ကထိန်ရာသီမှာ ကထိန်ခင်းကြမယ်ဆိုရင် “ငါးစိမ်းသည် ကထိန်” မဖြစ်ကြစေဖို့

ကထိန်ရာသီမှာ ကထိန်ခင်းကြမယ်ဆိုရင် “ငါးစိမ်းသည် ကထိန်” မဖြစ်ကြစေဖို့

ကထိန်ရာသီမှာ ကထိန်ခင်းကြမယ်ဆိုရင် “ငါးစိမ်းသည် ကထိန်” မဖြစ်ကြစေဖို့..

ကထိန်ရာသီမှာ လော်စပီကာကြီးတွေ စောင်းဘောက်ကြီးတွေ ပြိုင်တူဖွင့်ပြီး လူတွေနားမခံသာအောင် သီချင်းတွေဖွင့် သီချင်းတွေဆိုကြတော့မှာကို တွေးမိပြီး ကြိုကြောက်နေမိတယ်။ ကုသိုလ်ယူတာ တခြားသူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတာမို့ သီချင်းတွေ အကျယ်ကြီးဖွင့်ပြီး ကထိန်လှည့်တာဟာ ဘုရားရှင်အလိုကျမဟုတ်ဘူး ဆိုတာ သေချာပါတယ်။

ဗုဒ္ဓ ဘာသာအတွက် နည်းနည်းလေးလွဲတာနဲ့ ရတနာသုံးပါးကို ပုံရိပ်ကျအောင် ဖျက်စီးမဲ့ စတုတ္တမဏ္ဍိုင်ကြီးတွေကလည်း အသင့်စောင့်ကြိုနေကြတာမို့ အထူးသတိထားကြဖို့ လိုအပ်ပါတယ်။

ဘုရားရှင်ဟာ တိတ်ဆိတ်ခြင်းကို အလွန်အလို ရှိတော်မူပါတယ်၊ အရှင်သာရိပုတြာဟာ ဝါကျွတ်လို့ ဘုရားရှင်ဆီ တပည့်တွေနဲ့အတူ လာပြီဖူးမြှော်တဲ့အခါ တပည့်တွေက အလိုက်မသိဆူညံနေလို့ သာရိပုတြာ အရှင်ဘုရားတပည့်တွေကလည်း ငါးစိမ်းသည်တွေလိုဆူညံနေတာပဲ ငါဘုရားရှင် အဖူးမြင်မခံဘူးဆိုပြီး နှင်ထုတ်ခဲ့ဘူးလို့ တခြားနေရာသွားပြီး တပည့်တွေကို ဆုံးမတယ်၊ ပြီးတော့မှ ပြန်လာဘူးတယ်၊ တိတ်တိတ်ဆိတ်ဆိတ်လာတော့မှ ဘုရားရှင်ဟာ အဖူးမြင်ခံပါတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် ဘုရားရှင်ဟာ တိတ်ဆိတ်ခြင်းကို အလွန်အလိုရှိတော်မူတယ်ဆိုတာ ထင်ရှားလှပါတယ်။

ဗုဒ္ဓ ဘာသာဝင်တွေအတွက် ကထိန်ခင်းခြင်းဟာ ရဟန်း​များအတွက် အင်မတန်အကျိုးကျေးဇူးကြီးမားလှတာမို့ အင်မတန်မှ ကုသိုလ်ကြီးပါတယ်၊ ဒါပေမဲ့ ဗုဒ္ဓ ဘာသာဝင်အများစုဟာ ကထိန်လှည့်တော့မယ်ဆိုရင် ကားတွေ နဲ့ လော်စပီကာကြီးတွေတင်ပြီး အော်ဟစ်ဆူညံစွာ ဘုန်းကြီးကျောင်းကို သွားလေ့ရှိတာ အစဥ်အလာလိုဖြစ်နေပြီ၊ တချို့ဆိုရင် သောက်စားမူးယစ်မှုတွေတောင်ပါသေးတယ်၊ အင်မတန်မှ မဖြစ်သင့်တဲ့ကိစ္စပါပဲ။

ဗုဒ္ဓ ဘာသာမျိုးဆက်သစ်တွေရဲ့ ရင်ထဲကို ဘာသာရေးအသိတွေ မှန်မှန်ကန်ကန် စည်းရုံးသိမ်းသွင်းရမှာမို့ သူတို့ရင်ထဲမှာ ကထိန်လှည့်တာ ကုသိုလ်ရေးထက် အပျော်အပါးကို ဦးစားပေးသွားမယ်ဆိုရင် ဘာသာ သာသနာပုံရိပ်ထိခိုက်လှသလို ကုသိုလ်လုပ်ရင်းနဲ့ အကုသိုလ်လည်း အနည်းနည်းအများတော့ ရစေမှာပါ။

ဒါ့ကြောင့် ကျွန်တော်တို့ ဘာသာသာသနာအမွေ မျိုးဆက်သစ်တွေ ရင်ထဲကို မှန်မှန်ကန်ကန် ထည့်ပေးရမှာမို့ လူအများစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဆူညံစွာလှည့်လည်ကထိန်ခင်းခြင်းကို မဖြစ်အောင်စောင့်ထိမ်းကြပြီး လမ်းမှန်ကန်းမှန် ဘာသာသာသနာအမွေပေးဖို့ ကြိုးစားကြရအောင်ပါနော်။

ဘုရားရှင်အလိုကျ တိတ်တိတ်ဆိတ်ဆိတ် ကထိန်ခင်းမယ်ဆိုရင် ပြစ်မှားသူတွေလည်း မပြစ်မှာတော့ဘူး စော်ကားမဲ့သူတွေလည်း စော်ကားစရာ အကြောင်းမရှိတော့ဘူး။ အဲဒီလိုပြုမူတာကိုက သာသနာကို စောင့်ရှောက်ခြင်း သာသနာကို ကာကွယ်ခြင်းလည်း ပြောလို့ရပါတယ်။ ဘုရားရှင်ဟောကြားထားခဲ့တဲ့ ကုသိုလ်ရေးမှန်သမျှဟာ တပါးသူကို စိတ်ချမ်းမြေ့စေပြီး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မယ်ဆိုရင်တောင် သာဓုခေါ်သူတွေအတွက် မြောက်များစွာသော ကုသိုလ်ရေးတွေကို လက်ဆင့်ကမ်း ရ ရှိစေတယ်ဆိုတာ ဗုဒ္ဓ ဘာသာဝင်တိုင်းသိမှာပါ။

မိမိရဲ့ကုသိုလ်အမှုကြောင့် တပါးသူစိတ်အနှောင့်အယှက်ဖြစ်စေရင် ဘုရားရှင်အလိုကျမဟုတ်ဘူးလို့ မှတ်လိုက်ပါ။ ဒါ့ကြောင့် မိမိတို့ခင်းတဲ့ ကထိန်ဟာ ဘုရားရှင်အလိုမကျတဲ့ ငါးစိမ်းသည် ကထိန် မဖြစ်ကြစေပဲ မျိုးဆက်သစ်တွေအတွက် လမ်းမှန်ကန်းမှန်လက်ဆင့်ကမ်းအမွေ ပေးကြပါလို့ အထူးတိုက်တွန်းနိုးဆော်ပါရစေ။ (ဦးမြင့်ခိုင်)

The post ကထိန်ရာသီမှာ ကထိန်ခင်းကြမယ်ဆိုရင် “ငါးစိမ်းသည် ကထိန်” မဖြစ်ကြစေဖို့ appeared first on White Sone.

Crd