ဈေးတွေမှာ ပိုက်ဆံအိတ်တင်မက စျေးခြင်းတောင်းထဲက ဟင်းစားထုတ်တွေပါ နှိုက်ယူခံနေရပြီ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးအချို့မှာ ဈေးသည်များ၊ ဝယ်သူများထံမှ ပိုက်ဆံအိတ် ခိုးယူ၊ လုယက်ခြင်းများသာမက ဈေးခြင်းတောင်းများအတွင်းမှ ဟင်းစားထုတ်များကိုပါ ခိုးယူမှု ရှိလာကြောင်း အိမ်ရှင်မများထံမှ သိရသည်။
“ကြက်သား ထုတ်အခိုးခံရတယ်လေ အခုပဲဝယ်သွားတာ အခုပဲအိမ်ရောက်တော့ မရှိ၊ မရှိတာမှ ကြက်သားတစ်ထုတ်ထဲ မဟုတ် ငါးကြင်းထုတ်ရော နှစ်မျိုးပေါင်း ၁၂၀၀၀ ဖိုးရှိတယ်လေ အခုပြန်လာဝယ်ရတာ” ဟု နန္ဒဝန်ဈေးမှ ဈေးဝယ်ပြီးပြန်လာသည့် အိမ်ရှင်မတစ်ဦးက ပြောပါသည်။
လက်ရှိဈေးကွက်အတွင်း အခြေခံကုန်ခြောက်စားသောက်ကုန်များသာမက အသား၊ ငါးဈေးများပါ မြင့်တက်လျက်ရှိပြီး ကြက်သားတစ်ပိဿာ ၁၃၀၀၀ ကျပ်ဝန်းကျင်ရှိပြီး၊ ငါးကြင်း တစ်ပိဿာ ၁၂၀၀၀ ကျပ်နှင့် ငါးမြစ်ချင်း တစ်ပိဿာ ၁၀၀၀၀ ကျပ် စသည်ဖြင့် ဈေးများမြင့်တက်လျက်ရှိကြောင်း သိရသည်။
“အသားငါးဈေးတွေက တက်နေတာဆိုတော့ အခုက မရ ရတာ ယူကြတာပေါ့လေ ၊ ပြန်ကြားတာတော့ အဲ့ဟင်းစားထုတ်တွေ တစ်ချို့က ရပ်ကွက်ထဲ ပြန်ရောင်းတယ်ပြောတာပဲ၊ နှစ်ခါ သုံးခါရှိပြီ ကြက်သားထုတ်ပါသွားလို့ ဆိုပြီး ဆိုင်မှာ လာလာပြန်ဝယ်တာ ၅၀ ဆယ်သားထုတ်၊ တစ်ပိဿာထုတ်တွေလေ ပါသွားတာက” ဟု ကြက်သားရောင်းချသူတစ်ဦးက ပြောပါသည်။
လက်တလောကာလတွင် အဖက်ဖက်မှ ကုန်ဈေးနှုန်းများသည် မြင့်တက်နေသဖြင့် ဈေးသည်များ၌လည်း တစ်နေ့ ရောင်းကုန်အတွက် အရင်းအနှီး ပြန်လည်ရရှိနိုင်ရန်ပင် ကြိုးစားရောင်းချနေရပြီး ကုန်လျော့ ဝယ်ယူခြင်းများ၊ အထမ်းခ သက်သာစေရန် ကိုယ်တိုင်သယ်ယူခြင်းများပြုလုပ်ကာ အမြတ်ကျန်ရန်ပင် ကြိုးစားနေရကြောင်း သိရသည်။
အလားတူ အိမ်ရှင်မများသည်လည်း တစ်နေ့တာ စားသောက်စရာများ ချက်ပြုတ်ရန်ပင် ရရှိသည့် ဝင်ငွေနှင့် ချင့်ချိန်အသုံးပြုနေရခြင်းကြောင့် ယခုလို ဟင်းစားထုတ်များပါ နှိုက်ယူခြင်းက အိမ်ရှင်မများအတွက် အလွန် စိတ်ညစ်ရာ ဖြစ်ရပ်တစ်ခုဖြစ်လာကြောင်း ပြောဆိုလာကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှ စတင်ကာ စီးပွားရေးကြပ်တည်းမှု၊ အလုပ်လက်မဲ့ ဖြစ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု စသည်တို့သည် တစ်ဖြေးဖြေးကြီးမားလာခဲ့ကာ စံချိန်တင်ဈေးနှုန်းမြှင့်တက်မှုများပင် ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ ခိုးဆိုးလုနှိုက် သတင်းများလည်း နေ့စဥ် ကြားသိနေရကာ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေသည့်ခေတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ (DNK)
The post ဈေးတွေမှာ ပိုက်ဆံအိတ်တင်မက စျေးခြင်းတောင်းထဲက ဟင်းစားထုတ်တွေပါ နှိုက်ယူခံနေရပြီ appeared first on White Sone.
Crd