ကထိန် “ခင်း” တာထက် ကထိန် “ရုတ်သိမ်း” တာက ပိုပြီး မွန်မြတ်တယ်ဆိုတဲ့ ကထိန်ပွဲ

ကထိန် “ခင်း” တာထက် ကထိန် “ရုတ်သိမ်း” တာက ပိုပြီး မွန်မြတ်တယ်ဆိုတဲ့ ကထိန်ပွဲ

ပိုပြီးမွန်မြတ်တဲ့ ကထိန်ပွဲ..

ကထိန်ကို “ခင်း” သလောက်အထိပဲ ပြောကြတဲ့အတွက် “ရုပ်သိမ်း” တာတွေရော, ကထိန်မပေါ်ခင် သင်္ကန်းထုံးစံတွေအထိရော နည်းနည်း လိုက်ကြည့်, လိုက်ပြောကြည့်ချင်တယ်။ အနည်းဆုံး “ကထိန်ခင်းတာက သိပ်မြတ်တယ်” ဆိုရင် “ကထိန်နုတ်တာ, ကထိန်ရုပ်သိမ်းတာကရော အကုသိုလ်ဖြစ်သလား? ကထိန် မရုပ်သိမ်းကောင်းဘူးလား?” ဆိုတဲ့ ပြဿနာတွေအထိပေါ့။

(က) ကထိန်အကြောင်းကို မပြောခင် သင်္ကန်းချုပ်ပွဲအကြောင်းကို ပြောရမယ်။ ဟိုအရင် စက်မှုနည်းပညာ မထွန်းကားသေးခင်တုန်းက သင်္ကန်းကို စုံလိုက် ရတာမျိုး မရှိဘူး။ ရက်ကန်းသည် အပ်ချုပ်သည်တွေဆီက တဆင့်, ပိတ်စအသစ်တွေ ရမယ်။ လမ်းပေါ်မှာ ကောက်ရတဲ့ အဝတ်စ အဝတ်ဟောင်းလေးတွေ ရမယ်။ အဲဒါတွေကို ချုပ်စပ်ပြီး ဝတ်ကြတယ်။ သာသနာတော်ရဲ့ အစအဦးတုန်းက သင်္ကန်းကို အဆင်ပြေသလို ချုပ်ခဲ့ကြတယ်။

တစ်ခါသား မြတ်စွာဘုရားဟာ ရာဇဂြိုဟ်ပြည်ရဲ့ တောင်ဘက် ဒက္ခိဏာဂိရိဇနပုဒ်ဘက်ကို အသွား, လယ်ကွင်းတွေဘေးမှာ ရပ်ပြီး လယ်ကွက် တည်ဆောက်ပုံစနစ်တွေကို ပြတယ်။ “အာနန္ဒာ ဒီလယ်ကွင်းတွေရဲ့ ပုံသဏ္ဌာန်ကို နည်းယူပြီး တစ်သာသနာလုံးအတွက် သင်္ကန်းပုံစံ ဒီဇိုင်းဆွဲနိုင်ရဲ့လား” မေး။ အရှင်အာနန္ဒာက ဒီဇိုင်းတစ်ခု ဆွဲတယ်။

– ကုသိ – အလျားအနားပတ်, အနံအနားပတ် အရှည် – အဍ္ဎကုသိ – အလျားအနားပတ်, အနံအနားပတ် အတို – မဏ္ဍလ – အိမ်ဝန်းကြီး – အဍ္ဎမဏ္ဍလ – အိမ်ဝန်းငယ် – ဝိဝဋ္ဋ – ခေါင်ခန်း – အနုဝိဝဋ္ဋ – ခေါင်ရံခန်း – ဂီဝေယျက – လည်ပင်းဖုံးအလွှာ – ဇင်္ဃေယျက- ခြေသလုံးဖုံးအလွှာ – ဗာဟန္တ – ခေါင်ရံ နှစ်ခန်းရဲ့ အပြင်ဘက်အစွန် အခန်း။

အဲဒီအစိတ်အပိုင်း (၉) မျိုးနဲ့ ဒီဇိုင်းဆွဲပြီး ဘုရားရှင်ထံ တင်ပြလိုက်တဲ့အခါ “အာနန္ဒာ ပညာကြီးလိုက်တာ၊ အာနန္ဒာ ပညာကြီးလိုက်တာ” လို့ ချီးကျူးထောမနာ ပြုတော်မူတယ်။ အဲဒီကာလရဲ့ နောက်ပိုင်းသင်္ကန်းတွေဟာ အရှင်အာနန္ဒာရဲ့ ပုံစံကွက်အတိုင်းပဲ ချုပ်လုပ်ကြတဲ့ ထုံးစံ ဖြစ်လာတယ်။ ရက်ကန်းစင်က အထည်ရှည်အသစ်ကို ရလာရင်တောင် ဖြတ်တောက်ပြီး ဒီသင်္ကန်းပုံစံကွက်အတိုင်း ချုပ်လုပ်ကြပါတယ်။ (ဝိနည်း, မဟာဝါ, စီဝရက္ခန္ဓက, ဆိန္နကစီဝရာနုဇာနနခန်း။)

(ခ) တစ်သာသနာလုံးအတွက် သက်ရောက်တဲ့ သင်္ကန်းဒီဇိုင်းရပြီဆိုတော့ အဲဒီအတိုင်းပဲ ချုပ်ကြတဲ့အခါ အစတုန်းက သင်္ကန်းဒီဇိုင်းပေါ်အောင် ငုတ်သေးသေးလေးတွေ မြေမှာ စိုက်, အကွက်ဖော်ပြီး သင်္ကန်းစတွေ ဖြန့်ခင်း ချုပ်ကြတယ်။ အရည်အသွေးကောင်း မရဘူး။ အနားစတွေ မညီညာဘူး။ ဒါနဲ့ “ကထိန” လို့ ခေါ်တဲ့ သင်္ကန်းပုံစံ သစ်သားစင် ကားဘောင်ကို အကြံပြုတယ်။

(၁) ကထိန – ကထိန်လို့ ခေါ်တဲ့ သစ်သားဘောင်, ကားဘောင် (၂) ကထိနရဇ္ဇု-လို့ ခေါ်တဲ့ အဝတ်စတွေကို ဘောင်နဲ့ တွဲပြီး တုပ်နှောင်တဲ့ ကြိုး-ဆိုပြီး ခွင့်ပြုတော်မူတယ်။ ကထိန – ကထိန်ဆိုတာ သင်္ကန်းပုံစံကွက် ရိုက်ထားတဲ့ သစ်သားဘောင်တစ်ခုပဲ။ အရှင်အာနန္ဒာရဲ့ ပုံစံအတိုင်း သင်္ကန်းမချုပ်တတ်တဲ့ ရဟန်းတွေဟာ ကထိနကို အားကိုးပြီး သင်္ကန်းပုံစံ ပေါ်အောင် ချုပ်ကြရတယ်။ ကထိနကို မြေကြီးပေါ်မှာ ဖြန့်ခင်းကြတဲ့အခါ ဖုန်တွေ ပေလို့ မြက်အခင်း ခံပြီးမှ ကထိနကို ချခင်းရကြောင်း။

အမ, အရွှေ့, အထောင်, အလှဲတွေမှာ ကထိနရဲ့ ဘေးအစွန်တွေ နာကြတဲ့အတွက် ခပ်တောင့်တောင့်ဖြစ်သွားအောင် ဘောင်နှစ်ထပ် လုပ်ဖို့ လိုကြောင်း။ တချို့ သင်္ကန်းစလေးတွေက သေးလွန်းလို့ ကားဘောင်ကွက်နဲ့ ကွက်တိမကျနိုင်တဲ့အခါ အောက်ကို ပြုတ်ကျမသွားအောင် ဒုတ်တန်းကလေးတွေ ခံထားဖို့- စသည် စသည်တွေကိုလည်း ခွင့်ပြုသေးတယ်။ ဒါက ကထိန-လို့ခေါ်တဲ့ သင်္ကန်းပုံစံကွက် ကားဘောင်ပစ္စည်းရဲ့ အကြောင်း။ (ဝိနည်း, စူဠဝါပါဠိတော်, ခုဒ္ဒကဝတ္ထုက္ခန္ဓက, သေးငယ်ပရိက္ခရာ ပစ္စည်းများအခန်း။)

(ဂ) ဗုဒ္ဓခေတ်မှာ သင်္ကန်းလှူပွဲဆိုတာ အပြင် သင်္ကန်းချုပ်ပွဲဆိုတာတစ်ခုပါ တိုးလာတယ်။ သင်္ကန်းချုပ်ပွဲတာ ကျောင်းတစ်ကျောင်းက ရဟန်းတွေဟာ ဒကာ, ဒကာတွေ လှူကြလို့ ဖြစ်စေ, ပံသုကူကောက်လို့ ဖြစ်စေ, သင်္ကန်းစတွေ များလာပြီဆိုရင် သင်္ကန်းချုပ်ပွဲ ကျင်းပကြတယ်။ ရပ်နီး, ရပ်ဝေး လိုအပ်သလောက် သံဃာတွေကို ပင့်တယ်။ ရဟန်းတွေက အပ်ကိုယ်စီနဲ့ လာကြတယ်။ ကထိနကို ချခင်းတယ်။ သင်္ကန်းစတွေကို ပုံတယ်။ ဝိုင်းပြီး ချုပ်ကြတော့တာပဲ။

ဒီလိုအချိန်မျိုးမှာ လူတွေက “ဆွမ်းလိုအပ်ရင် မိန့်ပါဘုရား” လို့ ဖိတ်မန် ကမ်းလှမ်းကြတယ်။ အဲဒီတုန်းက ရှင်ဒေဝဒတ်ကြီးရဲ့ ဆွမ်းတောင်းရမ်းမှုကြောင့် “ဂဏဘောဇန” သိက္ခာပုဒ်ကို ပညတ်ပြီး “ဆွမ်းမတောင်းရ” လို့ ကန့်သတ်ထားတယ်။ ဆွမ်းဒကာ ဖိတ်ပေမယ့် သိက္ခာပုဒ်နဲ့ ငြိနေလို့ ပြောရခက်နေတဲ့အတွက် မြတ်စွာဘုရားကို လျှောက်ထားကြ။ “သင်္ကန်းချုပ်ချိန်မှာ ဖိတ်မန်တဲ့ ဆွမ်းဒကာကို ဆွမ်းလိုအပ်ကြောင်း ပြောကြားနိုင်ပါတယ်”

ဂဏဘောဇနသိက္ခာပုဒ်ရဲ့ ဖြေလျှော့ချက် အနုပညတ်ထဲမှာ “စီဝရကာရသမယ”ဆိုပြီး ပါလာတယ်။ သင်္ကန်းချုပ်ချိန် ဖိတ်မန်ဆွမ်းကို နှုတ်မှ ထုတ်ပြော အလှူခံနိုင်ကြောင်း ဝိနည်းစည်းကမ်းတစ်ခု တိုးတယ်။ ဆိုရင်… သင်္ကန်းချုပ်ပွဲမှာ ရဟန်းအများ စုဝေး, ချုပ်လုပ်ပြီး အရှင်အာနန္ဒာပုံစံကွက် သင်္ကန်းတွေကို ရခဲ့ကြပါလိမ့်မယ်။ ဒါက သင်္ကန်းချုပ်ပွဲ။ (ဝိနည်း, ပါစိတ်ပါဠိတော်, ဂဏဘောဇနသိက္ခာပုဒ်အဖွင့်)

(ဃ) တစ်ခါသား ပါဝါပြည်သား ရဟန်းသုံးဆယ်တို့ဟာ သာဝတ္ထိပြည်မှာ ဘုရားဖူးဖို့ ခရီးဝေး လာကြတယ်။ တောနေ, ပိဏ္ဍပတ်, ပံသုကူ, သင်္ကန်းသုံးထည်ဆောင် ရဟန်းတွေချည်းပဲ။ သာဝတ္ထိကို မရောက်ခင် သာကေတမြို့မှာပဲ ဝါဆိုရက် ရောက်သွားတယ်။ ဝါတွင်းသုံးလလုံးလုံး သာဝတ္ထိ ရွှေပြည်တော်ကို မျှော်ရင်း ဆန့်တငင့်ငင့် နေခဲ့ကြရ။ ဝါကျွတ်သွားတော့ ပဝါရဏာပြု၊ ချက်ချင်း သာဝတ္ထိကို ခရီးဆက်။ မိုးတစက်စက်ကြားမှာ ရွှံဗွက်တွေကို ရုန်းပြီး သွားကြရတယ်။

သာဝတ္ထိကို ရောက်။ ပေလို့ လူးလို့။ မြတ်စွာဘုရားနဲ့ စကားစမြည်ပြော။ သူတို့ရဲ့ ဆန့်တငင်ငင်နဲ့ သာကေတမှာ ဝါဆိုခဲ့ရပုံအကြောင်း, ဝါကျွတ်ကျွတ်ချင်း ရွှံ့အပေပေ မိုးအရွှဲရွှဲနဲ့ ခရီးဆက်ခဲ့ကြရကြောင်း။ မြတ်စွာဘုရားက ပါဝါပြည်သား ရဟန်းတို့အတွက် တစ်သာသနာလုံး သက်ရောက်မယ့် “ကထိန်” ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတစ်ခုကို လက်ဆောင်ပေးတော်မူခဲ့ပါတယ်။ ဝါကျွတ်တဲ့ ရဟန်းတွေဟာ သင်္ကန်း လိုအပ်ရင် သင်္ကန်းတစ်ထည်ကို မ,တည်ပြီး “ကထိန်ခင်းပွဲ” လုပ်ဖို့။ ကထိန်လို့ ခေါ်တဲ့ သင်္ကန်းချုပ် ကားဘောင်ကို ခင်းမယ်။ ကမ္မဝါစာ ကတိကဝတ်ကို သာဓုခေါ်ထားတဲ့ ရဟန်းအားလုံး သင်္ကန်းမစုံမချင်း ဒီကထိန်ကို မရုတ်သိမ်းဘူး။

ဒကာ, ဒကာမ လှူ၍သော်လည်းကောင်း, ပံသုကူ ကောက်၍သော်လည်းကောင်း, ဆွေတွေမျိုးတွေဆီကို အလှူခံ၍သော်လည်းကောင်း အထည်စတွေ ရရလာပြီဆိုရင် ကားဘောင်နားကို လာချပြီး ဝိုင်းချုပ်ကြမယ်။ ရဟန်းအပါးစေ့အတွက် သင်္ကန်းချုပ်ပြီးပြီဆိုရင် သင်္ကန်းသစ် ရှာဖွေမှု အောင်မြင်တဲ့အတွက် ကထိန်ကားဘောင်ကို ပြန်ရုပ်သိမ်းလိုက်ကြတယ်။ ဒါက ကထိန်ယဉ်ကျေးမှု။ (ဝိနည်းပိဋက, မဟာဝါပါဠိတော်, ကထိနက္ခန္ဓက။)

(င) ကထိန်အကြောင်းကို ဝိနည်းပိဋက, ကထိနက္ခန္ဓကမှာ အကျယ်တဝံ့လာတယ်ဆိုပေသိ ကထိန်ခင်းခြင်းရဲ့ အကြောင်းက (၃) မျက်နှာပဲ ပါပြီး (၂၄) မျက်နှာက ကထိန်ရုပ်သိမ်းခြင်းဆိုင်ရာ အကြောင်းတွေချည်းပဲ။ “ကထိန်ခင်းတာက အလွန်မြတ်တယ်”ဆိုရင် “ကထိန်ရုပ်သိမ်းတာက မမြတ်ဘူးလား?” မေးစရာဖြစ်ပါမယ်။ ကထိန်ရုပ်သိမ်းတယ်ဆိုတာကလည်း မွန်မြတ်မှု တစ်ရပ်ပါပဲ။ ဥပမာ-ဆိုပါစို့။ “မြတ်စွာဘုရားကို ဆွမ်းလှူရင် အကျိုးကြီးတယ်”ဆိုပြီး ညနေစာ ဆွမ်းလှူဒါန်းချင်ရင် မြတ်စွာဘုရားက လက်ခံပါ့မလား? ငြင်းပယ်တာကို မြတ်စွာဘုရားရဲ့ ရက်စက်မှုလို့ မဆိုရပါဘူး။ ရောင့်ရဲမှု, မွန်မြတ်မှုလို့သာ ဆိုရတယ်။ “ကဲ မနက်ခင်း လှူကြစို့ဟေ့”ဆိုပြီး မြတ်စွာဘုရားကို ဆွမ်းလှူကြမယ်။ မြတ်စွာဘုရားက တော်သင့်ရုံ ဘုန်းပေးပြီး “ပြည့်စုံပါပြီ”လို့ မိန့်။ ဆွမ်းဒကာ (၁၀၀) ရှိတဲ့အနက် တစ်ဦးရဲ့ ဆွမ်းကိုပဲ အလှူခံပြီး (၉၉) ဦးရဲ့ ဆွမ်းကို ငြင်းပယ်လိုက်တယ်ဆိုရင် “မြတ်စွာဘုရားက ရက်စက်တာပါလား?” မဟုတ်ပါ။ ရောင့်ရဲမှုဂုဏ်ကို ထိန်းခြင်းမျှသာ ဖြစ်ပါတယ်။

ထိုနည်းလည်းကောင်းပါပဲ။ သင်္ကန်းသစ် ရှာဖွေပွဲအတွက် ရည်ရွယ်ပြီး ကထိန်ခင်းပွဲ ကျင်းပလိုက်ကြတယ်။ လွန်ရော ကျွံရော (၁) လစီမံကိန်းနဲ့ ကထိန်ခင်းလိုက်ကြတယ်။ (၅) ရက်ထဲနဲ့ လိုအပ်တဲ့ သင်္ကန်းပမာဏကို ရရှိသွားတယ်ဆိုပါစို့။ ဆက်ရှာမှလား? ရုပ်သိမ်းမှာလား? ဆက်ပြီး ရှာမယ်ဆိုရင် သန္တုဋ္ဌိ-လို့ ခေါ်တဲ့ ရောင့်ရဲခြင်းဂုဏ်ကို ထိခိုက်ပါမယ်။ သင်္ကန်းဘောစိဖြစ်ပြီး ရဟန်းတရား ဆင်းရဲသွားပါမယ်။

သန္တုဋ္ဌိဂုဏ်ကို ထိန်းသိမ်းတဲ့အနေနဲ့ သင်္ကန်းလုံလောက်ချိန်မှာ “ငြင်းပယ်” လိုက်တာ။ ကထိန်ကို ရုတ်သိမ်းလိုက်တာဟာ အလွန် ချစ်စရာကောင်းပြီး မွန်မြတ်တယ်လို့လည်း ခံစားရပါတယ်။ ကထိန်ခင်းတာဟာ မြတ်ပါတယ်။ ကထိန်ရုပ်သိမ်းတာကလည်း အလွန်မွန်မြတ်ပါတယ်။ ကြည်နူးစရာလည်း ဖြစ်။

(စ) ကနေ့ခတ်မှာ ကထိန်အသံချဲ့စက်ပွဲတွေ ကျင်းပကြတယ်။ “ကထိန်သင်္ကန်းဟာ အလွန်မြတ်တယ်” လို့လည်း ချီးကျူးကြတယ်။ ချီးကျူးပြီးရင် ကိုယ့်မှာ လုံလောက်ပြီလား? ပိုလျှံသွားသလား? အကဲခတ်ရပါလိမ့်မယ်။ သန္တုဋ္ဌိဂုဏ် – ရောင့်ရဲခြင်းဂုဏ်ကို ထိခိုက်လောက်အောင် ပိုလျှံ ချမ်းသာ ကြွယ်ဝ ဘောစိဘန္ဒန္တ ဖြစ်သွားတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ? “ငြင်းပယ်ရပါမယ်” “ငြင်းရင် စိတ်မကောင်းဖြစ်သွားမှာပေါ့” ပြော။ – ဒကာ, ဒကာမတွေကို ချီးမြှောက်ဖို့ ညဆွမ်း လက်ခံမှာလား? – နံနက်ခင်း ဆွမ်း အနပ် (၁၀၀) ဘုန်းပေးမှာလား? လို့ မေးစရာ ရှိပါတယ်။

(ဆ) တချို့က ရဟန်းဟာ ကထိန်ကို မဖြစ်မနေ ခင်းရမယ်လို့ ထင်ကြတယ်။ အဲဒီလိုလည်း ဟုတ်မထင်ပါ။ လူတွေကို ဘာသာတရားနဲ့ နီးအောင် ဓလေ့ပွဲတွေ ဖန်တီးပေးရုံလောက်ပဲ ထင်ပါတယ်။ သင်္ကန်းလိုအပ်ချက်အရ ကထိန်ကို ခွင့်ပြုတယ်။ သင်္ကန်းပိုလျှံနေပြီဆိုရင် ကထိန်က ဘာလုပ်ဖို့တုန်း?

ကထိန်ခင်းတာက “Need” လိုအပ်ချက်အတွက် မွန်မြတ်တယ်။ ကထိန်ရုပ်သိမ်းတာဟာ “Want” လိုချင်မှုတွေကို တားမြစ်ပြီး သန္တုဋ္ဌိဂုဏ်ကို ထိန်းသိမ်းရာ ရောက်လို့ မွန်မြတ်ပါတယ်။ ဒီနှစ်ခုထဲမှာ ခေတ်ကာလအရ ပိုပြီး မွန်မြတ်, ပိုပြီး ချစ်စရာ ကောင်းတယ်ထင်တာက “ကထိန်ရုတ်သိမ်းခြင်း” ပြည့်စုံပါပြီလို့ ငြင်းဆန်ခြင်း ရောင့်ရဲခြင်း ဆွမ်း (၁) နပ်ကို ဘုန်းပေးပြီး (၉၉) နပ်စာ ပိုလျှံနေရင် လိုအပ်သောနေရာသို့ လှူဖို့ ညွှန်ပြခြင်း။ လူတို့သဒ္ဓါတရားကို လိုအပ်ရာသို့ လမ်းမှန်ပို့ခြင်း.. ဒီတရားတွေပဲ ဖြစ်ပါလိမ့်မယ်..

ကထိန်ရဲ့ အနှစ်သာရများ ထွန်းကားကြပါစေ.. ဓလေ့ကို လိုအပ်သည်ထက် မလွန်အောင် ထိန်းနိုင်ကြပါစေ.. (Uvi Mala)



Post Views:
4

Crd