ဆံပင်အတိုအမြဲထားတဲ့ကောင်မလေးတွေပဲ ပိုင်ဆိုင်ရမယ့်အားသာချက်လေးများ

Knowledge

ဆံပင်အတို အမြဲထားတဲ့ ကောင်မလေးတွေပဲ ပိုင်ဆိုင်ရမယ့် အားသာချက်လေးများ

မိန်းကလေးတွေက ဆံပင်ရှည်နဲ့ ပိုလိုက်ဖက်ပါတယ်။ မိန်းကလေးတော်တော်များများကလည်း ဆံပင်ရှည် ထားတတ်ကြပါတယ်။ ဒါပေမယ့် ဆံပင်အတိုထားတဲ့ မိန်းကလေးတွေလည်း ရှိပါတယ်။ တကယ်တော့ ဆံပင်အရှည်ထားတာထက် ဆံပင်အတိုထားတာက အများကြီး အားသာချက်တွေ ရှိလို့ နေပါတယ်။ ဆံပင်အတို ထားတတ်တဲ့ ကောင်မလေးတွေကတော့ ဒီလို အားသာချက်တွေ ရနေမှာပါ။

လွတ်လပ်တယ်

ဆံပင်တိုနဲ့ နေတဲ့အခါ လွတ်လပ်တဲ့ အရသာကိုပါ ခံစားမိမှာပါ။ ဒါကြောင့်ပဲ ဆံပင်တို အမြဲထားတဲ့ ကောင်မလေးတွေက ဆံပင်ရှည်မထားကြတာ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ ပုံစံက သူတို့ကိုလည်း ခွန်အားဖြစ်စေပြီး ဘာပဲလုပ်လုပ် လွတ်လွတ်လပ်လပ် ရှိစေတယ်လို့ ခံစားရစေပါတယ်။ ဆံပင်အရှည်ထားရင်တော့ ဒီလိုပေါ့ပါးလွတ်လပ်တာမျိုး ရှိမှာ မဟုတ်ပါဘူး။

ပိုပြီးနုပျိုစေတယ်

ဆံပင်အတိုက ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲသွားစေပါတယ်။ အထူးသဖြင့် ဆံပင်တိုက ကိုယ့်ကို ရှိရင်းစွဲအသက်ထက် ပိုပြီး နုပျိုတဲ့ အသွင်ကို ရရှိစေပါတယ်။ ဒါကြောင့် စိတ်အပြောင်းအလဲ ဖြစ်အောင် ဆံပင်ညှပ်တာတို့၊ ကိုယ့်ကိုယ်ကို ပိုနုသွားစေချင်လို့ ဆံပင်အတို ညှပ်ကြတာတို့ လုပ်တတ်ကြတာ ဖြစ်ပါတယ်။

သန့်ရှင်းမှုရှိတယ်

ဆံပင်ဆိုတာ ခေါင်းပေါ်မှာ ဒီတိုင်း ရှိနေတာမျိုး မဟုတ်ပါဘူး။ ဆံပင်မှာ ဖုန်မှုန့်တွေ၊ ဆီတွေ၊ ချေးတွေ ကပ်ညှိနေနိုင်ပါတယ်။ ဆံပင်ရှည်လေ ဆံပင်ကို သေချာ သန့်ရှင်းရေး လုပ်ဖို့ လိုအပ်လေပါပဲ။ ဒါပေမယ့် ဆံပင်တိုကတော့ အညစ်အကြေးလည်း သိပ်မများစေဘဲ သန့်ရှင်းရေး လုပ်ဖို့လည်း အရမ်းလွယ်ပါတယ်။ ဒါကြောင့်ပဲ ဆံပင်တိုထားတဲ့သူတွေရဲ့ ဆံသားက ပိုပြီး ကျန်းမာနေတာ ဖြစ်ပါတယ်။

အချိန်ကုန်သက်သာတယ်

ဆံပင်ရှည်ဆိုတာ ကြည့်လို့သာ လှတာ သင့်အချိန်တွေကို အရမ်းကုန်စေတဲ့အရာ ဖြစ်ပါတယ်။ ဆံပင်ကို ဖြီးဖို့အတွက် ကျန်းမာဖို့အတွက် အချိန်တွေ တော်တော်လေး ပေးရသလို ခေါင်းလျှော်ဖို့အတွက် အချိန်အပြင် ဆံပင်တွေ ခြောက်ဖို့ အချိန်ကိုပါ ပေးရတာ ဖြစ်ပါတယ်။ ဆံပင်တိုထားတဲ့ ကောင်မလေးတွေကတော့ အချိန်တွေ သိပ်ကုန်စရာမလိုဘဲ လှပနေတဲ့ အားသာချက် ရှိနေပါတယ်။

အလုပ်မရှုပ်စေဘူး

ဆံပင်ရှည်ကတော့ ဆံပင်ပုံစံတွေ ပြင်ဆင်ဖို့အတွက် အချိန်ပေးရပါတယ်။ ဒီအတွက် သင့်ကို အလုပ်တစ်ခု ပိုစေပါတယ်။ ဒါ့အပြင် စားသောက်တဲ့အခါ ဆံပင်ရှည်တွေ ပန်းကန်ထဲကို မကျစေဖို့ ဂရုစိုက်ရတာ၊ ဆံပင်ရှည်တွေ လေထဲလွင့်နေလို့ လိုက်ဖမ်းရတာ၊ ဆံပင်တွေ ညစ်ပတ်နေလို့ မဖြစ်မနေ လျှော်ပေးဖို့ လိုအပ်တာ စတဲ့ အလုပ်ရှုပ်ခြင်းတွေကို ဆံပင်ရှည်သမားတွေ ရင်ဆိုင်ရပေမယ့် ဆံပင်တိုတဲ့ ကောင်မလေးတွေကတော့ လက်လေးနဲ့ သပ်ချလိုက်ရုံနဲ့တင် လှပနေတတ်ကြတာပါ။

Leave a Reply