ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကြောက်ရွံ့စရာမလိုဟု တရုတ်ပြောကြား
ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်များသည် တရုတ်နိုင်ငံတွင် အများပြည်သူအတွက် ခွင့်ပြုမိန့်ပေးခဲ့သည့် ကာကွယ်ဆေး၏ အကျိုးအာနိသင်ကို ခံနိုင်ရည်ရှိမည့် အရိပ်လက္ခဏာမရှိဟု တရုတ်နိုင်ငံ၏ ရောဂါထိန်းချုပ်ရေး အရာရှိတစ်ဦးက ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။
ဗြိတိန်တွင် ပျံ့နှံ့နေသည့် ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံထားရသူတစ်ဦးကို တရုတ်တွင် ပထမဆုံးအကြိမ်တွေ့ရှိခဲ့သည့် သတင်းထွက်ပေါ်လာခဲ့ပြီးတစ်ရက်အကြာတွင် အစိုးရက ထောက်ပံ့ပေးထားသည့် Sinopharm ကုမ္ပဏီ၏ ကာကွယ်ဆေးကို အများပြည်သူ အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်သည်။

“ဘာမှ ကြောက်ရွံ့ထိတ်လန့်နေစရာ မလိုပါဘူး။ ဗိုင်းရပ်စ်မျိုးကွဲကို အရင်မျိုးကွဲတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ရောဂါဖြစ်စေနိုင်တဲ့ အဲဒီဗိုင်းရပ်စ်ရဲ့ လုပ်နိုင်စွမ်းဟာ သိသိသာသာပြောင်းလဲသွားတာမျိုး မရှိပါဘူး” ဟု တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ CDC မှအရာရှိတစ်ဦးဖြစ်သူ ရှူဝမ်ပိုက နိုင်ငံပိုင်ရုပ်သံမှ ပြောကြားခဲ့သည်။
ယင်းဗိုင်းရပ်စ်မျိုးကွဲများတွင် ကာကွယ်ဆေးကို ခံနိုင်ရည်ရှိသည့် တစ်စုံတစ်ရာကို မတွေ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဗြိတိန်တွင် B.1.1.7 ဟုလူသိများသည့် VUI- 202012/1 ဗိုင်းရပ်မျိုးကွဲသည် COVID-19 ကူးစက်ပျံ့နှံ့မှုများကို ပိုမိုလျှင်မြန်စေနိုင်သည်ဟု ယူဆထားကြည်။
ရှူကမူ ဗိုင်းရပ်စ်၏ပရိုတင်းအတွင်း ယင်းမျိုးကွဲသည် ဗိုင်းရပ်၏ သက်ရှိကလာပ်စည်း အက်ဆစ်များကို ပစ်မှတ်ထားသည့် တရုတ်၏ COVID-19 စစ်ဆေးမှုများတွင် ထိရောက်စွာ တုံ့ပြန်နိုင်လိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်တွင် ဒီဇင်ဘာ ၃၀ ရက်က ဗြိတိန်တွင် ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်မျိုး ကွဲကူးစက်ခံထားရသူတစ်ဦးကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြောင်း CDC ကြေညာခဲ့သည်။
မူလ ဗိုင်းရပ်စ်ထက် ကူးစက်မှုနှုန်း ၄၀ မှ ၇၀ ရာခိုင်နှုန်းအထိ ပိုမိုလျှင်မြန်ဖွယ်ရှိသည့် ယင်းဗိုင်းရပ်စ်မျိုးကွဲကြောင့် ကမ္ဘာတစ်ဝန်းမှ နိုင်ငံများသည် ဗြိတိန်နှင့် ခရီးသွားလာရေး လမ်းကြောင်းများကို ပိတ်ပင်ခဲ့သည်။

ယင်းဗိုင်းရပ်စ်မျိုးကွဲကို ဗြိတိန်မှ တရုတ်နိုင်ငံထံ ပြန်လည်ဝင်ရောက်လာသည့် အသက် ၂၃ နှစ်အရွယ် ကျောင်းသူတစ်ဦးထံတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းအား ဒီဇင်ဘာ ၁၄ ရက်တွင် ရှန်ဟိုင်း၌ဆေးစစ်ခဲ့ကာ ဒီဇင်ဘာ ၃၀ ရက်တွင်မှ CDC ၏က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၁ ရက်၌ လျောင်နင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ် လေးဦးရှိပြီး အရှေ့မြောက်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များတွင် ရောဂါကူးစက်မှု အသေးစားတွေ့ရှိခဲ့သဖြင့် လူပေါင်းတစ်သန်းကျော်ကို ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည့် ပေကျင်းတွင် ကူးစက်ခံရသူ ငါးဦးရှိခဲ့သည်။
ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca Plc ကလည်း ကိုရိုနာဗိုင်းရပ်စ်သန္ဓေပြောင်းမျိုးကွဲသစ်ကို ၎င်း၏ COVID-19 ကာကွယ်ဆေးက ထိထိရောက်ရောက် တိုက်ဖျက်ပေးနိုင်ဖွယ်ရှိပြီး သန္ဓေပြောင်းဗိုင်းရပ်စ်၏ သက်ရောက်မှုအန္တရာယ်ကို ပြည့်ပြည့်စုံစုံ သိရှိနားလည်နိုင်ရန် လေ့လာစမ်းသပ်မှုများ လုပ်ဆောင်နေကြောင်း ဒီဇင်ဘာ ၂၂ ရက် တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
News-Eleven