
ကမ္ဘာကျော် ပင်လယ်ဓားပြရုပ်ရှင်ကားကြီးဖြစ်တဲ့ Pirate of Caribbean ဇာတ်ကားကတော့ အောင်မြင်မှု သရဖူ ဆက်တိုက်ဆောင်းနိုင်ခဲ့တဲ့ ဇာတ်ကားပါ။ ဇာတ်ကားထဲမှာပါတဲ့ ဇာတ်ဝင်ခန်းတွေက စွန့်စားသွားလာလိုသူတွေ၊ အံ့သြဖွယ်ရာ၊ ရတနာသိုက်တွေအကြောင်းဖြစ်လို့ အများပြည်သူတွေကို နှစ်ထောင်းအားရ ရှိစေခဲ့ပါတယ်။
ဒါပေမယ့် တကယ့် ပင်လယ်ဓားပြတိုင်းကတော့ ဒီဇာတ်ကားထဲက ကာရိုက်တာတွေလို ဟုတ်ချင်မှ ဟုတ်မှာဆိုပေမယ့်၊ ဒီဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ချို့ကတော့ သမိုင်းမှာ တကယ်ဖြစ်ခဲ့တာတွေလည်း ပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူသိနည်းသေးတဲ့ ပင်လယ်ဓားပြတို့ ဘဝနေထိုင်မှုအကြောင်း ဖော်ပြချင်ပါတယ်။

(၁) သူများနဲ့ မတူတဲ့ဘာသာစကား
ပင်လယ်ဓားပြတွေမှာ သူတို့ဘာသာထွင်ထားတဲ့ ဘာသာစကားတွေ ရှိပါတယ်။ စကားဝှက်လို့လည်း ပြောလို့ရပါတယ်။ ဒါပမယ့် တော်တော်များများကတော့ ဒီလိုစကားတွေနဲ့ အရေးပေါ်အခြေအနေမှာ မဟုတ်လည်း ပြောဆိုဆက်ဆံကြပါတယ်။ ဥပမာအားဖြင့် ” Three sheets to the wind “ဆိုတဲ့ စကားပေါ့။
ဒီစကားက “အရက်သောက်ကြစို့ဟေ့ “ဆိုပြီး ပြောတာ ဖြစ်ပါတယ်။ “ပင်မရွက်ကြီး သုံးခု အေးအေးဆေး ရွက်လွင့်နေပြီ၊ သောက်လို့စားလို့ အိပ်လို့ရပြီ”လို့ ပြောတာနဲ့ အတူတူပါဘဲ။ ဒီလိုပဲ “Learn the ropes” ဆိုတာကတော့ ကိုယ်လုပ်ချင်တာကို တစ်စိုက်မက်မက် လုပ်ကိုင်ဖို့လိုသလို၊ ပတ်ဝန်းကျင်နဲ့လည်း အံဝင်ဂွင်ကျ ရှိနေဖို့လိုတယ်လို့ ပြောတာနဲ့ အတူတူပါဘဲ။

(၂) လူကို ညှင်းပန်းနှိက်စက်လိုတဲ့အခါ

ပင်လယ်ထဲမှာ ပုန်ကန်ထကြွတဲ့ သစ္စာဖောက်တွေ ရှိလာခဲ့ရင်တော့ သူတို့က ရုပ်ရှင်ထဲကလို ပင်လယ်ထဲကို သစ်သားအပြားပေါ်ကနေ ရေထဲကို ခုန်ချခိုင်းတာမျိုး မရှိပါဘူးတဲ့။ လူသူမနေတဲ့ ကျွန်းပေါ်မှာ၊ ကန္တရထဲမှာ တစ်ဦးတည်းထားလေ့ရှိခဲ့တယ်ဆိုတဲ့ ပြကွက်ကတော့ မှန်ကန်တယ်လို့ ဆိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ အပြစ်ကြီးတယ်ဆိုရင် ကြိုးနဲ့ချည်ပြီး သင်္ဘောနောက်မြှီးကနေ တွယ်ချည်ပြီး ရေထဲမှာဒရွက်ဆွဲခေါ်သွားလေ့ရှိပါတယ်တဲ့။ ဒီလိုမဟုတ်ရင် ကြာပွတ်နဲ့ အသေရိုက်သတ်လေ့ရှိတယ်လို့ ဆိုပါတယ်။
(၃) ဂျူးလီယက်ဆီဇာနဲ့ ပင်လယ်ဓားပြ
မြေပြင်ပေါ်မှာ ဘုရင်တစ်ပါဖြစ်တဲ့ ဂျူးလီယက်ဆီဇာဟာ ပင်လယ်ဓားပြတွေဖမ်းဆီးတာကို တစ်ကြိမ်ခံခဲ့ရဖူးပါတယ်။ သူတို့ကတော့ ဂျူုးလီယက်ဆီဇာမှန်း မသိဘဲ ဖမ်းလိုက်တာပါဘဲ။ ပြန်ပေးငွေကို ငွေစင် (၂၀)ပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ငွေစင် (၂၀)ဟာ အခုခေတ်တန်ဖိုးနဲ့ဆို ဒေါ်လာ(၆)သိန်း တန်ဖိုးရှိပါတယ်တဲ့။

ရိုမန်အင်ပါယာဘက်က လှောင်ပြောင်ခဲ့ပြီး ငွေစင်(၂၀)နဲ့ ထိုက်တန်ကြောင်း အကြောင်းပြန်ကာ မည်သည့်ပြဿနာမှ မရှာဘဲ ပြန်ရွေးခဲ့ပါတယ်။ ဒါပေမယ့် ဂျူးလီယက်ဆီဇာဟာ ပင်လယ်ဓားပြတွေနဲ့ ခင်မင်ခဲ့ပြီး၊ သူတို့ဆီက တိုက်ခိုက်ရေးနည်းပညာတွေ ရခဲ့တယ်လို့ဆိုပါတယ်။
(၄) အမျိုးသမီးပင်လယ်ဓားပြ

Anne Bonny နဲ့ Mary Read တို့ဟာ (၁၇၂၀)ဝန်းကျင်မှာ ပင်လယ်ပြင်မှာ ကြီးစိုးခဲ့တဲ့ အမျိုးသမီးဓားပြတွေပါ။ သင်္ဘောတစ်စီးတည်းကို အတူတူအုပ်ချုပ်ခဲ့ကြပြီး၊ ယောက်ျားပင်လယ်ဓားပြတွေနဲ့ နယ်မြေလုရင်း ချိန်းချက်ပြီး စီးချင်းထိုးရာမှာ ပွဲပေါင်းများစွာ အနိုင်ရခဲ့ကြပါတယ်။ သင်္ဘောပေါ်လိုက်ပါသူတွေအကုန်လုံးကလည်း အမျိုးသမီးတွေဖြစ်ကြပြီး ယောက်ျားတွေလို ဝတ်စားဆင်ယင်စေခဲ့တယ်လို့ ဆိုပါတယ်။
(၅) ပင်လယ်ထဲက ရတနာသိုက်များ

ပင်လယ်ထဲက ကျွန်းဆွယ်လေးတွေပေါ်မှာ ပင်လယ်ဓားပြတွေက ရတနာသိုက်တွေ ဝှက်ထားလေ့ရှိတယ်လို့ သိခဲ့မှတ်ခဲ့တာ အပြည့်အဝ မမှန်ပါဘူး။ ပင်လယ်ဓားပြတွေဟာ ရတနာတွေကို သိုဝှက်ခဲတဲ့ သူတွေပါ။ သူတို့တစ်တွေဟာ တစ်ခါတလေမှာ သောက်စရာ အရက်တွေများနေရင်၊ အဝတ်အစားတွေ ပိုနေရင်၊ လက်နက်တွေ များနေရင်တော့ ဝှက်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပင်လယ်ပြင်က ကျွန်းတွေပေါ်မှာ ရတနာသိုက်ရှာမယ်ဆိုရင်တော့ အလကားပါဘဲ။
(၆) မုတ်ဆိတ်နက်

ဂျက်စပဲရိုးဖာတ်ကားထဲမှာ ဇာတ်ကောင်တစ်ခုအဖြစ် ပါဝင်ခဲ့တဲ့ ပင်လယ်ဓားပြကြီး မုတ်ဆိတ်နက်ဟာ အင်္ဂလန်သမိုင်းမှာ တကယ်ရှိခဲ့ပြီး၊ ရက်စက်မှုမှာ အလွန်နာမည်ကြီးပါတယ်။ သူဟာ တိုက်ပွဲမစခင်မှာ တစ်ဖက်ရန်သူကို သူဘယ်သူလဲဆိုတာ မြင်အောင် မီးတုတ်နဲ့ သူ့မျက်နှာအနီးကို ကပ်ပြီးပြလေ့ရှိပါတယ်။ မုတ်ဆိတ်နက်လို့ တစ်ဖက်က သိလိုက်တာနဲ့ ရှောင်လိုက ရှောင်နိုင်စေဖို့ ဖြစ်ပါတယ်။ မရှောင်ဘဲ လာတိုက်ရင်တော့ သူ့က ဘယ်သူ့ကိုမှ ချမ်းသာမပေးပါဘူး။ အကုန်သတ်ပစ်တာပါတဲ့။ သူ့နာမည်က Edward Teach ဖြစ်ပြီး၊ (၁၆၈၀)ဝန်းကျင်မှာ ကြီးစိုးခဲ့တဲ့ ပင်လယ်ဓားပြကြီးပါ။
(၇) ကမ္ဘာ့အစောဆုံး ကျန်းမာရေးအာမခံ
ပင်လယ်ဓားပြတွေဟာ အချင်းချင်း အလွန်ချစ်ခင်ကြပြီး၊ စည်းလုံးညီညွှတ်ကြပါတယ်။ ပင်လယ်ဓားပြတစ်ဦးဦး ထိခိုက်ဒဏ်ရာ ရခဲ့ရင် ကျန်းမာရေးအာမခံကို ပင်လယ်ဓားပြခေါင်းဆောင်က စီစဉ်ပေးရပါတယ်။ လက်ပြတ်၊ ခြေပြတ်၊ နာမကျန်း စတဲ့ ရောဂါဒီဂရီအနိမ့်အမြင့်လိုက်ပြီး ပေးရတာပါ။ ဘယ်တုန်းက ဒီစနစ်ကို စခဲ့တယ်ဆိုတာ မသိပေမယ့်၊ သေချာတာကတော့ ကမ္ဘာ့အစောဆုံး ကျန်းမာရေးအာမခံလို့တောင် ပြောလို့ရပါတယ်။

ဥပမာ လက်ပြတ်ခြေပြတ် ဖြစ်သွားရင် စပိန်ဒေါ်လာ (၆၀၀) ပေးပါတယ်။ (၁၇၀၀) ဝန်းကျင်က စပိန်ဒေါ်လာ (၆၀၀)ဟာ အခုခေတ်ငွေနဲ့ဆို အလွန်တန်းဖို့မြင့်ရှိပါတယ်။ ထိုခေတ်က စပိန်ငွေကြေးဟာ ဈေးကောင်းခဲ့ပြီး၊ အခုလို တန်ဖိုးကွာခြားမှု မရှိသေးပါဘူးတဲ့။ မျက်လုံးတစ်လုံးဆုံးရင် စပိန်ငွေ (၂၀၀)၊ မျက်လုံးလုံးဝ ကန်းသွားရင် စပိန်ငွေ (၂၀၀၀) တို့ဖြစ်ပါတယ်။ စပိန်ငွေ (၂၀၀၀)ဟာ အခုခေတ်တန်ဖိုးနဲ့ဆို ဒေါ်လာ (၁၆၀၀၀၀) ခန့် ရှိပါတယ်။
(၈) ဆေးဖြစ်ဝါးဖြစ် အရက်

သင်္ဘောသားတွေဟာ Grog အမည်ရ ဆေးဖြစ်ဝါးဖြစ်အရက်ကို (၂၄)နာရီနီးပါး အသုံးပြုကြပါတယ်။ ဗြိတိန်ပင်လယ်ဓားပြတွေ ထွင်ခဲ့တာပါ။ ရောဂါတွေကို ပျောက်ကင်းစေနိုင်ပြီး၊ အထူးသဖြင့် ဆားငန်ရေကို မသောက်အောင် ကာကွယ်ဖို့လည်း ဖြစ်ပါတယ်။ မီးတောက် Rum ကို ရေနဲ့၊ အခြားဆေးဘက်ဝင် အသီးတွေ ဆတူရောပြီး၊ သင်္ဘောပေါ်ကို များစွာတင်ဆောင်လေ့ရှိပါတယ်။ ရေငတ်လည်း ပြေသလို၊ တော်ရုံရောဂါကိုတော့ ဆေးကုဖို့ မလိုပါဘူးတဲ့။
(၉) စည်းကမ်းသေဝပ်မှု

ပင်လယ်ဓားပြတွေဟာ အလွန်စည်းကမ်းသေဝပ်ပြီး အမိန့်နာခံသူတွေပါ။ ဒီမိုကရေစီခေတ်မတိုင်ခင်ကတည်းက ခေါင်းဆောင်ကိစ္စမှာ ဆန္ဒမဲ့ပေး ရွေးချယ်တဲ့စနစ်ကို ကျင့်သုံးခဲ့ပြီး ရွေးကောက်တင်မြှောက်ခြင်း၊ ဖြုတ်ချခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ပါက ပြင်းထန်စွာ အပြစ်ပေးခံရဖို့သာ ရှိပါတယ်။ သက်ညှာမှုဆိုတာ မရှိပါဘူး။ နောက်လိုက်တွေ ထိခိုက်ဒဏ်ရာ ရတဲ့အခါ လျှော်ကြေးအပြည့်အဝ ပေးရခြင်းကလည်း ကပ္ပတိန်တိုင်း လိုက်နာရတဲ့ မဟာစည်းကမ်းချက်ကြီးပါတဲ့။
(၁၀) နားဆွဲ ဝတ်ရခြင်းအကြောင်းအရင်း
ပင်လယ်ဓားပြတွေဟာ နားဆွဲဝတ်ရတာကို သဘောကျကြပါတယ်။ အထူးသဖြင့် ကြေးနဲ့ ပြုလုပ်ထားတဲ့ နားကွင်းကို ဝတ်ဆင်ကြပါတယ်။ ဒီလို ဝတ်ဆင်ခြင်းဖြင့် အလွန်ကျယ်လောင်တဲ့ အမြှောက်သံတွေကို မကြားရအောင် တားဆီးပေးတယ်၊ အကြားအာရုံမပျက်စေဖို့ ကာကွယ်ပေးတယ်လို့ ယူဆကြပါတယ်။ ဒီလိုပဲ မျက်လုံးတစ်ဖက်လပ်ပုံစံ Eyepatche ကို ဝတ်ဆင်ရတာကိုလည်း သဘောကျကြပါတယ်။

မျက်လုံးကန်းမှ ဒီလို ဝတ်တာမဟုတ်ပါဘူး။ ဒီလိုမျက်လုံးကို ကွယ်ထားရခြင်းမှာ အကြောင်းရှိပါတယ်။ တစ်အချက်က ညဘက်မြင်ကွင်းတွေကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်ရတယ်၊ (၂)အချက်က ရေပေါ်ရေအောက် မြင်ကွင်းတွေကို ပိုပြီးရှင်းရှင်းမြင်နိုင်တယ်၊ (၃) အချက်က ရန်သူနဲ့တိုက်ခိုက်လို့ မျက်လုံးတစ်လုံး ကွယ်သွားတဲ့အခါ တစ်လုံးအကောင်းကျန်စေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
crd