ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရက်ပေါင်း ၄၀၀ နီးပါးကြာ ပိတ်ထားခဲ့ရသည့် သြစတြေးလျနှင့် နယူးဇီလန် နယ်စပ်ကို ဧပြီလ ၁၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကွာရန်တင်းဝင်ရန်မလိုသည့် ခရီးသွားအစီအစဉ်တစ်ခု လုပ်ဆောင်ခဲ့သဖြင့် နှစ်နိုင်ငံလုံးမှ ကွဲကွာနေသည့်မိသားစုများ ပြန်လည် ဆုံစည်းနိုင်ခဲ့သည်။သြစတြေးလျနှင့် နယူးဇီလန် နှစ်နိုင်ငံရှိ လေဆိပ်များတွင် ကွဲကွာနေသည့်မိသားစုများသည် ကာလကြာရှည်စောင့်ဆိုင်းခဲ့ရသည့် မိသားစု ပြန်လည်ဆုံစည်းမှုအတွက် ဝမ်းသာပီတိများဖြင့် တစ်ဦးနှင့်တစ်ဦး ဖက်ကာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

သြစတြေးလျနိုင်ငံရှိ မိသားစုထံ လာရောက် လည်ပတ်ရာမှ ကပ်ရောဂါကြောင့် နယူးဇီလန်နိုင်ငံထံ ပြန်မရခဲ့သည့် လော်ရိန်းဝရက် အမည်ရှိ နယူးဇီလန်နိုင်ငံသူတစ်ဦးကမူ ယခုကဲ့သို့ နယ်စပ်များပြန်ဖွင့်ပြီး ခရီးသွား ခွင့်ရခြင်းသည် ပျော်ရွှင်ဖွယ်ကောင်းကြောင်း ပြောကြားခဲ့သည်။နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်းကမူ ယခုကဲ့သို့ လေဆိပ်တွင် ကွဲကွာနေသည့် မိသားစုများပြန်လည်ဆုံတွေ့ကာ ပျော် ရွှင်နေသည့် မြင်ကွင်းသည် ရုပ်ရှင်ဇာတ်ကားများထဲမှ မြင်ကွင်းများနှင့်ပင်တူနေကြောင်း ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သလောက် ရှိနေပြီဖြစ်သည့် သြစတြေးလျနှင့် နယူးဇီလန်ကြား လပေါင်းများစွာကြာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ နယ်စပ်များ ပြန်ဖွင့်ကာ ခရီးသွားခွင့်ပေးခဲ့ခြင်းဖြစ်သည်။COVID-19 ကြောင့် ယိုယွင်းခဲ့ရသည့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားကဏ္ဍကို ပြန်လည် အသက်သွင်းရန်ပြင်ဆင်နေကြချိန်တွင် ယခု လုပ်ဆောင်ချက်ကို အများစုက ချီးကျုးခဲ့ကြသည်။ယခုအစီအစဉ်အရ သြစတြေးလျနှင့် နယူးဇီလန်ကြား ခရီးသွားလာမည့်သူများ သည် လေဆိပ်သို့ရောက်ရှိချိန်တွင် ကွာရန်တင်းဝင်ရန်မလိုဘဲ ပထမဆုံးအကြိမ်အဖြစ် သွားလာနိုင်မည်ဖြစ်သည်။
“ကပ်ရောဂါရဲ့ အန္တရာယ်ကနေ လုံခြုံမှုရှိသွားတဲ့ချိန်မှာ အပြည်ပြည်ဆိုင်ရာ လေကြောင်း ခရီးသွားလာမှုတွေ ပြန်လည် စတင် ပြီး ဒေသတွင်း အခုလိုခရီးသွားအစီအစဉ် မျိုးတွေပိုပြီးရှိလာဖို့ ကျွန်တော်တို့ မျှော်လင့် ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း အာရှ-ပစိဖိတ် ၏ ဒုတိယဥက္ကဌ ကွန်ရက် ကလစ်ဖို့ဒ်ကပြောကြားခဲ့သည်။ကပ်ရောဂါမဖြစ်ပွားမီအချိန်က သြစတြေးလျနိုင်ငံသည် နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးအပြည်ပြည်ဆိုင်ရာ ခရီးသွားကဏ္ဍအရင်းအမြစ်တစ်ခုဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ် အတွင်း သြစတြေးလျမှ နယူးဇီလန်သို့ ဝင် ရောက်သည့်ခရီးသွားအရေအတွက် ၁.၅ သန်းရှိကာ ယင်းသည် နယူးဇီလန်နိုင်ငံ၏ ခရီးသွားဝင်ရောက်မှုစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းရှိနေသည်။
ယခု နယ်စပ်များပြန်ဖွင့်သည့် ပထမဆုံးရက်တွင်မူ နယူးဇီလန်သို့ ပြန်လည်ဝင် ရောက်သည့် နယူးဇီလန်နိုင်ငံသားများက ပိုမိုများပြားနေပြီး သြစတြေးလျ ကျောင်းပိတ် ရက်ကာလများတွင် သြစတြေးလျမှ နယူးဇီလန်သို့ သွားရောက်လည်ပတ်မည့် ခရီးသွားများ ရှိလာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။သြစတြေးလျသည် ယခင်က စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်တို့နှင့်လည်း ယခုကဲ့သို့ ခရီးသွားအစီအစဉ်များပြုလုပ်ရန် စီစဉ်ခဲ့ပြီး နယူးဇီလန်နိုင်ငံသည်လည်း ပစိဖိတ်ကျွန်းနိုင်ငံငယ်များဖြစ်သည့် ကွတ်ကျွန်း နှင့် တူဗာလူကျွန်းနိုင်ငံများနှင့် အကန့်အသတ်မရှိ ခရီးသွားခွင့်ရရန် လုပ်ဆောင်နေ သည်။သို့သော်လည်း ယင်းနိုင်ငံများမှ ခေါင်းဆောင်များသည် ကပ်ရောဂါအခြေအနေအရ နယ်စပ်အပြောင်းအလဲများလုပ်ဆောင်မှုသည် နှေးကွေးဖွယ်ရှိနိုင်ကြောင်း သတိပေးခဲ့သည်။
credit – news-eleven