ကြက်သွန်နီ တစ်ပိဿာ ကျပ် (၅၀၀၀) ဝန်းကျင်ထိ စံချိန်တင် ပြန်လည်မြင့်တက်

ကြက်သွန်နီ တစ်ပိဿာ ကျပ် (၅၀၀၀) ဝန်းကျင်ထိ စံချိန်တင် ပြန်လည်မြင့်တက်













ဒေါ်လာစျေး ဂယက်ကြောင့် ကြက်သွန်နီ တစ်ပိဿာ ကျပ် (၅၀၀၀) ဝန်းကျင်ထိ စံချိန်တင် ပြန်လည်မြင့်တက်..

လက်လီစျေးကွက်ထဲ အရင်အပတ်က စျေးနှုန်းကျဆင်းသွားခဲ့တဲ့ ကြက်သွန်နီစျေးတွေဟာ ပြန်လည်မြင့်တက်လာခဲ့ပြီး လက်ရှိ ရန်ကုန်မြို့ အခြေခံလူတန်းစားအများစုနေထိုင်တဲ့ ရပ်ကွက်စျေးတွေမှာ ကြက်သွန်နီတစ်ပိဿာကို ကျပ် ၅၀၀၀ ဝန်းကျင်ထိ စျေးမြင့်တက်လာတယ်လို့ အိမ်ရှင်မတွေဆီက သိရပါတယ်။

“ဒီနေ့ဆိုင်အတွက် လိုတာလေးတွေသွားဝယ်တာ ဝယ်နေကြဆိုင်က ကြက်သွန်နီအလုံးကြီးလှရင် ၅၀၀၀၊ အလုံးသေးက ၄၀၀၀၊ အလုံးအသင့်အတင့်အရွယ်အစားဆို ၄၅၀၀ တက်သွားတယ်ပေါ့။ မနေ့ကထိ ၄၅၀၀ ပေးရတဲ့ကြက်သွန်နီက ဒီနေ့ ၅၀၀၀ စျေးဖြစ်သွားတာ သူတို့ယူနေကြဒိုင်က ဒီနေ့စျေးတက်တယ်လို့ ဖုန်းလှမ်းဆက်တော့ အကုန်တက်ကုန်တာလို့ပြောတယ်။

ကုန်စျေးနှုန်းက တက်ရင်သာ ချက်ချင်းတက်တာ ပြန်ကျဖို့ဆို မကျတော့ဘူး။ အရင်ကဆို ထမင်းဆိုင်အတွက် ဘယ်လောက်ဆိုပြီး ဝယ်စုထားတယ်။ အခုတော့ တက်ရင်တက်တဲ့စျေးနဲ့ပဲ ဝယ်ပြီးရောင်းတော့တယ်။ ဝယ်ထားဖို့လည်း အရင်းကမရှိတော့ဘူး” လို့ သန်လျင်မြို့နယ်က ထမင်းဆိုင်ဖွင့်သူတစ်ဦးက ပြောပါတယ်။

အခုရက်ပိုင်း ကြက်သွန်နီစျေးတွေက မြင့်တက်လာခဲ့ပြီး ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာဆိုရင် အောက်တိုဘာ ၂၂ ရက်နေ့က ဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာကို ၃၄၀၀ ကျပ်၊ ကံဆင့်ကြက်သွန်နီတစ်ပိဿာကို ၃၇၀၀ ကျပ် ရှိခဲ့ရာမှ အောက်တိုဘာ ၂၅ ရက်မှာ ဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာကို ၃၇၀၀ ကျပ်ထိမြင့်တက်ခဲ့သလို ဒီနေ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ဆိပ်ဖြူ ကြက်သွန်နီတစ်ပိဿာကို ၄၀၀၀ ကျပ်၊ ကံဆင့် ကြက်သွန်နီတစ်ပိဿာကို ၄၃၀၀ ကျပ် ထိ မြင့်တက်လာခဲ့တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ စျေးနှုန်းတွေအရ သိရပါတယ်။

ဒေါ်လာစျေး ဂယက်ကြောင့် ကုန်စည်ဒိုင်ရဲ့ စျေးမှာတင် ရက်ပိုင်းအတွင်း ကြက်သွန်နီတစ်ပိဿာကို ၆၀၀ ကျပ် ဝန်းကျင် မြင့်တက်လာခဲ့တာဖြစ်ပြီး လက်ရှိ လက်လီစျေးကွက်ထဲ ကုန်ခြောက်စျေးတွေဟာလည်း စျေးမြင့်တက်လာသလို ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်ကာ အရင်ကထက် အနည်းဆုံးပျမ်းမျှ တစ်ပိဿာ ကျပ် ၅၀၀ ဝန်းကျင် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

စျေးကွက်အတွင်းသို့ တရုတ်ကြက်သွန်နီများ ဝင်ရောက်နေသော်လည်း အရသာပိုမိုကောင်းမွန်ခြင်း၊ ဟင်းအနှစ်ပိုမိုရရှိခြင်း၊ အမွှန်အရသာများခြင်း စတာတွေကြောင့် မြန်မာကြက်သွန်နီဟာ တရုတ်ကြက်သွန်နီထက် ဈေးပိုကောင်းနေဆဲလို့ သိရှိရပါတယ်။



Post Views:
1








Crd