တရုတ်က ကိုရိုနာဗိုင်းရပ်စ်ဇစ်မြစ် စုံစမ်းမည့် ကျွမ်းကျင်သူများကို အပြီးသတ် ခွင့်ပြုချက် ထုတ်မပေးသေးသည့်အတွက် WHO စိတ်ပျက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြီးအကဲ တီးဒရို့စ် (Tedros Adhanom Ghebreyesus)က တရုတ်သည် ကိုရိုနာဗိုင်းရပ်စ်၏ မူလအစကို စုံစမ်းစစ်ဆေးမည့်အဖွဲ့ လာရောက်နိုင်ရန် အပြီးသတ် ခွင့်ပြုချက်ကို မထုတ်ပေးသေးသည့် အတွက် စိတ်ပျက်မိကြောင်း ဇန်နဝါရီလ ၅ရက် အင်္ဂါနေ့တွင် (ဒေသစံတော်ချိန်) ထုတ်ဖော်ပြောကြားလိုက်သည်။
“လွန်ခဲ့သော ၂၄ နာရီအတွင်း အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာရှင် အဖွဲ့ဝင်တွေက ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံသို့ စတင်ထွက်ခွာ လာကြပေမယ့် ယနေ့အထိ တရုတ်အရာရှိတွေက အဖွဲ့အတွက် လိုအပ်တဲ့ ခွင့်ပြုချက်တွေကို အပြီးသတ် ထုတ်မသေးဘူးလို့ ယနေ့ ကျွန်ုပ်တို့သိရှိရပါတယ်” ဟု သူက ပြောသည်။

မစ္စတာ တီးဒရို့စ်က ယခု တရားဝင်ခရီးစဉ်သည် WHO၊ တရုတ်အစိုးရနှင့် ဝူဟန် သို့သွားမည့် စစ်ဆေးရေး ပညာအဖွဲ့များ အကြား ပူးတွဲ သဘောတူထားသော အစီအစဉ်များအတိုင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
သူက -“ ဒီသတင်းကြားရတာ ကျွန်တော် ဝမ်းနည်းမိပါတယ်။ အဖွဲ့ဝင်နှစ်ဦး (တရုတ်ကို) ခရီးထွက်ခဲ့ပြီး အခြားသူများကတော့ နောက်ဆုံးမိနစ်မှာ ခရီသွားဖို့ကို ဆိုင်းငံ့စောင့်ဆိုင်နေကြရတယ်။ ဒါပေမယ့် ကျွန်တော်က တရုတ်အဆင့်မြင့် အရာရှိတွေနဲ့ လှမ်းဆက်သွယ်ခဲ့ပြီး ဒီအဖွဲ့က WHO နဲ့ နိုင်ငံတကာအဖွဲ့ အတွက် ဦးစားပေးလုပ်ငန်း ဖြစ်တယ်လို့ ထပ်မံရှင်းလင်း ပြောကြားထား ပါတယ်”ဟုလည်း ဆိုသည်။

တီးဒရို့စ်က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအဖွဲ့ သည် မစ်ရှင်ကို အမြန်ဆုံး အကောင်အထည် ဖော်ရန် စိတ်အားထက်သန်နေသည် ဟုဆိုသည်။
အခု ရက်ပိုင်းလေးအထိ ပေဂျင်းသည် ဗိုင်းရပ်စ်၏ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးရန် WHO မှ ကျွမ်းကျင်သူအဖွဲ့ကို တိုင်းပြည်သို့ အပြည့်အဝ ဝင်ရောက်ခွင့်ပေးလိမ့်မည်ဟု ဆိုထားခဲ့ဖူးသည်။
၂၀၁၉ ခုနှစ်နှစ်ကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့သော ကိုဗစ် -၁၉ ပျံ့နှံ့မှု၏ အစောပိုင်းဖြစ်ရပ်များအပေါ် တရုတ်က ပယ်ချလိုက်သော်လည်း အမေရိကန်သမ္မတ ထရမ့်ပ် အပါအဝင် အချို့ခေါင်းဆောင်များက ရောဂါဖြစ်ပွားမှု ကာလအတွင်း ပေကျင်း၏ လုပ်ရပ်များကိုမေးခွန်းထုတ်ခဲ့ကြသည်။
ထရမ့်ပ်က ‘တရုတ်ဗိုင်းရပ်စ်’ ဟုလည်း မကြာခဏခေါ်ဆိုခဲ့ပြီး၊ ဤကပ်ဘေးကြီး အတွက် တရုတ်အစိုးရက တာဝန်ခံရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ်ပွန်ပီယိုက တရုတ်ကွန်မြူနစ်ပါတီ (CCP) ကို ကိုဗစ်-၁၉ နှင့်ပတ်သက်သော သတင်းအချက်အလက်များ ဆက်လက်ဖြန့်ဝေရန်နှင့် ဗိုင်းရပ်စ်၏ မူလအစနှင့် ပြန့်ပွားမှုကို ရှာဖွေရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စုံစမ်းစစ်ဆေးမှုကို တားဆီးခဲ့မှုများကို ဝေဖန်ခဲ့သည်။
ကူးစက်ရောဂါ၏ မူလအစအပေါ် လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ စုံစမ်းရေးကော်မရှင် ဖွဲ့၍ စုံစမ်းရန် ပထမဆုံး အဆိုပြုခဲ့သည့်အတွက် တရုတ် – ဩစတြေးလျ ဆက်ဆံရေးသည် ဧပြီလမှ စ၍ တင်းမာမှုများ စတင်ဖြစ်ပွားခဲ့သည်။

တရုတ် နိုင်ငံသား သတင်းစာဆရာ ကျန်းကျန်သည်လည်း မေလက ဝူဟန်မှ ကိုဗစ်-၁၉ အကြောင်း သတင်းပေးပို့မှုများကြောင့် အဖမ်းခံခဲ့ရကြောင်း ဟောင်ကောင်လွတ်လပ်သောသတင်းစာ (HKFP) က ဒီဇင်ဘာလနှောင်းပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
ဂျွန်စ်ဟော့ပ်ကင်းစ် တက္ကသိုလ်၏ နောက်ဆုံးထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှုသည် ၈၅ သန်းနှင့် သေဆုံးသူ ၁.၈ သန်းရှိသည်ဟု သိရဿည်။
သုညဖြူ
Ref; Reuters
ChannelKeyMyanmar မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။