ကမ္ဘာကြီးကို အုပ်စိုးထားတဲ့ အိန္ဒိယနွယ်ဖွားများနှင့် ရွှေမြန်မာတွေအတွက် အတွေးအမြင်သစ်တခု

ကမ္ဘာကြီးကို အုပ်စိုးထားတဲ့ အိန္ဒိယနွယ်ဖွားများနှင့် ရွှေမြန်မာတွေအတွက် အတွေးအမြင်သစ်တခု

ကမ္ဘာကြီးကို အုပ်စိုးထားတဲ့ အိန္ဒိယနွယ်ဖွားများနှင့် ရွှေမြန်မာတွေအတွက် အတွေးအမြင်သစ်တခု..

UK ရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာမယ့်သူ Rishi Sunak ဟာ အိန္ဒိယနွယ်ဖွား ဖြစ်တဲ့အတွက် အားလုံးရဲ့ စိတ်ထဲမှာ တွေးမိနေတဲ့ တူညီတဲ့အတွေးတစ်ခု ရှိနိုင်တယ်။ UK ဆိုတာ တစ်ချိန်က အိန္ဒိယနိုင်ငံကို နယ်ချဲ့ကိုလိုနီပြုခဲ့ပေမယ့်၊ အခုတော့ အိန္ဒိယမျိုးနွယ်တစ်ဦးက သူ့နိုင်ငံရဲ့ အကြီးအကဲ ဖြစ်လာခဲ့ပြီလေ။ မင်းအခုတော့ ဘာတတ်နိုင်သေးလဲ ပေါ့။

ဒါအပြည့်အဝတော့ မမှန်ပါဘူး။ Rishi Sunak ဟာ အိန္ဒိယနွယ်ဖွားဆိုပေမယ့် မွေးကတည်းက အင်္ဂလန်မှာ မွေး၊ အင်္ဂလန်မှာ ကြီးခဲ့သူဖြစ်ပြီး သူ့မိဘတွေကသာ သူ့ကို မမွေးခင်ကတည်းက UK မှာ ခိုလှုံနေခဲ့ကြတာပါ။ ဘာပဲပြောပြော စိတ်ဝင်စားစရာ ဖြစ်ရပ်တစ်ခုပါပဲ။

နည်းပညာလောကမှာလည်း အိန္ဒိယနွယ်ဖွား CEO တွေ ကြီးစိုးထားကြပါတယ်။ ထူးခြားတာက၊ အများစုဟာ Rishi Sunak လိုတောင် မဟုတ်ကြဘဲ အိန္ဒိယမှာမွေး အိန္ဒိယမှာကြီးကြသူတွေ များပါတယ်။ ထင်ရှားသူတစ်ချို့အကြောင်း ပူးတွဲဖော်ပြလိုက်ပါတယ်။

Sundar Pichai (Google CEO).. အိန္ဒိယမှာမွေး၊ အိန္ဒိယမှာကြီးပြီး၊ အိန္ဒိယ IIT (India Institute of Technology) ကနေပဲ Engineering ဘွဲ့ရခဲ့သူပါ။ ဘွဲ့ရပြီးနောက် US ကို ပြောင်းရွှေ့ ကျောင်းတက်ပြီး မာစတာဒီဂရီနဲ့ MBA ဘွဲ့တွေ ရယူခဲ့တယ်။

Satya Nadella (Microsoft CEO).. သူလည်းပဲ အိန္ဒိယမှာမွေး အိန္ဒိယမှာကြီးပြီး IIT ကနေပဲ Engineering ဘွဲ့ရခဲ့ပါတယ်။ IIT ချင်းတူပေမယ့် ဒေသတော့ မတူကြပါဘူး။ ဒီက GTC/UIT ကျောင်းတွေလိုများ ဖြစ်မလားမသိပါဘူး။ ကျောင်းတူပြီး ဒေသမတူတာကို ပြောတာပါ။ သင်တဲ့ လယ်ဗယ်တူမတူတော့ မပြောတတ်ပါဘူး။ နောက်မှ US ကိုသွားပြီး ကွန်ပျူတာ မာစတာဘွဲ့နဲ့ MBA ဘွဲ့တွေ ဆက်ယူခဲ့တယ်။

Parag Agrawal (Twitter CEO).. သူလည်းအတူတူပါပဲ။ အိန္ဒိယမှာမွေး အိန္ဒိယမှာကြီးပြီး IIT ကနေပဲ ကွန်ပျူတာဘွဲ့ ရခဲ့သူပါ။ နောက်မှ US ကိုသွားပြီး ကွန်ပျူတာသိပ္ပံ Ph.D ဆက်တက်ခဲ့ပါတယ်။

Shantanu Narayen (Adobe CEO).. သူလည်း အိန္ဒိယမှာမွေးခဲ့သူပါ။ ဒါပေမယ့် IIT ကနေဘွဲ့ရတာတော့ မဟုတ်တော့ပါဘူး။ တစ်ခြား အိန္ဒိယတက္ကသိုလ်တစ်ခုကနေ Engineering ဘွဲ့ရခဲ့တာပါ။ ထုံးစံအတိုင်း နောက်တော့ US ကိုသွားပြီး ကွန်ပျူတာ မာစတာဒီဂရီနဲ့ MBA တွေ ဆက်ယူခဲ့ပါတယ်။

Ajay Banga (Former MasterCard CEO).. သူက ယခင် MasterCard CEO ပါ။ အခုတော့ အလုပ်ပြောင်းသွားပါပြီ။ အိန္ဒိယမှာမွေးပြီး B.A Economics ဘွဲ့နဲ့ MBA ဘွဲ့တို့ကို အိန္ဒိယကနေပဲ ယူခဲ့ပါတယ်။ ထူးခြားချက်အနေနဲ့ အိုဘားမားလက်ထက်မှာ သမ္မတအကြံပေးတစ်ဦး ဖြစ်ခဲ့ပါတယ်။

Arvind Krishna (IBM CEO).. သူလည်း အိန္ဒိယမှာမွေးပြီး IIT ကနေပဲ Engineering ဘွဲ့ယူခဲ့သူပါပဲ။ ထုံးစံအတိုင်း နောက်တော့ US ကိုသွား ပညာဆက်င်ပြီး Ph.D ယူခဲ့ပါတယ်။

Rangarajan Raghuram (VMWare CEO).. ထပ်ပြောစရာတောင် မလိုတော့ပါဘူး။ အိန္ဒိယ IIT က Engineering ဒီဂရီယူပြီး US မှာ MBA ဆက်တက်ခဲ့သူပါ။

အခုလို နည်းပညာလုပ်ငန်းကြီးတွေရဲ့ CEO တွေဟာ တိုက်တိုက်ဆိုင်ဆိုင် အန္ဒိယနွယ်ဖွားတွေ ဖြစ်နေကြတာ တစ်ကယ့်ကို စိတ်ဝင်စားစရာပါပဲ။ သူတို့ဟာ အိန္ဒိယမှာ မွေး၊ အိန္ဒိယမှာ ကြီးကြတယ် ဆိုပေမယ့် ဟိုးအောက်ခြေလူတန်းစားမှာ ကြီးပြင်းလာရသူတွေတော့ မဟုတ်ကြပါဘူး။ တစ်ချို့က အင်ဂျင်နီယာ၊ ဆရာမ စသည်ဖြင့် ပညာရှင် မိဘနဲ့အတူ ကြီးပြင်းလာကြသူတွေ ဖြစ်ပြီး တစ်ချို့ရဲ့ မိဘတွေက အစိုးရပိုင်း အရာရှိတွေပါ။ ဒါပေမယ့် သူတို့ထက် ငယ်ဘဝ ရေခံမြေခံ ပိုကောင်းတယ်လို့ ဆိုရမယ့်သူတွေကို ကျော်ဖြတ်ပြီး ခေါင်းဆောင် ဖြစ်လာကြတာတော့ ချီးကျူးစရာပါ။

ဒီစာကိုဖတ်ပြီး ဘယ်လိုကောက်ချက်ချမိလဲဆိုတာတော့ ကိုယ့်အပေါ်မှာ မူတည်ပါလိ့မ်မယ်။ တစ်ချို့ကလည်း အားကျဖို့ကောင်းလိုက်တာ၊ ကြိုးစားရင် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ တစ်ချို့ကလည်း.. သူတို့က ပညာရေးစနစ်ကောင်းပြီး မိဘအထောက်အပံ့ ကောင်းလို့သာ ဖြစ်လာတာလို့ ကောက်ချက်ချနိုင်ပါတယ်။ ဘယ်လိုပဲ ကောက်ချက်ချချ Progressive ဖြစ်ဖို့တော့ လိုအပ်ပါတယ်။ ကြိုးစားတိုင်း ဖြစ်ပါ့မလားဆိုတာ ငြင်းချင်စရာ ဖြစ်နေပေမယ့်၊ ဘာမှမလုပ်ဘဲနေရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်။ တစ်လှမ်းချင်း တစ်ထစ်ချင်း ရှေ့ကိုသွားနေဖို့တော့ လိုပါတယ်။

ကိုယ့်လက်ထက်မှာ ပံ့ပိုးမှုအားနည်းလို့ ဖြစ်သင့်သလောက် မဖြစ်မြောက်ခဲ့ရင်၊ ငါတို့က အဲ့ဒီလိုမှ မရတာဆိုပြီး ထိုင်ငြီးတွားနေမယ့်အစား ကိုယ့်မျိုးဆက်လက်ထက်မှာ ပံ့ပိုးမှုပေးနိုင်အောင် ကြိုးစားကြရပါလိမ့်မယ်။ ကိုယ်က UK ရဲ့ ဝန်ကြီးချုပ်သစ် Rishi Sunak တို့ Google CEO Sundar Pichai တို့လို မဖြစ်နိုင်ရင် Rishi Sunak ရဲ့ မိဘလို၊ Sundar Pichai ရဲ့မိဘလို ဖြစ်အောင် လုပ်ကြရမှာပဲ ဖြစ်ပါတယ်။ (Ei Maung)

The post ကမ္ဘာကြီးကို အုပ်စိုးထားတဲ့ အိန္ဒိယနွယ်ဖွားများနှင့် ရွှေမြန်မာတွေအတွက် အတွေးအမြင်သစ်တခု appeared first on White Sone.

Crd