ကိုဗစ်ကာကွယ်ဆေး ပြတ်လပ်နိုင်ခြေ BioNTech အကြီးအကဲ သတိပေး
COVID-19 ကာကွယ်ဆေးအတွက် အမေရိကန်က Pfizer နဲ့လက်တွဲပြီး ထုတ်နေတဲ့ ဂျာမနီ BioNTech ကုမ္ပဏီ အကြီးအကဲက သူတို့ဘက်က မနေမနား ထုတ်နေကြပေမယ့် ဒီကြားထဲ တခြားကုမ္ပဏီတွေက ကာကွယ်ဆေးတွေ ထွက်မလာရင်တော့ သူတို့ရဲ့ဆေးတင်ပို့မှု ပြတ်သွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

COVID-19 အတွက် ကာကွယ်ဆေးထုတ်နိုင်ဖို့ အပြိုင်ကြိုးပမ်းမှုမှာ Pfizer-BioNTech က အရေးပေါ်သုံးခွင့် ပထမဆုံးရခဲ့တာဖြစ်ပေမယ့် အီးယူ ဥရောပသမဂ္ဂမှာတော့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကြောင့် ဒီကာကွယ်ဆေးထိုးနှံရေးဟာ နောက်ကျခဲ့ရသလို ဆေးမှာယူတဲ့ ပမာဏကလည်း နည်းပါတယ်။
ဒီဆေးကို ဇူလိုင်လမှာ အမေရိကန်က ထိုးဆေးအလုံးပေါင်း သန်း ၆၀၀ အော်ဒါမှာခဲ့ပေမယ့် အီးယူက နိုဝင်ဘာလအထိ စောင့်ပြီးမှ သူ့ထက်ဝက်လောက်ပဲ မှာယူခဲ့တာပါ။ အခုလို နှောင့်နှေးမှုကြောင့် ဂျာမနီမှာဆို ကာကွယ်ဆေးထိုးမှုကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပေမယ့် အခုဆို တချို့ဒေသတွေမှာ ဖွင့်ထားတဲ့ ကာကွယ်ဆေးထိုးပေးတဲ့ စင်တာတွေကို ယာယီပိတ်ထားရတာမျိုး ဖြစ်လာစေပါတယ်။

BioNTech ကုမ္ပဏီ အကြီးအကဲကတော့ ဆေးကို လောက်ငအောင် မပေးနိုင်တာဟာ တခြားကာကွယ်ဆေးတွေအတွက် အရေးပေါ်သုံးခွင့် အတည်ပြုမပေးကြသေးတာကြောင့် ဖြစ်ကြောင်း ဂျာမနီ Spiegel သတင်းဌာနကို ပြောပါတယ်။
အမေရိကန်က Moderna ကုမ္ပဏီထုတ် ကာကွယ်ဆေးကိုတော့ ဇန်နဝါရီလ ၆ ရက်နေ့လောက်မှ EMA ဥရောပဆေးအဖွဲ့ကနေ အတည်ပြုမပြု ဆုံးဖြတ်ဖို့ ရှိပါတယ်။ ဗြိတိန်အစိုးရက ဒီသီတင်းပတ်ထဲ အတည်ပြုပေးလိုက်တဲ့ Oxford တက္ကသိုလ်နဲ့ AstraZeneca တို့ကထုတ်တဲ့ ကာကွယ်ဆေးကိုလည်း EMA က အမြန်အတည်ပြုပေးဖို့ ဂျာမနီက တိုက်တွန်းနေတာပါ။
VOA