တနေ့တာ ရောင်းရတဲ့ ရွှေအတုံးအခဲကို ဗဟိုဘဏ် အပါအဝင် ဌာန (၆) ခုကို တင်ပြနေရ

တနေ့တာ ရောင်းရတဲ့ ရွှေအတုံးအခဲကို ဗဟိုဘဏ် အပါအဝင် ဌာန (၆) ခုကို တင်ပြနေရ

တနိုင်ငံလုံးကထွက်ရှိတဲ့ ရွှေကုန်ကြမ်း စာရင်းတွေနဲ့ တနေ့တာရောင်းရတဲ့ ရွှေအတုံးအခဲ တန်ချိန်အရေအတွက်ကို ဗဟိုဘဏ်အပါအဝင် ဌာန (၆) ခုကို တင်ပြနေရတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သိရပါတယ်။

ရွှေနဲ့ပတ်သက်တဲ့ စာရင်းဇယား အားနည်းတယ်ဆိုတဲ့ ‌အကြောင်းပြချက်နဲ့ နစက က အခုလို စာရင်းပြုစု တင်ပြခိုင်းခြင်းဖြစ်တယ်လို့ ရွှေအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“အတုံးအခဲရောင်းတဲ့ စာရင်းတွေကို နေ့စဉ် စာရင်းကောက်ပြီးတော့ ဌာနဆိုင်ရာတွေကို ပို့ပေးရတာပါ။ အဲ့ဒီ့လို ပို့ပေးနေတာ ၅ လ၊ ၆ လ လောက်တော့ရှိပြီ။ တနိုင်ငံလုံးမှာ နေ့စဉ်အရောင်းအဝယ်လုပ်နေတဲ့ အတုံးအခဲစာရင်းကို သူတို့က သိချင်တာကိုး။ အဲ့ဒါကြောင့် ဗဟိုဘဏ်အပါအဝင် ဌာန (၆) ခုကို နေ့စဉ် ပို့ပေးနေရတာပါ” လို့ သူက ပြောပါတယ်။

အခုလို ရွှေနဲ့ပတ်သက်တဲ့ စာရင်းဇယားပြုစုခြင်းအတွက် သက်ဆိုင်ရာ ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး စာရင်းပေးပို့နေရတဲ့ ဗဟိုဘဏ်အပါအဝင် ဌာန (၆) ခုလို့ဆိုရာမှာ ဘယ်ဌာနတွေဖြစ်တယ်ဆိုတာကို အသေးစိတ် ပြောဆိုသွားခြင်း မရှိပါဘူး။

ဒါ့အပြင် ရွှေအသင်းအနေနဲ့ လိုင်စင်သက်တမ်းတိုးခြင်းနဲ့ အခွန်ဆောင်ထားခြင်းမရှိတဲ့ ရွှေဆိုင်တွေကို အရေးယူဖို့ လက်ရှိမှာ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

“အခွန်မဆောင်တဲ့သူရော၊ ဆောင်တဲ့သူရော ရောင်းတဲ့ဝယ်တဲ့နေရာမှာ ငွေက မသမာဘူးလို့ထင်ရင်၊ ဥပမာ မူးယစ်ဆေး ရောင်းလို့ရတဲ့ငွေတို့ လက်နက်ခဲယမ်း ရောင်းလို့ရတဲ့ငွေတို့ အဲ့ဒီလို မတရားရတဲ့ငွေလို့ထင်ရင် ဌာနကို သတင်းပို့ပြီးတော့ စုံစမ်းစစ်ဆေးခိုင်းတာပါပဲ။ ဆိုင်တွေကတော့ အခွန်ဆောင်တာ အခွန်ကောက်တာ လုပ်ရမှာပေါ့။ လက်ရှိမှာ ဆိုင်အသစ်တွေလည်း လိုင်စင်လုပ်နေကြပါတယ်။ ဆိုင်အဟောင်းတွေကျတာ့ ဒီဇင်ဘာလကျမှ လိုင်စင်သက်တမ်းကုန်မယ်” လို့ သူက ဆိုပါတယ်။

လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားတာ၊ သက်တမ်းတိုးလိုင်စင် လျှောက်ထားတာ၊ ရွှေတုံးရွှေခဲ လိုင်စင်လျှောက်ထားတာတွေမှာ လုပ်ငန်းအကြီး၊ အလတ်၊ အသေးဆိုပြီး အခွန်အခ သတ်မှတ်ချက်ရှိတယ်လို့ သိရပါတယ်။

“လိုင်စင်သက်တမ်းက တစ်နှစ်တစ်ခါ တိုးရတာပဲ၊ မတိုးဘဲနေလို့မရဘူး။ မတိုးရင် စည်ပင်က ပြဿနာလာရှာတာပဲ။ ရှော့ပင်းစင်တာတွေမှာ ဖွင့်ထားတဲ့ဆိုင်တွေတော့ ဘယ်လိုဆောင်လည်း မသိဘူး။ အခုက စည်ပင်မှာ အရင်လို တိုက်ရိုက်လျှောက်လို့ မရတော့ဘူး။ အသင်းရုံးမှာ ထောက်ခံချက် ယူရမယ်ဆိုတော့ ဘာဖြစ်လာမလဲ စောင့်ကြည့်ရမှာပေါ့” လို့ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

လက်ရှိ ရွှေဈေးကွက် အခြေအနေမှာတော့ မှောင်ခိုဈေးကွက် ကြီးထွားနေပြီး ကြိုက်ရောင်း၊ ကြိုက်ဝယ်ပုံစံမျိုးနဲ့သာ ရောင်းဝယ်လျက်ရှိကာ နိုဝင်ဘာ ၁ ရက်နေ့ ပြင်ပရွှေပေါက်ဈေးမှာ အခေါက်ရွှေ တကျပ်သား ရောင်း‌ဈေး ၂,၆၅၅,၀၀၀ ၊ ဝယ်ဈေး ၂,၆၃၅,၀၀၀ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ရွှေအသင်းရဲ့ ရည်ညွှန်းစျေးကတော့ အခေါက်ရွှေ တကျပ်သား ၁,၉၂၉,၀၀၀ ကျပ်ဖြစ်ပြီး ရန်ကုန်ရွှေအသင်းက ရွှေဆိုင်တွေအားလုံးကို ပန်ကြားထားတဲ့ ရောင်စျေးကတော့ ၂,၅၃၀,၀၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။



Post Views:
1

Crd