Bull sharks လို့ခေါ်တဲ့ ငမန်းနက်တွေက လှေတွေကို လာလာ တိုးတတ်တယ်လို့ တိုကျို အိုလံပစ် ပြိုင်ပွဲဝင် ကယက်လှေသမား ဂျို ဘရစ်ချ်ဒန် ဂျုန်းက သူလေ့ကျင့်ခန်းဆင်းတုန်းက အတွေ့အကြုံကို ပြန်ပြောပါတယ်။

“ရေဗွက်ကြီးတခုထလာတာ မြင်လိုက်တာနဲ့ ငမန်းတစ်ကောင်တော့ ကပ်လာပြီ ဆိုတာ သတိထားမိမှာပဲ”
သူ လှေလှော်လေ့ကျင့်နေတဲ့ အချိန်မှာ တွေ့ရလေ့ရှိတဲ့ ငမန်းတွေအကြောင်းကို သြစတြေးလျက ကယက်လှေလှော်အားကစားမယ်က ပြန် ပြောပြ နေတာဖြစ်ပါတယ်။ လူအများစုက ၈ပေလောက်ရှည်၊ ကီလို ၁၃၀ လောက်ရှိ ပြီး ထက်လှတဲ့ သွားတွေပိုင်ဆိုင်တဲ့ ငမန်းတွေနဲ့ ရင်ဆိုင်ရတာကြောက်ကြပေမယ့် သူကတော့သိပ်မကြောက်ပါဘူး။

ဂျို လေ့ကျင့်ခန်းဆင်းရတဲ့ ရေပြင်မှာ ဒီလိုငါးမန်းကြီးတွေ ရှိနေတတ်ပါတယ်။
သူ့အတွက်ကတော့ အိုလံပစ်ပြိုင်ပွဲဝင်မယ့်ခရီးမှာ ငမန်းတွေကို ရှောင်တိမ်း ရရုံတင်မက မိကျောင်းတွေနဲ့ ပါ ကြုံတွေ့ရသလို ကိုဗစ်ကပ်ရောဂါ တိုက်ဖျက် ရေးမှာလည်း ရှေ့တန်းကပါဝင်ခဲ့ ရပါတယ်။ တစ်ဘက်မှာလဲ အပိုဝင်ငွေအတွက် cupcake လို့ခေါ်တဲ့ ကိတ်မုန့်လေးတွေ ဖုတ်ပြီး ရောင်းတာကို ရတဲ့ အချိန်မှာ အချိန်လုပြီးလုပ်ခဲ့ရပါတယ်။
အသက်မွေးမှု လုပ်ငန်း၂ခု

သြစတြေးလျမှာ ကိုဗစ်စဖြစ်ချိန်ကတည်းက ဂျိုနဲ့ အဖွဲ့က လူနာတွေကို စောင့်ရှောက်ပေးနေခဲ့
အခုအကြိမ်ဟာ ဂျိုအတွက် အိုလံပစ်ပြိုင်ပွဲဝင်တာ ဒုတိယအကြိမ်ပါ။ အိုလံပစ်အတွက် လေ့ကျင့်ရတာဟာ တချို့ သူတွေအတွက် တစ်ခုတည်းသော အလုပ်ဖြစ်ပေမယ့် ကယ်ဆယ်ကုသရေး ဆေးဘက်လုပ်သား ဂျိုအတွက်ကတော့ ကပ်ဘေးကျနေတဲ့ လူတွေရဲ့ အသက်ကိုကယ်ဖို့ နောက် အလုပ်တစ်ခုက သူ့မှာရှိနေပါတယ်။
သူ့အနေနဲ့ အဲ့ဒီအလုပ်၂ခုကို ဟန်ချက်ညီညီ ပေါင်းစပ် လုပ်ဆောင်နေခဲ့ရတာ ဖြစ်ပါတယ်။
မြစ်တွေထဲမှာ လှေလှော်ကျင့်၊ အားကစားရုံမှာ ကာယလေ့ကျင့်ခန်းတွေ လုပ်နေတဲ့ အလားတူ တစ်ဘက်မှာလဲ အရေးပေါ်လာရင် ပေါ်လာသလို ညဘက်အလုပ်ဆင်းတာ နဲ့ အချိန်ပိုဆင်းတာတွေပါလုပ်ရပါတယ်။ အဲ့ဒီလိုအလုပ်၂ခုကို တစ်ပြိုင် တည်း သူ လုပ် နေတာက ကိုဗစ်ကပ်ဘေးမကျခင် အချိန်ကတည်းက ဖြစ်ပါတယ်။

ကိုဗစ်လူနာတွေနဲ့ထိတွေ့ရတာကလည်း ဂျိုရဲ့ အိုလံပစ်အိပ်မက်အတွက် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။
“အဲ့ဒီအကြောင်းတွေပဲ ပြောနေတာ၊ အဲ့ဒီအကြောင်းပဲ တစ်ချိန်လုံးကြားပြီး ဘာဖြစ်မလဲ ဘာဖြစ်မလဲပေါ့ ။ အိုလံပစ်လက်ရည်စစ်ပွဲတွေ နီးလာပြီဆိုတော့ PPE ဝတ်စုံကလည်း ကျွန်မအတွက် အရမ်းအရေးကြီးပါတယ်။ မမြင်ရတဲ့ အန္တရာယ်ဇုံထဲကို ကိုယ့်ကို ကိုယ် ပစ်ထည့်ပြီး လုပ်နေရတာပေါ့ ။ “
ဂျိုဟာ ၂၀၂၀အိုလံပစ်ပြိုင်ပွဲကို အချိန်ရွှေ့ဆိုင်းတယ်လို့ မကြေညာခင် ရက်ပိုင်းအလိုလောက်မှာပဲ အိုလံပစ် ဝင်ခွင့်ရကြောင်း သိခဲ့ရတာပါ။
“ရင်ကွဲနာကျသလိုမျိုး၊ ယူကျုံးမရ ခံစားရပေမယ့် ဘာကြောင့် လုပ်ရလဲဆိုတာ ကျွန်မ အပြည့်အဝ နားလည်ပါတယ်။
ဒါပေမယ့် ရွေးချယ်မှုတွေနဲ့ စွန့်လွှတ်မှုတွေ လုပ်ပြီး အဲ့ဒီ တစ်ခုတည်းသော ရည်မှန်းချက်ကို သွားဖို့ ကျွန်မဘဝနဲ့ ကျွန်မရဲ့ နေ့စဉ် ရက်လတွေကို နှစ်မြုပ်ထားခဲ့ရတာပါ။ ၁၂လ အချိန် ရွှေ့ရမယ် ဆိုတော့ အရမ်းကို ခံစားခဲ့ရတယ်” လို့ သူက ပြောပါတယ်။
အသက်၃၃နှစ်အရွယ် ရှိနေပြီဖြစ်လို့ အိုလံပစ် ပြီးသွားရင် ပြိုင်ပွဲတွေက အနားယူဖို့ အစီအစဉ် ရှိတဲ့အတွက်လည်း အခုလို ပွဲတွေ နောက်ဆုတ်သွားတာ သူ့အဖို့ အထူးတလည် ခံစားရပါတယ်။
၂၀၀၈နဲ့ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲတွေနဲ့ ကပ်လွဲခဲ့ရပြီး ပုခုံးကို ခွဲစိတ်ပြုပြင်ထားရတဲ့ ဂျိုအတွက် သူ့ရဲ့ အားကစားသမားသက်တမ်း အဆုံးအဖြစ် ၂၀၂၀ အိုလံပစ် ပြိုင်ပွဲ ဝင်ပြိုင်ခွင့်ရတာက ဆုလာဘ်တစ်ခုလို ဖြစ်နေပါတယ်။
“အသက်ကြီးတဲ့ အားကစားသမားတစ်ယောက်အနေနဲ့ ကျွန်မခန္ဓာကိုယ်က တဖြေးဖြေး စွမ်းရည်တွေ ကျလာနေပါတယ်၊ အစိတ်အပိုင်းတွေ အားလုံးကို တစ်စုတည်းဖြစ်အောင် တိပ်နဲ့ဆွဲချည်ထားရသလိုပါပဲ။ ကျွန်မခ န္ဓာကိုယ်က နောက်ထပ် ၁၂လလောက် နေ့တိုင်းဒီလို ဆက် လေ့ကျင့်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ အတော်စဉ်းစားခဲ့ရပါတယ်။
အထူး ရွေးချယ်ခံခဲ့ရသူ

ဂျိုကို ငယ်ငယ်လေးကတည်းက အားကစားမှာ ပါရမီရှိသူလို့ ဆိုပြီး ရွေးချယ်ခံခဲ့ရ
သူ့ရဲ့ ခွန်အား၊ ကြံ့ခိုင်မှုနဲ့ ခန္ဓာကိုယ် ပုံစံတွေကြောင့် ဂျို အသက်၁၃နှစ်မှာ ပါရမီရှိတဲ့ ကယက် ကစားသ မားအဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။ အိုလံပစ်ပွဲ ရွှေ့လိုက်တော့ သူ့ကစားသမားဘဝ အဲဒီမှာပဲ စောစော အဆုံးသတ်သွား မှာကိုလည်း သူ စိုးရိမ်ခဲ့ပါတယ်။
“စကစားတုန်းကဆို ကယက်လှေလှော်တယ်ဆိုတာ ဘာမှန်းတောင် မသိခဲ့ပါဘူး” လို့ သူက ဆိုပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ ဒီအားကစားကို သူသဘောကျလာခဲ့ပါတယ်။
ဒါပေမယ့် တစ်ခြားတစ်ဘက်မှာလဲ နောက်တစ်ခုကို တစ်ပြိုင်နက် သူ စိတ် ဝင်စား လာခဲ့ပါတယ်။
“ကျွန်မ အသက်၁၀နှစ်မှာ လူနာတင်ကားတွေ ဝေါကနဲဖြတ်သွားတာကို အရမ်း စိတ်ဝင်စားခဲ့တယ်။ ဆေးပညာနဲ့ပတ်သက်တဲ့ကိစ္စတွေကိုလည်း အမြဲတမ်း စိတ်ဝင်စားခဲ့ တယ်။ ကိုယ်နေတဲ့ လူ့အဖွဲ့အစည်းကို အကျိုးပြု တယ်ဆို တယ်ဆိုတာသိလာတော့ ဆေးဘက်အကူတစ်ယောက် လုပ်ရင် ပျော် စရာ ကောင်း မယ် စိတ်လှုပ်ရှား စရာကောင်းမယ် အကျိုးရှိမယ်လို့ တွေးခဲ့ မိတယ်။”

ကိုဗစ်ဖြစ်လာလို့ လော့ခ်ဒေါင်းတွေချတော့ ဂျိုရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေ ကမောက်ကမဖြစ်ကုန်ပါတယ်။
သူ့အတွက်အချိန်ရော ခွန်အားပါ အများကြီးသုံးရ ပေးရပေမဲ့ အလုပ်တစ်ဘက်နဲ့ အိုလံပစ်အတွက်အတွက် လေ့ကျင့်ရတာတွေက အကျိုးရှိတယ်လို့ ဂျိုကယုံကြည်ပါတယ်။
“ကျွန်မ အလုပ်သက်တမ်းတလျှောက်မှာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ရတာတွေ ရှိကောင်းရှိခဲ့မယ်။ လေ့ကျင့်ကွင်းကနေ အလုပ်ကို တန်းပြေးရတာမျိုး၊ ဒါမှမဟုတ်လည်း ညဆိုင်းဆင်းပြီးချိန် လေ့ကျင့်ခန်းဆက်ဆင်းရတာမျိုးတွေ ဖြစ်တော့ လိုအပ်တဲ့ ပြန်ထူမတ်နိုင်မယ့် အချိန်တွေ မရခဲ့တာမျိုးလည်း ရှိခဲ့နိုင်တယ်။
ဒါပေမယ့် အဲ့ဒီဖိအားတွေ ပြန်ထွက်သွားအောင် ကျွန်မကိုယ်တိုင်ကြိုးစားခဲ့ပါတယ်။ အားကစားဘက်မှာ မထူးချွန်ရင်လည်း ကျွန်မမှာ တခြား ကြေနပ်စရာ ဘဝရှိပါတယ်။ ဒါကြောင့် အခု အချိန်ထိ လှေလှော်နေတာဖြစ်ပါတယ်။”
အပိုဝင်ငွေရဖို့ အလုပ်

ကိတ်မုန့်ဖုတ် ဝါသနာပါခဲ့သူ ဂျိုအတွက် တစ်ဘက်တစ်လမ်းက ဝင်ငွေရလမ်းဖြစ်ခဲ့
သြစတြေးလျမှာ ကိုဗစ်ဖြစ်လို့ တားဆီးပိတ်ပင်တာတွေဖြစ်လာသလို တိုကျို အိုလံပစ် အတွက် လေ့ကျင့်ခန်းတွေလုပ်ဖို့ကလည်း နှောင့်နှေးမှုတွေဖြစ်လာတော့ ဂျိုအတွက် ခက်ခဲတဲ့ ရွေးချယ်မှုတွေ လုပ်ရပါတော့တယ်။
သူ့ရဲ့ အသင်းသားတွေနဲ့ အတူလေ့ကျင့်ဖို့ သူ့ကို အခြားပြည်နယ်တစ်ခုကို လွှတ်ခံခဲ့ရပြီး အဲ့ဒီနေရာကို သူ့ရဲ့ ဆေးဘက်အကူအလုပ် ပြောင်းလို့မရခင် အချိန် ထိ စောင့်ဆိုင်း ခဲ့ရပါတယ်။
အဲ့ဒါကြောင့် သူ့ရဲ့ CV ထဲမှာ အသက်မွေးဝမ်းကြောင်း အလုပ် တစ်ခုထပ်တိုးလာပါတယ်။
“အလုပ်တစ်ခုမရှိဘဲနဲ့ Gold Coast ဘက်ကို မပြောင် သွားချင်ဘူး။ ကျွန်မမှာက ကိတ်မုန့်ဖုတ်ချင်တဲ့ ဝါသနာ ကလည်း အမြဲတမ်း ရှိနေခဲ့တာ။ အဲ့ဒါကြောင့် ဝါသနာလေးတစ်ခုကနေ စီးပွားရေးပုံစံမျိုး အလုပ်တစ်ခုအဖြစ် လုပ်ဖြစ်သွားတာပါ”လို့ ဂျိုက ပြောပါတယ်။
ဒါပေမယ့် သူ့အနေနဲ့ အရသာလည်းရှိရမယ် အိုလံပစ်အားကစားတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်ရမယ်ဆိုတဲ့ ကိတ်မျိုးတော့ သူမလုပ်နိုင်ခဲ့ ပါဘူး။
” ကိတ်တလုံးကို စားတော့မယ်လို့ ဆုံးဖြတ်လိုက်ရင် ဖြတ်လမ်းနည်း လိုက်လို့မရဘူး၊ သကြားကိုလည်း ရှောင်လို့မရဘူး။ အရသာအပေါ့စား ကပ်ကိတ်မျိုးလည်း လုပ်လို့မရဘူး။ အဲ့ဒါတွေအားလုံးကတော့ ပါနေမှာပဲ။ စားမယ်ဆို စား၊ ပြီးရင် လျော့အောင်ပြန်လုပ်ဖို့ စိတ်ကို ဆုံးဖြတ်ထားနိုင်ရမယ်”
ရေထဲက အံ့အားသင့်စရာတွေ

သြစတြေးလျမှာတွေ့ရတဲ့ ရေငန်မိကျောင်းမျိုးဟာ ကမ္ဘာမှာအကြီးဆုံးနဲ့ အန္တရာယ်အပေးနိုင်ဆုံးပါ။
သီးခြားခွဲထားပြီး လေ့ကျင့်ရတဲ့ စခန်းကိုရောက်တော့ တခြား မျှော်လင့်မထားတာ တစ်ခုနဲ့လည်း ဂျို ကြုံတွေ့ခဲ့ရပါတယ်။
သူတို့လေ့ကျင့်တဲ့ မြစ်ထဲမှာ အရင်တုန်းက မိကျောင်းတွေအများကြီးရှိပါတယ်။
“ကျွန်မတို့ လှေလှော်ထွက်တော့ ဘာမိကျောင်းမှ မတွေ့တော့ ဘူး။ တော်တော် ကောင်းတယ်လို့ပြောရမှာပေါ့။ ဒါပေမယ့် မိကျောင်းမွေးတဲ့ ခြံထဲ ကိုတော့ ကျွန်မတို့ ရောက်သွားကြ တယ်။
အဲ့ဒီကဝန်ထမ်းတစ်ယောက်က သူတို့ အိုလံပစ်အဖွဲ့ လေ့ကျင့်တဲ့ နေရာကနေ ဖမ်းလာတဲ့ ထူးထူးခြားခြား အရမ်းကြီးတဲ့ မိကျောင်းကြီး တစ်ကောင်ကို သူတို့ကို ပြခဲ့ပါတယ်။
“အဲ့ဒီ ဇာတ်လမ်းကိုတော့ ကျွန်မတို့ကြားဖို့ မလိုတော့ပါဘူး။”
သြဂုတ်လ ၆ရက်နေ့ သောကြာနေ့မှာ ဂျိုဟာ ၅၀၀မီတာ အမျိုးသမီး၄ယောက်တွဲ ကယက်လှေလှော်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ရှိပါတယ်။
BBC
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။