တစ်နှစ်ဗီဇာကင်းလွတ်ခွင့် ပေးထားသော်လည်း ရုရှားခရီးသွားများ မြန်မာပြည်သို့ မလာ

တစ်နှစ်ဗီဇာကင်းလွတ်ခွင့် ပေးထားသော်လည်း ရုရှားခရီးသွားများ မြန်မာပြည်သို့ မလာ

မြန်မာနိုင်ငံ လာရောက်လည်ပတ်မယ့် ရုရှားခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့် တစ်နှစ်တိတိ ပေးထားပေမယ့် လာရောက်ပတ်သူ နည်းပါးနေဆဲလို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ဟိုဘက်နဲ့ ဒီဘက်ကို တိုက်ရိုက်ချိတ်ထားတဲ့ လေကြောင်းလိုင်းက မရှိသေးတဲ့အတွက် နည်းနေသေးတယ်” လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က ဆိုပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆွဲဆောင်မှုတွေကို ရုရှားနိုင်ငံသားတွေ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် သိဖို့အတွက်လည်း လိုအပ်နေသေးတယ်၊ ဒါတွေအတွက်ကို ပြင်ဆင်ပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်” လို့ ယင်းက ဆက်ပြောပါတယ်။

ရုရှားနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပိုမိုလာရောက်လည်စေဖို့ ဟိုတယ်/ခရီးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်ပြီး တစ်နှစ်ဗီဇာ ကင်းလွတ်ခွင့် ပြုပေးထားတာ ဖြစ်ပါတယ်။

ဝန်ကြီးဌာနဘက်တော့ ၂၀၂၃ မတ်လအတွင်း မော်စကိုမှာ ကျင်းပပြုလုပ်မယ့် ခရီးသွားလုပ်ငန်းပြပွဲအတွင်း ပါဝင်ပြသပြီး ခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် သံရုံးတွေနဲ့ ချိတ်ဆက်ကာ ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

ရုရှားခရီးသွားဈေးကွက်က အခွင့်အလမ်းကောင်းတွေရှိတဲ့အတွက် ကြိုတင်ပြင်ဆင် ထားရမှာဖြစ်သလို ရုရှားခရီးသွားတွေလာရင် ကောင်းမွန်တဲ့ ဝန်ဆောင်မှု တွေပေးနိုင်ဖို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းနယ်ပယ်က ၀န်ထမ်းတွေကို ရုရှားဘာသာစကားသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးဖို့ ရန်ကုန်မြို့မှာ ရုရှားဘာသာစကားသင်တန်းကို ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဖွင့်လှစ်မှာဖြစ်ပြီး ပြင်ဦးလွင်မြို့မှာလည်း စစ်တက္ကသိုလ်ရဲ့ ကူညီမှုနဲ့ ရုရှားဘာသာစကားပြော သင်တန်းဖွင့်မှာဖြစ်တယ်လို့ ဝန်ကြီးက လွန်ခဲ့တဲ့ ၃ လခန့်က ပြောကြားထားပါတယ်။

လက်ရှိမှာ နှစ်နိုင်ငံအစိုးရအချင်းချင်း G to G ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွေ ရေးထိုးဖို့ ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

ယခင်က မြန်မာနိုင်ငံကို လာရောက်တဲ့ ရုရှားခရီးသွားဦးရေ အနည်းငယ်သာရှိခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရဆိုရင် တစ်နှစ်ကို ရုရှားခရီးသွားဦးရေ ၅,၀၀၀ ခန့်သာ လာရောက်လည်ပတ်ခဲ့ကြောင်း သိရှိရပါတယ်။

The post တစ်နှစ်ဗီဇာကင်းလွတ်ခွင့် ပေးထားသော်လည်း ရုရှားခရီးသွားများ မြန်မာပြည်သို့ မလာ appeared first on White Sone.

Crd