစ်ပါတယ်။

မကြာသေးခင် နှစ်ပိုင်းတွေကစလို့ တရုတ်ဟာ ရေတပ် အင်အားတိုးချဲ့လာခဲ့ပါတယ်။ အဲဒါကြောင့် တခြားနိုင်ငံတွေကလည်း တရုတ် သြဇာလွှမ်းမိုးလာမှာကို တုံ့ပြန်ဖို့အတွက် အလားတူ ရေတပ်အင်အား ချဲ့ထွင်တာတွေ လုပ်လာကြပါတယ်။
တရုတ်မှာ လျောင်းနင် Liaoning နဲ့ ရှန်တုန်း the Shandong ဆိုတဲ့ လေယာဥ်တင် သင်္ဘော ၂ စင်းရှိနေပြီးသား ဖြစ်ပါတယ်။
ဒါပေမယ့် အခု တတိယတစင်းကို ထပ်မံ တည်ဆောက်နေတယ်လို့ သိရပါတယ်။ အဲဒီ လေယာဥ်တင် သင်္ဘောကို သမားရိုးကျ အင်ဂျင်နဲ့ပဲ မောင်းနှင်မှာ ဖြစ်ပေမယ့် လေယာဥ်တွေကိုတော့ လျှပ်စစ် သံလိုက် နည်းပညာသုံး လေယာဥ် ပစ်လွှတ်စနစ်နဲ့ ပစ်လွှတ်နိုင်အောင် စီစဥ်မှာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ တရုတ် ရေတပ်တွေအကြား နည်းပညာ ကွာဟမှု လျှော့ချနိုင်အဖို့ အတွက် ရည်ရွယ်ပြီး နျူကလီးယား စွမ်းအင်နဲ့ မောင်းနှင်နိုင်မယ့် စတုတ္ထမြောက် တစင်းကိုလည်း တည်ဆောက်ဖို့ စီစဥ်နေပြီလို့လည်း သတင်းတွေ ထွက်လာနေပါတယ်။

တရုတ်အပြင် အိန္ဒိယ၊ ထိုင်းနဲ့ ဂျပန် တို့လို ဒေသတွင်း ရေတပ်တွေမှာလည်း လေယာဥ်တင် သင်္ဘောတွေ ဒါမှမဟုတ် လေယာဥ်တင် သင်္ဘော သဖွယ် အသုံးပြုနိုင်တဲ့ ရေယာဥ်မျိုးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့် တန်ချိန်နဲ့ တိုက်ခိုက်ရေး စွမ်းရည်ပိုင်းမှာ အမေရိကန် လေယာဥ်တင် သင်္ဘောတွေသာလျှင် တရုတ် လေယာဥ်တင် သင်္ဘောတွေနဲ့ နှိုင်းယှဥ်လို့ ရနိုင်မယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။
လေယာဥ်တင်သင်္ဘော တစင်းရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို ဘယ်လို သတ်မှတ်ပါသလဲ
တောင်ပံသေ တိုက်လေယာဥ်တွေအတွက်ပဲ သုံးတဲ့ သမားရိုးကျ လေယာဥ်တင်သင်္ဘော မျိုးဆိုရင်တော့ ကမ္ဘာတဝန်းလုံးမှာ လတ်တလော အသုံးပြုနေတဲ့ လေယာဥ်တင် သင်္ဘောပေါင်း ၂၂ စင်း ရှိပါတယ်။ အဲဒီထဲက ထက်ဝက်ဟာ အမေရိကန် ရေတပ်က ဖြစ်ပြီး သူတို့က တခြားရေတပ်တွေထက် နည်းပညာအရ အများကြီး ရှေ့ကို ရောက်နေပြီလို့လည်း ဆိုနိုင်ပါတယ်။

ဒါကလည်း အမေရိကန် လေယာဥ် သင်္ဘောတွေဟာ နျူကလီးယား စွမ်းအင်သုံးပြီး မောင်းနှင်နိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီလေယာဥ် သင်္ဘောတွေဟာ နေရာစုံကို ခရီး အကွာအဝေး အကန့်အသတ်မရှိဘဲ သွားရောက်နိုင်သလို စစ်မက်ဖြစ်ပွားရာ ဒေသတွေအတွင်းမှာလည်း အချိန်အကန့်အသတ် မရှိ တာဝန် ထမ်းဆောင်နိုင်ကြပါတယ်။
အဲဒီသင်္ဘောတွေအတွက် ထောက်ပံ့ပေးရတာ ဆိုလို့ တိုက်လေယာဥ်တွေအတွက် လေယာဥ်ဆီရယ်၊ ရေတပ်သားတွေအတွက် စားနပ်ရိက္ခာရယ်ပဲ ရှိပါတယ်။ အဲဒီအတွက်လည်း ထောက်ပံ့ရေးသင်္ဘောတွေက သယ်ယူလာပေးကြပါတယ်။
ဒီလို လေယာဥ်တင်သင်္ဘောတွေမှာ နျူကလီးယား စွမ်းအင်သုံးပြီး မောင်းနှင်နိုင်တာ ဆိုလို့ အမေရိကန်နဲ့ ပြင်သစ်ရေတပ်တွမှာပဲ ရှိပါတယ်။ တခြားနိုင်ငံတွေရဲ့ ရေတပ်တွေမှာတော့ သမားရိုးကျ ဒီဇယ်ဆီသုံး အင်ဂျင်တွေနဲ့ပဲ မောင်းနှင်နိုင်ကြတာ ဖြစ်တာကြောင့် စဥ်ဆက်မပြတ် ဆီဖြည့်ပေးနေရပါတယ်။
တရုတ် လေယာဥ်တင် သင်္ဘော Liaoning ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက ချင်းတောင်းကနေ ဟောင်ကောင်ကို ခရီးနှင်လာခဲ့ရာမှာ အသွားအပြန် ကီလိုမီတာ ၃၂၀၀ ခရီးကို နှစ်ကြိမ် တိုင်တိုင် ဆီဖြည့် ပေးခဲ့ရပါတယ်။

ဗြိတိသျှ တော်ဝင်ရေတပ်ရဲ့ HMS Queen Elizabeth ကတော့ ကီလိုမီတာ ၁၉,၀၀၀ မောင်းနှင်ပြီးတိုင်း တခါ ဆီဖြည့်ပေးရပါတယ်။
အိန္ဒိယ ရေတပ်က INS Vikramaditya ကတော့ ကီလိုမီတာ ၁၃,၀၀၀ မှာ တခါဖြည့်ပေးရပါတယ်။
အမေရိကန်နဲ့ ပြင်သစ် ရေတပ်တွေက လေယာဥ်တင် သင်္ဘောတွေမှာ တိုက်လေယာဥ်တွေ အချိန်တိုအတွင်း ပျံတက်နိုင်စေရာမှ အထောက်အကူ ဖြစ်စေဖို့ အတွက်လည်း ရေနွေးငွေ့ စွမ်းအင်သုံးပြီး လေယာဥ်ကို တွန်းထုတ်တဲ့ လေယာဥ်ပြေးလမ်းပျံတက်စနစ်ကို သုံးကြပါတယ်။ ဒါကြောင့် တိုက်လေယာဥ်တွေဟာလည်း ဆီနဲ့ လက်နက်ပိုမို သယ်ယူနိုင်ကြပါတယ်။
HMS Queen Elizabeth နဲ့ တရုတ်ရေတပ်ရဲ့ Liaoning နဲ့ Shandong တို့ အပါအဝင် တခြားလေယာဥ်တင် သင်္ဘောတွေကတော့ ski-jump လို့ခေါ်တဲ့ ပြေးလမ်းကို အပေါ်ဘက်ကို ကော့ပေးထားတဲ့ အဖျားကော့ပြေးလမ်း ကုန်းပတ်နဲ့ လေယာဥ် ပျံတက်စနစ်ကို သုံးကြပါတယ်။
ဒါပေမယ့် ski-jump ဟာ ရေနွေးငွေ့သုံး လေယာဥ်လွှတ်တင်စနစ်လောက် မကောင်းဘူးလို့ ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုက မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး စင်တာ (CSIS) ရဲ့ အစီရင်ခံစာထဲမှာ တရုတ်လေယာဥ်တင် သင်္ဘော Liaoning က J-15 တိုက်လေယာဥ် တစင်း ပျံတက်ရာမှာ လေယာဥ်ဆီနဲ့ လက်နက်အလေးချိန် ပေါင်ချိန် ၆၂,၀၀၀ အထိသာ အများဆုံး သယ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
တဘက်မှာ အမေရိကန် လေယာဥ်တင်သင်္ဘော USS Ronald Reagan ကနေ ပျံတက်တဲ့ တိုက်လေယာဥ်ကတော့ အလေးချိန် ပေါင်ချိန် ၁၀၀,၀၀၀ အထိ သယ်ဆောင်နိုင်တယ်၊ လေယာဥ်တွေအနေနဲ့ ဆီနဲ့ လက်နက် ပိုမို သယ်ဆောင်နိုင်တာကြောင့် တိုက်ပွဲဝင် ခရီး အကွာအဝေးနဲ့ စွမ်းရည်ပိုင်း ပိုမို မြင့်မားတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို ski-jump ရဲ့ အားနည်းချက်ကို ထေမိစေဖို့အတွက် HMS Queen Elizabeth ဟာ ပြေးလမ်းတိုနဲ့ ပျံတက်နိုင်တဲ့ပြီး ဒေါင်လိုက် ဆင်းနိုင်တဲ့ STOVL (short takeoff and vertical landing) လေယာဥ်မျိုးကိုသာ သယ်ဆောင်ပါတယ်။


အာရှ ပစိဖိတ် – လေယာဥ်တင် သင်္ဘောတို့ရဲ့ စစ်တလင်းဖြစ်လာနိုင်လား
တရုတ်၊ အိန္ဒိယ နဲ့ ထိုင်း နိုင်ငံတွေဟာ သူတို့ရဲ့ လေယာဥ်တင် သင်္ဘောတွေကို အသုံးပြုနေကြပါတယ်။
ထိုင်းရေတပ်ရဲ့ HTMS Chakri Naruebet လေယာဥ်တင်သင်္ဘောဟာ ၁၉၉၇ ခုနှစ်မှာ တပ်တော်ဝင်ခဲ့တာ ဖြစ်ပြီး ထိုင်းနိုင်ငံဟာလည်း အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ပထမဆုံး လေယာဥ်တင် သင်္ဘော ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ ထိုင်းရေတပ်မှာ ဒီလေယာဥ်တင် သင်္ဘောကို ပြုပြင်ထိန်းသိမ်းဖို့ စရိတ်တော့ မတတ်နိုင်ပါဘူး။ ဒါပေမယ့်လည်း စွန့်လွှတ်ဖို့လည်း မစဥ်းစားပါဘူး၊ ဒါကြောင့်လည်း လေယာဥ်တင်သင်္ဘောဟာ သူ့စွမ်းရည်ကို အပြည့်အဝ အသုံးမချနိုင် ဖြစ်နေပါတယ်။
မကာအိုက စစ်ဘက်ဆိုင်ရာ ရေးရာ ဟောပြော ရေးသားသူ အန်သနီ ဝေါင်းက ဒါဟာ နိုင်ငံတနိုင်ငံအဖို့ လေယာဥ်တင်သင်္ဘော မွမ်းမံ အသုံးပြုရေးအပိုင်းမှာ တော်တော် အားနည်းတယ်လို့ ပြောရမှာ ဖြစ်တယ်လို့ ဘီဘီစီ တရုတ်ဘာသာ ဌာနကို ပြောပါတယ်။
အိန္ဒိယ ရေတပ်ကတော့ လွတ်လပ်ရေး ရပြီးကတည်းက လေယာဥ်တင် သင်္ဘောသုံးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လေယာဥ်တင် သင်္ဘောနဲ့ ပတ်သက်ရင် အတွေ့အကြုံ မနည်းဘူးလို့ ဆိုနိုင်ပေမယ့် လက်ရှိအချိန်မှာ အသုံးပြုနိုင်တဲ့ လေယာဥ်တင် သင်္ဘော တစင်းပဲ ရှိပါတယ်။
မစ္စတာ ဝေါင်းကတော့ လေယာဥ်တင် သင်္ဘောကတော့ တရုတ်သင်္ဘောတွေနဲ့ တာဝန်ချင်း မတူဘူးလို့ ဆိုပါတယ်။ အိန္ဒိယဟာ အိန္ဒိယ သမုဒ္ဒရာထဲက ရေတပ်စခန်းကို ကာကွယ်ဖို့အတွက် အလတ်စား လေယာဥ်တင်သင်္ဘော တစီးနဲ့တင် လုံလောက်ပါတယ်လို့ ဆိုပါတယ်။ နောက်ပြီး အိန္ဒိယဟာ တရုတ်နဲ့ အပြိုင်အဆိုင် နျူကလီးယား စွမ်းအင်သုံး လေယာဥ်တင် သင်္ဘောတွေတည်ဆောက်ဖို့ ရည်ရွယ်ချက်မျိုးလည်း မရှိပါဘူး။

အမေရိကန် လေယာဥ်သင်္ဘောတွေကတော့ ခုထက်ထိ အခရာကျနေဆဲပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းကဆို တချိန်မှာ အာရှပစိဖိတ် ဒေသထဲမှာ အမေရိကန် ရေတပ်ရဲ့ လေယာဥ်တင် သင်္ဘော ၃ စင်းအထိ ရှိနေခဲ့ပါတယ်။ ယိုကိုဆူကာ မှာ အမြဲတမ်း အခြေစိုက် တပ်စွဲထားတဲ့ USS Ronald Reagan အပြင် USS Theodore Roosevelt နဲ့ USS Nimitz တို့ ပါ တောင်တရုတ်ပင်လယ်ထဲမှာ စစ်ရေး လေ့ကျင့်ဖို့အတွက် ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် လတ်တလောမှာတော့ အာဖဂန်နစ္စတန်က အမေရိကန် တပ်တွေ ရုပ်သိမ်းရာမှာ ကူညီဖို့အတွက် USS Ronald Reagan ကို အရှေ့အလယ်ပိုင်း ဒေသကို တာဝန် ချထားပါတယ်။ USS Theodore Roosevelt နဲ့ USS Nimitz တို့ကတော့ စစ်ရေး လေ့ကျင့်မှုတွေ ပြီးဆုံးပြီ ဖြစ်လို့ သက်ဆိုင်ရော ရေတပ်ဆိပ်ကမ်း တွေကို ပြန်သွားကြပြီဖြစ်ပါတယ်။
(CSIS) ရဲ့ အစီရင်ခံစာထဲမှာတော့ တရုတ်ရေတပ်မှာ လက်ရှိသုံးနေတဲ့ လေယာဥ်တင် သင်္ဘောတွေဟာ တိုက်ခိုက်ရေး စွမ်းရည်ပိုင်းမှာ တရုတ်ပြည် နယ်နိမိတ် အနီးမှာရှိ နေရင်တောင်မှ အကန့်အသတ် ရှိတယ်လို့ ဆိုပါတယ်။ ဒီလေယာဥ်တင် သင်္ဘောတွေဟာ လေ့ကျင့်ရေးနဲ့ အငြင်းပွားနေတဲ့ ရေပြင်မှာ အင်အားပြဖို့ လောက်သာ သုံးလို့ ရတယ်လို့ ယူဆထားပါတယ်။
ဒါကြောင့်တရုတ်ဟာ အနည်းဆုံး နောက်ထပ် လေယာဥ်တင် သင်္ဘောတစင်းလောက် ထပ်တည်ဆောက်နေပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ နှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ အဲဒီလေယာဥ်တင်သင်္ဘောမှာ အမေရိကန် နဲ့ ပြင်သစ် လေယာဥ်တင် သင်္ဘောတွေမှာ သုံးစွဲနေတဲ့ ရေနွေးငွေ့ စွမ်းအင်သုံး လေယာဥ်ပစ်လွှတ်စနစ်မျိုးကို တပ်ဆင် အသုံးပြုနိုင်တယ်လို့ ပြောထားပါတယ်။
တခြားမီဒီယာ သတင်းတွေမှာလည်း တရုတ်ဟာ စတုတ္ထမြောက် လေယာဥ်တင်သင်္ဘော တစင်းကိုလည်း တည်ဆောက်နေပြီး အဲဒီ လေယာဥ်တင် သင်္ဘောဟာ နျူကလီးယား စွမ်းအင်သုံး သင်္ဘောဖြစ်လိမ့်မယ်လို့ ဖော်ပြနေကြပါတယ်။
မစ္စတာ ဝေါင်းကတော့ လေယာဥ်တင် သင်္ဘောတစင်းရဲ့ တိုက်ခိုက်ရေး စွမ်းရည်မြင့်ဖို့က ပစ္စည်းကောင်းတွေ တပ်နေရုံနဲ့ မရဘူးလို့ ဆိုပါတယ်။ စနစ်တကျ လေ့ကျင့်ပေးထားတဲ့ တပ်ဖွဲ့ဝင်တွေရှိနေဖို့ကအင်မတန် အရေးကြီးကြောင်း ဒါမျိုးက ငွေနဲ့ ဝယ်လို့ မရကြောင်း ပြောပါတယ်။

နောက် အမေရိကန်ဟာ လေယာဥ်တင်သင်္ဘော အသုံးချမှုမှာ စစ်မက်ကာလတွေ အပါအဝင် ရာစုနှစ်နဲ့ ချီပြီးအတွေ့အကြုံတွေ ရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ တဘက်မှာ တရုတ်ဟာ စစ်မတိုက်ရတာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သလို တရုတ်ရေတပ်ဟာလည်း ရေတပ် တိုက်ပွဲကြီးမျိုးတွေ တိုက်ဖူးတာမျိုး မရှိဘူးလို့ ပြောပါတယ်။
မစ္စတာဝေါင်းက အမေရိကန် လေယာဥ်တင် သင်္ဘောတွေဟာ အရွယ်အစား၊ တိုက်စွမ်းရည်၊ လည်ပတ်ပုံနဲ့ ထောက်ပံ့ရေး အပိုင်းတွေ အကုန်လုံးမှာ တရုတ်ထက် အပုံကြီး သာနေပါတယ်လို့ ဆိုပါတယ်။
တရုတ် အနေနဲ့ ကမ္ဘာအနှံ့ ရေတပ် အခြေစိုက်စခန်းတွေ မတည်ဆောက်နိုင်သရွေ့ သူတို့ရဲ့ လေယာဥ်တင် သင်္ဘောတွေကို လည်း ကိုယ့်ရေပြင်နဲ့ အနီးတဝိုက်မှာပဲ သုံးနေရလိမ့်မယ်လို့ ဆိုပါတယ်။
တရုတ် ရေတပ်ဟာလည်း တိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်အတွင်း ရေတို နိုင်ငံရေး ရည်မှန်းချက်တွေပဲရှိတယ်လို့ ဆိုပါတယ်။ ဒီလေယာဥ်တင် သင်္ဘောတွေနဲ့ နောက်ထပ် တည်ဆောက်ဖို့ လုပ်နေတဲ့ ၄ စင်းရယ် တခြား ကုန်းရေ နှစ်သွယ်သွား တိုက်ခိုက်ရေး ရေယာဥ်တွေရယ်နဲ့ လုံလောက်နေပါတယ်။
တရုတ် လေယာဥ်တင် သင်္ဘောတွေ အနေနဲ့ နျူကလီးယား စွမ်းအင် မသုံးနိုင်ပေမယ့် တကယ်လို့ သူတို့ကို တိုက်ခိုက်လာတာကို တွန်းလှန်နိုင်ရင် တရုတ် စစ်တပ်ရဲ့ တခြား အစိတ်အပိုင်းတွေကို အကူအညီ ပေးနိုင်မယ်ဆိုရင် သူတို့ ရည်မှန်းချက် ပြည့်မီတယ်လို့ ဆိုရမှာ ဖြစ်တယ်၊ နောက်ပိုင်း ပိုအဆင့်မြင့်အောင် လုပ်လာနိုင်မယ်လို့ မစ္စတာ ဝေါင်းက ပြောပါတယ်။
Source: BBC